ပြန်ကြားရေး ဝန်ကြီး၊ သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း


မေး။  ။ ဝန်ကြီးအနေနဲ့ လွတ်လပ်တဲ့မီဒီယာ၊ ပြီးတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ပါသလဲ ခင်ဗျာ။
အဖြေ။  ။ လွတ်လပ်စွာပြောဆိုခွင့်ပေါ့နော် ဆိုတာက သူများရဲ့အခွင့်အရေးကို၊ သူများရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲနဲ့ ပြဿနာတွေ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တာမျိုးကို ကျွန်တော်ကတော့ လွတ်လပ်စွာ ပြောဆိုခွင့်လို့ ထင်တယ်။ ဘာလို့ဆိုတော့ အဆိုအမိန့်လည်းရှိတာကိုး၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်က ဘယ်အချိန်မှာဆုံးမလဲဆိုရင် သူများလွတ်လပ်ခွင့်ကိုသွားပြီးတော့ ထိပါးစေတာမှာ ဆုံးတယ်လေ။ ဒါကြောင့်မို့ သူများရဲ့လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲနဲ့ အကြောင်းအရာကိစ္စမှန်သမျှကိုလွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခြင်းသည် မှန်ကန်တဲ့ လွတ်လပ်စွာပြောဆိုခွင့်လို့ ထင်တယ်။
မေး။  ။ အခုမြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ မီဒီယာလွတ်လပ်ခွင့်ကို ဖွင့်ပေးလာတယ် လုပ်လာတဲ့အခါမှာစိန်ခေါ်မှုတွေ ရှိတယ်ပေါ့ခင်ဗျ။ အခုဖြစ်နေတဲ့ဟာတွေထဲမှာ ဘယ်ဟာတွေက အဓိကစိန်ခေါ်မှုတွေ ဖြစ်တာလဲ၊ ဘယ်အချက်တွေက ဒီမီဒီယာလွတ်လပ်ခွင့် နဲ့ ပတ်သတ်ပြီးတော့ စိန်ခေါ်မှုတွေ ဖြစ်နေတာလဲ။
အဖြေ။  ။ ပထမဆုံး ကျွန်တော်တို့ အစိုးရဘက်အနေနဲ့ပြောမယ်ပေါ့နော်။ အစိုးရဘက်က အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင်က တွေ့ကြုံရတဲ့ အဓိကအခက်အခဲကတော့ မီဒီယာရဲ့သဘောသဘာဝ သတင်းထောက်တစ်ယောက်ရဲ့ လုပ်ငန်းသဘောသဘာဝကို နားမလည်သေးတဲ့လူတွေ ရှိတာ ဒါစိန်ခေါ်မှုတစ်ခုပေါ့။
နောက်စာနယ်ဇင်းသမားတွေဘက်က ပြောမယ်ဆိုရင်တော့ (၁)ကတော့ အတတ်ပညာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းမှု။ ဒုတိယတစ်ချက်ကတော့ နဂိုကရှိနေတဲ့ ကြိုတင်ဆုံးဖြတ်ထားတဲ့ အစွဲတွေပေါ့။ အဲ့ဒီ့အစွဲတွေက မီဒီယာတွေရဲ့ ဘက်မလိုက်မှုကို သွားရောက်ထိခိုက်စေတဲ့ အချက် အဲ့နှစ်ခုက မီဒီယာတွေဘက်က စိန်ခေါ်မှုပေါ့။ နောက်ပြည်သူတွေအနေနဲ့ စာဖတ်ပရိသတ်အနေနဲ့ ပြောမယ်ဆိုရင်တော့ Media Literacy နဲ့ပတ်သက်လို့ ခွဲခြားစိတ်ဖြာ နားလည်နိုင်မှုပိုင်းမှာ အားနည်းတာပေါ့။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ တွေ့သမျှတွေအားလုံးကို အလွယ်တကူယုံကြည်ပြီးတော့ ဆက်ပြီးဖြန့်ဝေနေတာမျိုးတွေပေါ့။ ဒါကတော့ ကျွန်တော်တို့ ပြည်သူတွေဘက်က တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုပေါ့။
မေး။  ။ အဲ့တော့ အစိုးရအနေနဲ့ ဒီမီဒီယာလွတ်လပ်ခွင့်ဟာ အရမ်းပေးလိုက်လို့မရဘူး။ ငါတို့နိုင်ငံကအခုမှစပြီး ပြောင်းတယ်ဆိုတဲ့ အယူအဆမဟုတ်ဘူးလားခင်ဗျ။
အဖြေ။  ။ ကျွန်တော်တို့ကအရမ်းပေးလို့မရဘူးဆိုတဲ့ အယူအဆတော့ မဟုတ်ဘူး။ သို့သော် မီဒီယာလွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါမှာ လူတိုင်းလူတိုင်းက သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ အားလုံးကို လိုက်နာနိုင်အောင် အားပေးရမယ်ဆိုတဲ့ လုပ်ပေးရမယ်ဆိုတဲ့ ခံယူချက်တော့ရှိတယ်။ ပေးလိုက်ရင် များသွားမယ်ဆိုတဲ့ စိတ်တော့မရှိဘူး။
မေး။  ။ သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးတော့ ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲမှု အစပိုင်းကာလမှာတော့ ဒါမျိုးမတွေ့ရဘူးပေါ့နော်။ အထူးသဖြင့် နောက်ပိုင်းကာလတွေမှာ ပြီးခဲ့တဲ့နှစ်နှစ်တာကာလတွေအတွင်းမှာ သတင်းသမားတွေရေးလို့ တရားစွဲခံရတာတွေ အစိုးရဘက်ကတရားစွဲတာတွေလည်း ရှိသလို၊ အချင်းချင်းမှာလည်း တရားစွဲတာတွေ၊ ပြီးတော့အစိုးရမဟုတ်တဲ့ သူတွေကလည်း တရားစွဲတာတွေ၊ အဲ့လိုမျိုးတရားရုံးအမှုတွေ ဖြစ်လာတယ်။ အခုနောက်ပိုင်းဆိုရင် ထောင်ချတာတွေတောင် ရှိလာတယ်ဆိုတော့ အဲ့ဒီ့ဟာက ခုနကမီဒီယာလွတ်လပ်ခွင့်ကို လုပ်တယ်လည်းပြောတယ်။ ဆိုတော့ အဲ့ဒီ့နှစ်ခုက ဆန့်ကျင်မှုမဖြစ်နေဘူးလား။ ဘာကြောင့်မို့လို့လဲ။ ဥပဒေတွေကြောင့်လား။ လက်ရှိရှိနေတဲ့ ဥပဒေကြောင့်ဖြစ်တာလား။ ဘာဖြစ်လို့ သတင်းရေးလို့ ထောင်ချရတယ်ဆိုတာ ဖြစ်ရတာလဲ။
အဖြေ။  ။ သိသလောက်ကတော့ ကျွန်တော်တို့ တည်ဆဲဥပဒေတွေမှာကိုက ပြဋ္ဌာန်းချက်က ထောင်ဒဏ်တွေ ပါနေသေးတာပေါ့။ ဒုတိယချက်ကတော့ ဒီရေးသားခွင့်ကို အစပိုင်းမှာကျတော့ လူတွေကဘာပဲပြောပြော ရေးတဲ့သူတွေကလည်း ထိန်းထိန်းသိမ်းသိမ်းရေး ကြသေးတာပေါ့။ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းတဲ့ သဘောရှိတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ကရေးရင်းရေးရင်းနဲ့ အခြေခံနှစ်ခုဖြစ်နေတယ်။ တစ်ကတော့ မှန်ကန်တဲ့ သင်ကြားလေ့ကျင့်မှုတွေ မရှိဘဲနဲ့ လုပ်ရင်းနဲ့သင်ရတဲ့ သဘောဖြစ်တဲ့အတွက် အမှားအယွင်းတြွေုဖစ်တာရှိတယ်။ နှစ်ကတော့ ကျွန်တော်ထင်တယ်လေ ပြိုင်ဆိုင်မှုများလာတဲ့ မီဒီယာဈေးကွက်မှာ မနေ့က အိန္ဒိယ နဲ့ တူရကီကပညာရှင်တွေ ဆွေးနွေးသလိုပဲ ဈေးကွက်ရဲ့ ဖိအားတွေရှိကျတော့ လူတွေက Sensational News စိတ်လှုပ်ရှားစေမယ့် ပွဲဆူမယ့်သတင်းတွေကို လိုက်ရေးရင်းရေးရင်းနဲ့ မှားသွားတာပေါ့။ အဲ့တော့ ဒါကိုဘယ်လိုကာကွယ်မလဲလို့ ပြောရင်တော့ ပထမတစ်ချက်ကတော့ စာနယ်ဇင်းကောင်စီက တည်ထောင်ထားတဲ့ တိုင်ကြားမှုဖြေရှင်းရေးလုပ်ငန်းစဉ်က ထိရောက်ဖို့လိုတာပေါ့။ နောက်ပြီးရင် လူတိုင်းက အဲ့ဒီ့ လုပ်ငန်းစဉ်တွင်းက ဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် တရားစွဲတာတွေ နည်းသွားမယ်။ အဲ့တော့ ဒုတိယတစ်ချက်ကတော့ မီဒီယာသမားတွေ ကိုယ်တိုင်ကိုယ်ကလည်း ဥပဒေတွေက မပြင်နိုင်သေးရင်တောင်မှ အဲ့ဒီ့ဥပဒေတွေရဲ့ ကြားထဲကနေပြီးတော့မှ ကိုယ့်ရဲ့ရေးချင်တဲ့ သတင်းစကားကိုဘယ်လိုရအောင်ပေးမလဲဆိုတာမျိုး ကျွမ်းကျင်လိမ္မာဖို့လိုတယ်လို့ ကျွန်တော်တော့ထင်တယ်။
မေး။  ။ အခုဆိုရင် လေးနှစ်အတွင်းရောက်လာပြီပေါ့နော်၊ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်ထက်မှာ ဒီဥပဒေတွေက ဟိုးခေတ်က နှစ်ပေါင်းများစွာတကယ့် Out of date ဖြစ်နေပါပြီ။ အဲ့ဒီဥပဒေတွေက အဓိကအခရာဖြစ်နေတော့ ဒီဥပဒေတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဒီဥပဒေတွေကို ဘယ်လိုပြန်ပြီးတော့ ရုတ်သိမ်းမလဲ။ ဘာလို့ဆိုတော့ အခုဆိုရင် လေးနှစ် အတွင်းကို ရောက်လာပြီဆိုတော့လေ။ ဘယ်လောက်လောက် ထပ်ကြာဦးမလဲပေါ့ ဒီလိုဥပဒေတွေ မရှိတော့အောင်။
အဖြေ။  ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်တာ အခြေအနေက နှစ်ခုတွေ့တာပေါ့နော်။ တစ်ကတော့ ဒီလက်ရှိပြောင်းလဲသွားတဲ့ နိုင်ငံရဲ့စနစ် စီးပွားရေးစနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေအသစ်တွေ ပြဋ္ဌာန်းဖို့လိုတယ်။ နှစ်ကတော့ တည်ဆဲဥပဒေတွေက ကျွန်တော်တို့ မကိုက်ညီတော့တဲ့ အချက်တွေကို ကျွန်တော်တို့ ပြန်ပြီးတော့ ပယ်ဖျက်တာတို့ ပြင်ဆင်တာတို့ လုပ်ရမှာပေါ့။ ကျွန်တော်ထင်တယ်ဗျ လွှတ်တော်ကလုပ်ခဲ့တဲ့ ကော်မတီတစ်ခုရဲ့ အစီရင်ခံစာထဲမှာ အဲ့လိုလုပ်ဖို့လိုတဲ့ ဥပဒေပေါင်း (၄၀၀)ကျော်ရှိတယ်။ ကျွန်တော်တို့ သတင်းစာထဲမှာ တစ်ခါထည့်ဖူးတယ်။ ၀န်ကြီးဌာနအလိုက် ဆိုင်တဲ့ဟာတွေ အဲ့ထဲကနေပြီးတော့ ခင်ဗျားတွေ့မယ်ဆိုရင် ကျွန်တော်တို့က ဥပဒေအသစ်ပြဋ္ဌာန်းတာတွေကို လုပ်နေသလို တစ်ဖက်ကလည်း ပယ်ဖျက်တဲ့ ဥပဒေတွေ၊ ပြင်ဆင်တဲ့ဥပဒေတွေ လုပ်နေတယ်။ သို့သော် ကျွန်တော်တို့မှာ ဥပဒေပြုရေး အတွေ့အကြုံ နည်းတာရယ် ဦးစားပေးလုပ်ငန်းတွေက များတာရယ်ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်ထင်တယ် တစ်ချို့ဥပဒေတွေက (၁၀၀)ကျော်၊ (၂၀၀)လောက်ကျန်နေသေးတယ်။ ဆိုတော့ ဒါကတော့ ရှိနေဦးမှာပဲ။ နောက်ဆက်စပ်ပြီးတော့ပဲ ပြင်သွားရမှာပေါ့။
အမေး။  ။ ပိုပြီးတော့ သေချာရှင်းလင်းသွားအောင် ကျွန်တော်မေးချင်တာက၊ အစိုးရအနေနဲ့ ဒီမူဝါဒပေါ့နော်၊ မီဒီယာကို ထိန်းရဦးမယ်ဆိုတဲ့ မူဝါဒ ရှိလား မရှိဘူးလား ခင်ဗျ။
အဖြေ။  ။ ကျွန်တော်တို့ကတော့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ကျင့်သုံးနိုင်တဲ့ မီဒီယာပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးဖို့ ဆိုတဲ့ဆုံးဖြတ်ချက်ပဲရှိတယ်။ မီဒီယာကို ထိန်းချုပ်မယ်ဆိုတဲ့ စိတ်တော့ မရှိဘူး။ အဲ့တော့ ဒီကနေ့ ကဏ္ဍအားလုံးမှာ တွေ့ကြုံနေရတဲ့ ပြဿနာပေါ့နော်။ ခင်ဗျားကတော့ မီဒီယာတစ်ခုထဲ မေးပေမယ့် ကျွန်တော်ကတော့ မီဒီယာကဏ္ဍပဲဖြစ်ဖြစ် ကျန်တဲ့ကဏ္ဍတွေမှာဖြစ်ဖြစ် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ Institution အသစ်တွေပေါ်လာတယ်။ ဥပမာ လွတ်လပ်တဲ့ မီဒီယာဆိုတာ ဒါ Institution အသစ်တစ်ခုပေါ့။ အဲ့လိုပေါ်လာတဲ့အခါမှာ Institution တိုင်းက အသစ်တိုင်းက မိမိရဲ့နေရာကို ပိုင်းခြားဖို့ သတ်မှတ်ဖို့ ကြိုးစားကြတာပေါ့။ အဲ့ခါမှာနဂိုက ကျွန်တော်တို့က အသားကျနေတဲ့ စနစ်မဟုတ်တဲ့အတွက်ကြောင့်မို့ တိတိကျကျ နယ်နိမိတ်ကပိုင်းခြားထားတာမဟုတ်ဘူး။ အဲ့တော့ မီဒီယာကလည်း လုပ်ရင်းလုပ်ရင်းနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ နယ်မြေကိုချဲ့ဖို့ သတ်မှတ်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကကျန်တဲ့ Institution လည်းသူ့ရဲ့ ကဏ္ဍကိုလုပ်ဖို့ ကြိုးစားတယ်။ အဲ့ဒီ့အခါမှာသွားပြီးတော့မှ နယ်နိမိတ်ခြင်း ကျော်တာ၊ ထပ်တာမျိုးဖြစ်လို့ အငြင်းပွားမှုတွေ ဖြစ်ရတယ်လို့ပဲ ကျွန်တော်ကတော့မြင်တယ်။ မီဒီယာကလည်း အစိုးရမို့လို့ တမင်သက်သက် တိုက်ခိုက်မယ်ဆိုတဲ့ စိတ်နဲ့လုပ်တာမျိုးတော့ မဟုတ်ဘူး။ အစိုးရကလည်း မီဒီယာမို့လို့ လာလိုက် နှိပ်ကွပ်လိုက်မယ်ဆိုတဲ့ မူဝါဒမျိုးတော့ ရှိတာမဟုတ်ဘူး။ သို့သော် Institution တိုင်းက မိမိနေရာကို သတ်မှတ်ဖို့ ကြိုးစားတဲ့အခါမှာ ဟိုတုန်းက အစဉ်အလာမရှိတဲ့ အခါကျတော့ အသစ်တွေကိုဗျ ဒီမှာသွားပြီးတော့ Clash ဖြစ်တာလို့မြင်တယ်။ ဒါကတော့ ကျွန်တော်ထင်တယ်လေ ပြင်သင့်တဲ့ဥပဒေလည်းပြင်မယ်။ ပြောင်းသင့်တာလည်းပြောင်းမယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် လုပ်မယ်ဆိုရင် ဒါတွေက တဖြည်းဖြည်းချင်းတော့ လျော့ပါးသွားမှာပဲ။
မေး။  ။ ဥပမာအနေနဲ့ ဥပမာလက်ပံတန်းဖြစ်တဲ့ ကိစ္စပေါ့နော်။ လက်ပံတန်းမှာ ရဲတွေကရိုက်တဲ့အခါမှာ ခုနကကားလိုဟာမျိုးပေါ့နော်။ ပစ္စည်းကိုရိုက်တယ်ဆိုတဲ့ ဗီဒီယိုတွေ ကျွန်တော်တို့တွေ့ရတယ်။ အဲ့တော့အစိုးရအနေနဲ့ ဒါမျိုးကိုအရေးယူဆောင်ရွက်တဲ့အခါမှာ ဒီလိုမျိုးရိုက်တဲ့ရဲကို ပစ္စည်းဖျက်စီးမှုနဲ့ တိတိကျကျ အရေးယူဖို့တွေရော လုပ်တာမရှိဘူးလား။
အဖြေ။  ။ အခုကျွန်တော် သိတဲ့သတင်းအချက်အလက်ပေါ့နော်။ ခုချိန်မှာတော့ ကျွန်တော်တို့က ဒီတပ်ဖွဲ့ဝင်တွေ တစ်ဦးချင်းအနေနဲ့ ဆောင်ရွက် ချက်တွေကို ပြန်သုံးသပ်နေတယ်။ ပြန်သုံးသပ်ပြီးတော့မှ ပြန်ပြီးတော့ လေ့ကျင့်ပညာပေးမှုတွေ လုပ်သင့်ရင်လုပ်မယ်။ နှစ်ကတော့ နောင်မှာ ကျွန်တော်တို့ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်မယ့်နည်းလမ်းတွေ စဉ်းစားနေတယ်လို့ သိရတယ်။ သုံးကတော့ သိပ်ပြီးတော့ အရေးယူဖို့ထိ လိုတဲ့ကိစ္စမျိုးဆိုရင် ရဲတပ်ဖွဲ့မှာသူ့ရဲ့သတ်မှတ်ထားတဲ့ ဥပဒေတွေရှိပြီးသားပဲ။ အဲ့တိုင်းလုပ်မှာပေါ့။ သို့သော် ဘယ်သူကတော့ ဘယ်လောက်ထိ ဖြစ်မလဲ ကျွန်တော်လည်း အသေးစိတ်မသိသေးဘူး။ ကျွန်တော်သိတာကတော့ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတယ်။ နောင်မှာမဖြစ်အောင် တားဆီးဖို့အတွက် လိုအပ်တဲ့ကိစ္စတွေ လုပ်မယ်လို့ပဲသိတယ်။
မေး။  ။ သတင်းထောက်တွေရဲ့ အင်တာဗျူးတွေ ကျွန်တော်တို့ ဖတ်ရတယ်လေ ကျွန်တော်တို့ သတင်းထောက်ထဲမှာ ပြန်ပြောတာလည်းရှိပါတယ်။ သတင်းထောက်ပါ သတင်းထောက်ပါလို့ ပြောနေတာတောင်မှ ရိုက်တယ်ဆိုတော့၊ တစ်ချို့ဆို နောက်ကလိုက်တယ် ပုန်းနေရတယ်ဆိုတော့ ဒီဟာက သတင်းထောက်မို့လို့ ရိုက်တာလား။ ဒါမှမဟုတ် ခုနကလို အခြေအနေ အကျိုးဆက်ကြောင့် ဖြစ်တာလား ကျွန်တော်တို့မြင်တာက သတင်းထောက်ဆိုလည်း ရိုက်တာပဲ။ အဲ့လိုမျိုးမြင်တယ်။ မီဒီယာဘက်က အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ ဒါဆိုရင်တော့ အရေးယူသင့်တယ်လို့ တော်တော်များများက ပြောနေဆိုနေကြတာ ရှိတယ် ၀န်ကြီးဘယ်လို မြင်ပါသလဲ။
အဖြေ။  ။ ပထမတစ်ခုကတော့ ဒီလူစုခွဲရတဲ့အချိန် မရောက်ခင်ထိ အခြေအနေကို ခင်ဗျားတို့လည်းသိတာပဲ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရက်ပေါင်းများစွာ ရင်ဆိုင်နေရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့လည်း သိပါတယ်။ ဒါတွေကိုမဖော်ပြတာပဲရှိတယ်။ ဆန္ဒပြသူထဲမှာ တစ်ချို့က ရဲတပ်ဖွဲ့ဝင်တို့ကို ကလိတာရှိတယ် စတာရှိတယ်။ နောက်တာပြောင်တာရှိတယ်။ နောက် ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေရှိတယ်။ မီဒီယာတွေဘက်ကလည်း ဒီဘက်ကကျောင်းသားတွေဘက်က လှုပ်ရှားမှုကိုပဲ ပြောနေပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခံစားချက်တွေ ရင်ဆိုင်နေရတဲ့ဟာတွေကို လုံလုံလောက်လောက် ထင်ဟပ်ပေးခဲ့ခြင်းမရှိဘူး။ ဒီလိုဟာတွေက တစ်ရက်ထဲဖြစ်ခဲ့တာမဟုတ်ဘူး။ တစ်ပတ် ဆယ်ရက်လောက် ဖြစ်လာတဲ့အခါမှာ တစ်ဦးချင်းစီမှာရှိတဲ့ ခံစားမှုတွေ ရှိမှာပေါ့။ အဲ့တော့ အဲ့ခံစားမှုတွေက မိမိရဲ့တာဝန်အရလုပ်ရမယ့် လုပ်ငန်းပေါ်မှာ လွှမ်းမိုးသွားတဲ့ လူတစ်ချို့ရှိတယ်လို့ ကျွန်တော်တော့ မြင်တာပေါ့။ ဒါကတော့ ကိုင်တွယ်ဖြေရှင်းမှုပေါ့။ နောက်တစ်ခုကတော့ ဘယ်ကိစ္စမျိုးမဆို ပဋိပက္ခတစ်ခုမှာ သတင်းယူတဲ့မီဒီယာတွေ အနေနဲ့က ကျွန်တော်တို့ နိုင်ငံတကာမှာလည်း လေ့လာကြည့်တဲ့အခါမှာ အရေးကြီးဆုံးအချက် တစ်ကတော့ သူတို့ဟာဘက်မလိုက်တဲ့သူ ဖြစ်တယ်ဆိုတာကို နှစ်ဘက်လုံးက လက်ခံဖို့လိုနေပြီ။
တစ်ဘက်ဘက်ကဒီလူတွေဟာ ဟိုဘက်က ဘက်လိုက်ပါတယ်လို့ ယူဆလို့ရှိရင် အဲ့ဒါကကောင်းတဲ့ အလားအလာ မဟုတ်ဘူးပေါ့။ မနေ့က ဆွေးနွေးတဲ့ထဲမှာလည်း  Breaking News နဲ့ပတ်သတ်လို့ ရေးတဲ့အခါမှာ မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်သင့်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်ထင်တယ် အစ္စရေးက သတင်းထောက်အမျိုးသမီးတစ်ယောက်က သူတို့ဆိုရင် တတ်နိုင်သမျှ အကြံပေးချင်တာကတော့ ပဋိပက္ခတစ်ခုကိုသတင်းယူရမယ်ဆိုရင် Sources (သတင်းရင်းမြစ်) တွေကိုတတ်နိုင်သမျှ များများရှာဖွေပြီးတော့ထည့်ပါ။ တစ်ဖက်ထဲကဟာကိုပဲ ဖော်ပြတယ်လို့ အထင်မခံရစေနဲ့။ အထင်ခံရလို့ရှိရင် သတင်းသမားအတွက် နားလည်မှုလွဲနိုင်စေတယ်လို့ ပြောသွားတာရှိတယ်။ ဒီလိုမျိုးလုပ်သင့်တာပေါ့။ နှစ်ကတော့ သတင်းထောက်မှန်း သိသာထင်ရှားတဲ့ အမှတ်အသားတွေပေါ့ နှစ်ဖက်လုံးကလက်ခံနိုင်မယ့် အမှတ်အသား Press ဆိုတဲ့ အင်္ကျီမျိုး ၀တ်ပြီး သတင်းယူတာမျိုး၊ ဒါမျိုးတွေလည်း လုပ်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်။ ဟိုနေ့ကအဖမ်းခံရတဲ့ သတင်းထောက်နှစ်ယောက်ကို တကယ် ကျွန်တော်တို့ ပြန်လွှတ်ဖို့လိုက်တဲ့ အခါကျတော့ ဘယ်လိုပြောင်းပြန်ဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန ကပေးတဲ့ အချက်နဲ့ သူတို့တွေသာယာဝတီထောင်မှာ စာရင်းပေးတဲ့အခါကျတော့ ကျောင်းသားဆိုပြီးတော့ ပေးထားတယ်။ နောက်ဆုံး ကျွန်တော်တို့က တရားဝင်စာပို့တော့မှ၊ ပြောမှ သူတို့က စိစစ်ပြီး ပြန်လွှတ်ပေးတယ်။ အဲ့ဒီအထဲက ကျောင်းသား တစ်ယောက်ကကျတော့ သူ့ကိုယ်သူ သတင်းထောက်ဆိုပြီး ပေးထားတယ်။ အဲ့လိုမျိုး ရှုတ်ထွေးမှုတွေလည်း ရှိတယ်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့က သင်္ကြန်နောက်ပိုင်းဆိုရင် အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုလောက် လုပ်မှာပေါ့လေ။ သတင်းမီဒီယာဥပဒေမှာ ပါတာကိုး။ သတ်မှတ်ထားသည့် စည်းကမ်းနဲ့အညီ သတင်းယူသော သတင်းထောက်များကို အကာအကွယ် ပေးရမယ်ဆိုတော့၊ သတ်မှတ်ထားသော စည်းကမ်းဆိုတော့ ဘာဖြစ်မလဲ။  ဘယ်လိုအ၀တ်အစားမျိုး ၀တ်ကြမလဲ။ နောက်တစ်ခါ တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ကိုရော သတင်းသမားတွေက သွားမဆက်သွယ်သင့်ဘူးလား။ ဘယ်လိုနေရာမျိုးကနေရိုက်ပါလို့ သတ်မှတ်ပေးရင် အဲ့ဒီ့နေရာကနေ ရိုက်ရင် ပိုပြီးတော့ အန္တရာယ်မကင်းနိုင်ဘူးလား။ ဒီအချက်တွေကတော့ အားလုံးဝိုင်းပြီး ဆွေးနွေးရမယ်လို့ ကျွန်တော်ထင်တယ်။


ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၂)


အမေး။ ။ ကျွန်တော်တို့လည်း သတိထားမိပါတယ်။ ဒီလေးနှစ်တာ ကာလအတွင်းမှာ စစ်တပ်အပါအဝင် မြန်မာအစိုးရ ဘက်က၊ ဝန်ကြီးဌာနတွေဘက်ကကော သူတို့ရဲ့အယူအဆ သူတို့ရဲ့ လုပ်နေတာတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြစေချင်တယ်။ ဘာလို့ဆိုတော့ side ကတစ်ခုတည်း ဖြစ်နေတော့ ကျန်တဲ့ဆိုက်တွေပေါ့ ဝန်ကြီးဌာနတွေကော တာဝန်ရှိသူတွေရဲ့ အမြင်တွေ အယူအဆတွေကို ဖော်ပြစေချင်တယ်လို့ သိရတယ်။ နောက်ပြီးတော့ အခုဆိုရင် press release လိုဟာမျိုးတွေ စစ်တပ်အပါအဝင် (မီဒီယာတွေကို) ပို့နေတာ။ ဒါပေမယ့် သတင်းထောက်တွေက သိချင်တဲ့ သူတို့ကမေးတဲ့ အချက်အလက်တွေကို မေးဖို့ကျတော့ ခက်ခဲတယ်ခင်ဗျ။ ဟိုဘက်ကပေးတာပဲ ရေးရမယ့် အနေအထားလို ဖြစ်နေတယ်။ ကျွန်တော်အပါအဝင် မီဒီယာတွေ မြင်တာက မြန်မာအစိုးရ တာဝန်ရှိတဲ့သူတွေက ခြွင်းချက်ကလွဲရင် ဥပမာ ဝန်ကြီးလိုပေါ့ ပွင့်ပွင့်လင်းလင်းပြောရင် ဝန်ကြီးလို မေးတယ် ဖြေတယ်ဆိုတာရှားတယ်၊ ဒါပေမယ့် ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် တော်တော်များများက တွန့်ဆုတ်နေတယ်။ ကျွန်တော်တို့ သတင်းမီဒီယာတွေက မေးတဲ့အခါမှာ အဓိကကတော့ သတင်းမီဒီယာတွေကို မယုံကြည်တဲ့ဟာ ရှိနေတယ်လို့ မြင်တာပေါ့နော်။ အဲ့ဒါဝန်ကြီး ဘယ်လို မြင်ပါသလဲ ခင်ဗျ။ မှန်ပါသလား။
အဖြေ။ ။ သိသလောက်ကတော့ ပြောရမယ့်သူတွေအနေနဲ့ အတွေ့အကြုံ မရှိသေးတာပေါ့။ နှစ်ကတော့ မီဒီယာတွေ ဘက်မှာလည်း တစ်ချို့စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ မီဒီယာတွေက ကျွန်တော်တို့ ပြောတဲ့စကားကို တစ်ပိုင်း တစ်စဖြတ်ပြီးတော့ ကိုးကားတာမျိုး၊ အလွဲကိုးကားတာမျိုး မှားသွားလို့ ပြင်ပေးပါလို့ပြောရင် ပြင်ဆင်ဖို့ ငြင်းဆန်တာမျိုးတွေ ဖြစ်ခဲ့တာတွေလည်း ရှိတယ်ဆိုတော့ အဲ့အခြေအနေနှစ်ခုကြောင့် တွန့်ဆုတ်နေတာလို့ ကျွန်တော်ထင်တယ်။
ကျွန်တော်ကတော့ အမြဲတမ်း တိုက်တွန်းပါတယ်။ မီဒီယာတွေကို ခြိမ်းခြောက်မှုလို့ မမြင်ဘဲနဲ့ အခွင့်အရေး တစ်ခု အဖြစ်နဲ့မြင်ပြီးတော့မှ ကိုယ့်ရဲ့ပြောချင်တဲ့ သတင်းစကား အချက်အလက်တွေကို ပြည်သူလူထုဆီကို ရောက်အောင်ပို့ပါ။ ဒီလိုတော့ တိုက်တွန်းတာပေါ့။
သို့သော် မီဒီယာသမားတွေ ဘက်ကလည်း အစိုးရတာဝန်ရှိ သူနဲ့ ပြောတဲ့အခါမှာ သူတို့ရဲ့ အစိုးရဝန်ထမ်း တွေရဲ့ အခက်အခဲကိုလည်း နားလည်ပေးဖို့ လိုတာပေါ့။ ဆိုလိုတာက ဥပမာ သူကပွဲဆူစေချင်လို့ လူတွေ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို ပြောင်းတပ်လိုက်ပေမယ့် အဲ့ဒီ့ပြောင်းတပ်လိုက်ခြင်းဟာ တကယ်ပြောတဲ့ အစိုးရဝန်ထမ်း တစ်ယောက်ကို နစ်နာသွားစေနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးလည်း သူတို့နားလည်ပေးရမှာ ပေါ့။ ကျွန်တော်တောင်မှ ဂျာနယ်တစ်စောင်ဆိုရင် ဦးရွှေမောင်းကို မပြောဘဲနဲ့ ဦးရဲထွဋ်က ဦးရွှေမောင်းကို ပြောသည်ဆိုတဲ့ ပုံစံမျိုးနဲ့ တပ်တာမျိုးခံရတယ်။ ဒီလိုဟာမျိုးတွေကိုလည်း ကျွန်တော်တို့ဘက်က ထိန်းသိမ်း ပေးမယ်ဆိုရင် ပိုပြီးတော့ ဆက်ဆံရေးကောင်းလာမှာပေါ့။
အမေး။ ။ ဒီမီဒီယာဖွံ့ဖြိုးမှုနဲ့ ပတ်သတ်ပြီး ကျွန်တော် မေးချင်တာက အများပြည်သူ ဝန်ဆောင်မှု မီဒီယာပေါ့နော်၊ သတင်းစာပဲပြောပြော ရုပ်မြင်သံကြားပဲပြောပြော ဘာဖြစ်လို့ မြန်မာပြည်မှာ လိုတယ်လို့ ဝန်ကြီးက ယူဆပါသလဲ။
အဖြေ။ ။ မြန်မာပြည်မှာမှ လိုတာမဟုတ်ဘူးဗျ။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာ ရှိတာပဲလေ အင်္ဂလန်ပဲကြည့်ကြည့် အနောက်ဥရောပနိုင်ငံတွေ ကျွန်တော်တို့ဆီမှာဆို ကိုးရီးယား ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ အားလုံးရှိတယ်ဆိုတော့ ဒါကတော့ ကျွန်တော်တို့ရဲ့ ရှိကိုရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂလိက မီဒီယာအုပ်စု တစ်ခုနှစ်ခုကပဲ လွှမ်းမိုးသွားလို့ရှိရင် ဈေးကွက်အကျိုးစီးပွား နိုင်ငံ၏ အကျိုးစီးပွားမပါဘဲနဲ့ ပြည်သူတွေအတွက် တကယ်စစ်စစ်မှန်မှန် သတင်းပေးနိုင်မယ့် မီဒီယာတစ်ခုရှိဖို့ လိုတယ်ဆိုလို့ ကျွန်တော်တို့ လုပ်နေတာပါ။ အရင်တုန်းကဆိုရင် ခင်ဗျားတို့တွေကတောင် အများပြည်သူဝန်ဆောင်မှု သတင်းစာ မရှိသင့်ဘူးလို့ ပြောတယ်။ မနေ့က နောက်ဆုံး ကိုသောင်းစုငြိမ်းတို့ ပြောတဲ့ထဲမှာ၊ နိုင်ငံခြားသားတွေကကော ဖောင်ဒေးရှင်းတွေ ဘာတွေအကူအညီနဲ့ ရပ်တည်တဲ့ Puplic Service Newspaper မျိုးရှိဖို့ လိုနေပြီလို့ ပြောသလို၊ ကိုသောင်းစုငြိမ်းကိုယ်တိုင်က ရွေးကောက်ပွဲ မတိုင်မီမှာတော့ Puplic Service Newspaper တစ်ခုတော့ ရှိသင့်တယ်ဆိုတော့ ပြောတာမျိုးတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာပေါ့။
အမေး။ ။ အများပြည်သူ ဝန်ဆောင်မှုသတင်းစာ မရှိသင့်ဘူးဆိုတဲ့ အယူအဆတွေလည်း တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်ခင်ဗျ။ အထူးသဖြင့် ဒီပုဂ္ဂလိက မီဒီယာအသိုင်းအဝန်းမှာ ပေါ့နော်။ အဲ့ဒီ့ဟာကျတော့ ဘယ်လိုမြင်လဲခင်ဗျ။ မရှိသင့်ဘူး တချို့နိုင်ငံတွေမှာတော့ ရှိလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အများပြည်သူ ဝန်ဆောင်မှု သတင်းစာ မရှိသင့်ဘူးပေါ့။ ပုံနှိပ်သတင်းစာ မရှိသင့်ဘူးလို့ ယူဆကြတယ်
အဖြေ။ ။ ကျွန်တော်ထင်တယ် အဲ့ဒါကတော့လေ အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ principle သဘော အခြေခံ သဘောအရ ပြောတာထက် စီးပွားပြိုင်ဘက်လို ကြည့်ပြီးတော့မှ မြင်ပြီးတော့မှ ပြောတာကြောင့်လို့ ကျွန်တော်ထင်တယ်။ တကယ်ကျတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်သာ စစ်စစ်မှန်မှန် ရပ်တည်နိုင်မယ်ဆိုရင် သတင်းစာလည်း ရှိသင့်တယ်။ ရုပ်မြင်သံကြားလည်း ရှိသင့်တယ်။ မနှစ်က ဥရောပ သမဂ္ဂထုတ်တဲ့ အစီရင်ခံစာမှာဆိုရင် အင်တာနက်ပေါ်မှာတောင်မှ Public Service Media မူဝါဒပါတဲ့ ဝက်ဆိုက်မျိုးတွေကို ထူထောင်သင့်တယ်လို့ အကြံပြုထားတာတွေတောင် ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ကတော့ ရှိကိုရှိရမှာပဲ။
အမေး။ ။ ခုနက အများပြည်သူဝန်ဆောင်မှု သတင်းစာ စစ်စစ်မှန်မှန် ပေါ့နော်၊ မေးခွန်းကလည်း စစ်စစ်မှန်မှန် တကယ်ကော စစ်မှန်တဲ့ လွတ်လပ်တဲ့ အများပြည်သူဝန်ဆောင်မှု ရှိပါ့မလားဆိုတဲ့ သံသယတွေပေါ့နော်။ တကယ်ကောဖြစ်နိုင်ပါ့မလား ဆိုတဲ့ဟာ၊ အဲ့ဒါကျတော့ အဲ့ဒါမျိုးဖြစ်အောင် ဝန်ကြီးအနေနဲ့၊ အစိုးရက ဘယ်လိုမျိုး ကျိန်းသေအောင်၊ ဖြစ်နိုင်ရင် အကောင်းဆုံးဖြစ်အောင် ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်မယ်လို့ စဉ်းစားထားလဲ။
အဖြေ။ ။ ဒါကြောင့် ကျွန်တော်တို့က အများပြည်ဝန်ဆောင်မှု မီဒီယာဥပဒေ ဆိုတာကို တင်သွင်းတာပေါ့။ ဆိုလိုတာက ကျွန်တော်တို့ပြောင်းလိုက်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာသည် ဝန်ကြီးဌာန သဘောတစ်ခု၊ အစိုးရအဖွဲ့ သဘောတစ်ခုတည်းနဲ့ လုပ်တာမျိုးမဟုတ်ဘဲနဲ့ သူ့ရဲ့အယ်ဒီတာ လွတ်လပ်ခွင့် သူ့ရဲ့ဘဏ္ဍာရေးလွတ်လပ်ခွင့် နောက်တစ်ခါသူ့ကို နိုင်ငံရေးဖိအား အကာအကွယ်ပေးခွင့်တွေ အားလုံး ဥပဒေအရ အကာအကွယ် ပေးနိုင်အောင် ဥပဒေပြဋ္ဌာန်းတာပါ။ ဒါဟာတကယ့်လွတ်လပ်မှုကို အာမခံနိုင်အောင်လုပ်တဲ့ လုပ်ဆောင်ချက်ပဲ။
အမေး။ ။ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး နည်းနည်းမေးချင်လို့ပါ။ သမ္မတဦးသိန်းစိန် အစိုးရ ဖြစ်လာပြီး နောက်ပိုင်းမှာ မြန်မာပြည်မှာ
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တယ်။ လုပ်လာတဲ့အခါမှာ ယေဘူယျအား ဖြင့် ပထမပိုင်းမှာတော့ လျင်လျင်မြန်မြန်နဲ့ လုပ်လာတယ်လို့ သုံးသပ်ကြတယ်။ နောက်ပိုင်းမှာတော့ နှေးသွားတယ်လို့၊ တစ်ချို့တွေဆိုရင် နောက်ပြန်ဆုတ်သွားတဲ့ အနေအထားတောင် ရှိတယ်လို့။ အဲ့တော့ ပြီးခဲ့တဲ့လေးနှစ် တာကာလအတွင်းမှာ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲခင်ဗျာ။
အဖြေ။ ။ ပထမနှစ်ဆင့်ပေါ့။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလမှာ လုပ်ခဲ့တဲ့ အလုပ်တော်တော်များများကို ကြည့်ရင် အစိုးရတစ်ဖွဲ့တည်းလုပ်တာ၊ နောက်ပြီးတော့ အစိုးရနဲ့ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပေါင်းပြီးတော့ လုပ်တဲ့အလုပ်တွေ ပိုများတယ်။ ဆိုလိုတာက ဥပဒေသစ်တွေ ပြဋ္ဌာန်းတယ်။ ဥပဒေဟောင်းတွေကို ပြင်တာဖျက်တယ် ဆိုတာမျိုးတွေ လုပ်တဲ့အတွက်ကြောင့်မို့ ပိုမြန်တယ်ပေါ့။
တတိယအဆင့်ကျတော့ ကျွန်တော်တို့က ဘယ်လိုဖြစ်လာလဲဆိုတော့ ရှေ့ပိုင်းမှာ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု တွေကို အားလုံးကို ဝိုင်းပြီးတော့ ကျင့်သုံးတဲ့ အကောင်အထည်ဖော်တဲ့ အဆင့်၊ နောက်ထပ်ထပ်ပြီးတော့ ပြင်ရမယ့်ကိစ္စ ဥပမာ ငြိမ်းချမ်းရေးလို ကိစ္စမျိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးလို ကိစ္စမျိုးတွေကျတော့ အားလုံးပေါင်းပြီးမှ ဆုံးဖြတ်ကြရမယ့် ကိစ္စဖြစ်တယ်။
ဆိုတော့ Issue တွေက ပိုပြီးတော့ ရှုပ်ထွေးလာတယ်။ နက်နဲလာတယ်။ အစိုးရတစ်ဖွဲ့တည်းနဲ့ လုပ်လို့မရတော့ဘူး။ အဲ့ဒီ့အခါမှာ ကျွန်တ်ာတို့က ငြင်းရခုံရတာတွေ ပိုများလာတယ်။ အချိန်ပိုယူရတယ် တချို့ဟာတွေမှာ မအောင်မြင်ဘဲနဲ့ ထပ်ပြီးတော့ ကြိုးစားရတာတွေ
ရှိတယ်။ အဲ့အခြေအနေကြောင့် လူတွေက ပြုပြင် ပြောင်းလဲရေး နှေးသွားသလား။  နောက်ကြောင်း ပြန်နေတာလားလို့
မြင်တာလည်းရှိတယ်။
နောက်ဒုတိယအချက်ကတော့ ကျွန်တော်တို့ စလုပ်တုန်းက လူတွေက အပြောင်းအလဲတွေဖြစ်မယ်လို့ မယုံဘူး။ သုံး/လေးနှစ်လောက် ကျော်လာတဲ့ အခါကျတော့ အပြောင်းအလဲဖြစ်ပြီလို့ ယုံပြီးမှ မျှော်လင့်ချက်တွေက အရမ်းမြင့်လာတယ်။ တစ်ဖက်က မျှော်လင့်ချက်တွေ မြင့်တဲ့အခါမှာ ကျွန်တော်တို့ဘက်က အားလုံးနဲ့ ဝိုင်းလုပ်ရတဲ့ အတွက်ကြောင့်မို့ အကောင်အထည်ဖော်နိုင်မှု အပိုင်းမှာ ပိုပြီးတော့ ကြာလာတယ်။ ဆိုလိုတာက ဥပဒေတစ်ခုပြဋ္ဌာန်းတာ ကျွန်တော်တို့နဲ့ လွှတ်တော်နဲ့ပဲ လုပ်ရတယ်။ အဲ့ဒီ့ဥပဒေကို အကောင်အထည်ဖော် ဖို့အတွက်ကျတော့ သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးအဖွဲ့တစ်ခုတည်းက လုပ်လို့မရဘူး ဟိုးအောက်ခြေ မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်းတစ်ဦးထိ သွားသက်ဆိုင်တယ်ပေါ့ ။ ဥပမာဆိုပါတော့ မီဒီယာဆိုလည်း ကျွန်တော်တို့က စာပေစိစစ်ရေးကို ဖျက်လိုက်တာ လွယ်တယ်။ သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းလိုက်တာ ရတယ်။ ဒါပေမယ့် အဲ့ဒီ့က ပေးလာလိုက်တဲ့ အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါကျတော့ ခင်ဗျားတို့ ရာနဲ့ချီတဲ့ စာနယ်ဇင်း သမားတွေ၊ ထောင်နဲ့ချီတဲ့ စာနယ်ဇင်းသမားတွေ ပါလာပြီ။ အဲ့လိုပဲ ဒီဘက်က ကိုင်တွယ်တဲ့ အခါကျတော့ လည်း သိန်းချီတဲ့ အစိုးရဝန်ထမ်းတွေ ပါလာပြီ။ မီဒီယာနဲ့ ထိတွေ့တဲ့အခါမှာ။ အဲ့တော့ တစ်ဦးချင်း၊ တစ်ဦးချင်း ကြားမှာရှိတဲ့ ပြဿနာတွေက လာပြီးတော့ ကျွန်တော်တို့အပေါ်မှာ ဂယက်ရိုက်တာလည်းရှိတယ်။ ဒီလို အခြေအနေကြောင့် လူတွေက ကျွန်တော်တို့ကို မေးခွန်းတွေ ထုတ်နေတာပေါ့။ တကယ်က သမ္မတကြီးလည်း အကြိမ်ကြိမ် ပြောပြီးပြီ။ ကျွန်တော်တို့ဟာ နှေးချင်နှေးမယ် မြန်ချင်မြန်မယ်။ သို့သော် ကျွန်တော်တို့ ဦးတည်တဲ့ သွားနေရာလမ်းကြောင်းကတော့ ပြောင်းစရာ အကြောင်းမရှိဘူး။
အမေး။ ။ ပြန်ပြီးတော့ တွန့်ဆုတ်ပြီး ဆွဲတဲ့ဟာ မရှိဘူးလား။
အဖြေ။ ။ တွန့်ဆုတ်ပြီး ဆွဲတာတော့ မရှိဘူးလေ။ ခုနကပြောသလို လုပ်ကြည့်တယ်၊ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာ ရှိတယ်ပေါ့နော်။ နောက်ထပ် နည်းလမ်းတစ်ခု ပြန်ရှာရတာပေါ့ ဥပမာ အများပြည်သူဝန်ဆောင်မှု မီဒီယာ ပြောင်းဖို့ ကြိုးစားကြည့်တယ်။ ခင်ဗျားတို့တွေက အငြင်းအခုန်တွေ များလာတယ်။ ဒါဆို ကျွန်တော်တို့ ပြန်ရုပ်သိမ်းတယ်။ ရုပ်သိမ်းတော့ နောက်ထပ်ဘယ်လိုပုံစံနဲ့ ဆွဲမလဲဆိုတာကို နိုင်ငံတကာနဲ့ ကျွန်တော်တို့ ပြန်စဉ်းစားရမယ်။ ပြီးရင် တစ်ခါပြန် ကြိုးစားကြည့်မယ်ပေါ့။ ဒါကြောင့် ဒါကြီးကို နောက်လှည့်သွားတယ်လို့ ပြောလို့မရဘူး။
အမေး။ ။ မနေ့က တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ်က ပြောတဲ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အလျင်စလို မလုပ်ဖို့ တိုက်တွန်းပြောဆိုသွားတယ်။ အဲ့တော့ ဝန်ကြီး ဘယ်လိုမြင်ပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ရဲ့ကာကွယ်ရေး ဦးစီးချုပ်က ဒီလိုမျိုးပြောတယ်၊ ဒီဘက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ အလျင်စလို မလုပ်ဖို့ဆိုပြီးတော့ ပြောသွားတာနဲ့ ပတ်သတ်ပြီးတော့ကော။
အဖြေ။ ။ အလျင်စလို မလုပ်နဲ့ဆိုတာက မှန်တယ်လေ။ ဘာလို့ဆိုတော့ အလျင်စလိုဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဥပမာ ထားပါတော့၊ ပြုပြင်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ တခြားလူတွေရဲ့ သဘောထားကို မစဉ်းစားဘဲ လုပ်တာမျိုး။ ဟုတ်တယ်မလား။ အချိန်အခါမသင့် အချိန်အခါအရ အားလုံး သဘောမတူနိုင်သေးဘဲနဲ့ လုပ်လိုက်တာမျိုးသည် အလျင်စလိုပဲပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒါကိုညွှန်းဆိုပြီးတော့ ပြောတယ်လို့ နားလည်တယ်။ ဒါမမှားပါဘူး။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး ဒီအတိုင်းပဲ လုပ်နေတာပဲကို ဆိုလိုတာ။ ကျွန်တော်ဥပဒေတစ်ခုပြုတယ်ဆိုရင် အစွန်းတရား နှစ်ပါးရှိတယ်။ တစ်ကတော့ လုံးဝမပြောင်းချင်တဲ့စိတ်၊ ဒီဘက်အစွန်းပေါ့ အရင်အတိုင်းလုပ်ချင်တဲ့စိတ်။ နောက်တစ်ခု ကကျတော့ နိုင်ငံတကာက အချီးကျူးခံရအောင် ဒီဟာများများ လုပ်လိုက်မယ်ဆိုပြီး လုပ်လိုက်ပြီးတော့မှ ရလဒ်တွေက မကောင်းတာမျိုးတွေရှိတယ်။ ဒါကို နဂိုကတည်းက ချင့်ချိန်ပြီးသားပါ။ ကျွန်တော်တို့ပြောတဲ့ အလျင်စလို ဆိုတာ၊ မလုပ်ဖူးလို့ ပြောတာမဟုတ်ဘူး။ အားလုံးပါဝင်နိုင်မှု အားလုံးလက်ခံနိုင်မှု။ အခြေအနေရဲ့ လိုအပ်ချက်။ ဒါတွေအားလုံးကို စဉ်းစားပြီးတော့မှ တစ်လှမ်းချင်း တစ်လှမ်းချင်း ကျွန်တော်တို့လှမ်းမယ်။ လှမ်းတဲ့ ခြေလှမ်းတိုင်းက ခိုင်မာရမယ် ဒါကိုပြောတာပါ။
အမေး။ ။ ခုနကပြောသလို နှစ်မျိုးပေါ့။ တစ်မျိုးက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်ချင်တဲ့စိတ်နဲ့ တကယ်ကိုလုပ်နေတာ။ ဒါပေမယ့် တစ်ဖက်မှာလည်း မဟုတ်ဘူး။ တကယ့် တကယ်ကျတော့ ခုနကလို နောက်ကအင်အားစုတွေရှိတယ်။ အထူးသဖြင့် စစ်တပ်နဲ့ အင်အားစုတွေက နိုင်ငံရေးမှာ ဆက်ပြီးတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါလာအောင် ကစားနေတာပဲ။ အဲ့ဒီ့အတွက် အကွက်တွေ ရွှေ့နေတယ်ဆိုတဲ့ အယူအဆနှစ်မျိုး ဖြစ်နေတယ်လို့ ကျွန်တော်တော့ မြင်တယ်လေ။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ကော ဝန်ကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။
အဖြေ။ ။ ခင်ဗျားပြောတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်ပြီးတော့မှ စိုးရိမ်တယ်။ သံသယရှိတယ်လို့ ပြောနေတဲ့သူထဲမှာ ကျွန်တော်ကတော့ နှစ်မျိုးခွဲပြီး မြင်တယ်။ တစ်မျိုးကတော့ တကယ်ကို နှေးသွားတဲ့ အရှိန်အဟုန်ပေါ်မှာ ကြည့်ပြီး စိုးရိမ်စိတ် အမှန်တကယ် စိုးရိမ်စိတ်နဲ့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ နောက်တစ်မျိုးကတော့ ရွေးကောက်ပွဲ ကာလဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Credit ခရက်ဒစ် မပေးချင်သူ၊ အောင်မြင်မှုကို အသိအမှတ်မပြုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တဲ့လူတွေရှိတယ်။ နောက်တစ်ခါ ဘယ်လိုလူမျိုးတွေ ရှိလဲဆိုတော့။ ခင်ဗျားလည်း ပြည်ပကိုထွက်ပြီး အတိုက်အခံဘဝနဲ့ နေခဲ့ဖူးတာပဲ။ အဲ့တော့ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ အစိုးရ အတိုက်အခံလုပ်ရင်းနဲ့ ရလာတဲ့ donor အလှူရှင် တွေရဲ့ ငွေကြေးတွေ ရလာတဲ့ အခွင့်အရေးတွေမှာ သာယာနေတဲ့ သူတွေကလည်း ရှိတယ်။ ဒီလိုလူတွေ ကလည်း ခင်ဗျားတို့ကကျတော့ ဆုံးဖြတ်ပြီး၊ ပြည်တွင်းကို ဝင်လာပြီးတော့မှ ဒီကစားနည်းထဲမှာ ဝင်ကစား နေပေမယ့်၊ တစ်ချို့ကျတော့အပြင်မှာ သူတို့အရင်ရနေတဲ့ အခွင့်အရေးတွေနဲ့ ဆက်ပြီးနေချင်တဲ့သူတွေ ရှိတယ်။ အဲ့လိုလူမျိုးတွေကလည်း မြန်မာပြည် ပြောင်းလဲသွားပြီလို့ ပြောလိုက်လို့ရှိရင် သူတို့ရဲ့အခန်းကဏ္ဍ ပျောက်သွားမှာစိုးလို့ သူတို့က ဆက်ပြောနေတာတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က နှစ်ပိုင်းခွဲ မြင်တယ်။ ပထမ အမှန်တကယ် စိုးရိမ်တဲ့သူတွေ၊ ပြီးတဲ့ခါကျတော့ ကျွန်တော်ခင်ဗျားကို ရှင်းပြသလိုပဲ ဒါဟာ မဟုတ်ဘူးလို့ ပြောချင်တယ်။ အသိအမှတ်ပြုဖို့ ငြင်းဆန်နေတဲ့သူတွေ မိမိရဲ့ ဟိုတုန်းက သာယာခဲ့တဲ့ အခွင့်အရေးတွေ ဆုံးပါးသွားမှာစိုးလို့ မပြောင်းပါဘူးလို့ ပြောနေတဲ့သူအတွက်ကတော့ ကျွန်တော်က ပြန်ရှင်းစရာ စကားမရှိဘူး။
အမေး။ ။ အဲ့တော့ဝန်ကြီးအနေနဲ့ နောက်ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေး လမ်းကြောင်းက ဘယ်လိုမျိုး ထိရောက်နိုင်မလဲ၊ ဘယ်လိုမျိုးသွားမယ်လို့ လှမ်းမျှော်မြင်လို့ရလဲ ခင်ဗျ။
အဖြေ။ ။ ခင်ဗျား ဒီကိစ္စမျိုးကတော့ အကယ်၍များသာ (If) နဲ့ လှမ်းလို့ မသင့်ဘူးပေါ့။ သို့သော် အောင်မြင်ခြင်း မအောင်မြင်ခြင်း ကတော့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်နေတဲ့ ဇာတ်ကောင်တွေ အားလုံးရဲ့ အမြော်အမြင်ကြီးမှု၊ နောက်တစ်ခါ အခြေအနေနဲ့  အချိန်အခါ လိုက်လျောညီထွေ ကျင့်သုံးနိုင်မှုတွေပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်မြင်တယ်။ ခင်ဗျားလည်း သိတာပဲ ဆိုရိုးစကားရှိတယ်လေ။ နိုင်ငံရေး ဆိုတာက ဖြစ်နိုင်ခြေရှိတာက စလုပ်ရတာကိုး အဲ့တော့ ဒီအတိုင်းလုပ်သွားရင်တော့ အောင်မြင်မယ်။ အဲ့လိုမလုပ်ဘူး ဆိုရင်တော့ ရုန်းရကန်ရတာ ပိုများမှာပေါ့။
အမေး။ ။ မြန်မာပြည်အကြောင်းကို မြန်မာပြည်တွင်းက မီဒီယာတွေက ရေးကြတယ်၊ နိုင်ငံခြားမီဒီယာတွေကလည်း ရေးကြတယ်။ အဲ့ဒီ့ရဲ့ကွာဟချက်တွေ အဲ့ဒီ့မြန်မာပြည်အပေါ် ရေးတာတွေအပေါ် ဝန်ကြီးအနေနဲ့ ဘယ်လို မြင်လဲခင်ဗျ။
အဖြေ။ ။ ကျွန်တော်ကတော့ ပြည်တွင်း ပြည်ပလို့ မခွဲချင်ပါဘူး။ မီဒီယာသမားတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရေးတဲ့ အခါမှာ နှစ်မျိုးပါပ။ဲ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် တကယ့်ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် အမှန်တွေပေါ်မှာ မူတည်ပြီးတော့မှ ဓမ္မဓိဋ္ဌာန်ကျကျ ဘယ်သူ့ကိုမဆို မထောက်မညှာရေးပေါ့။ ဘယ်သူ ဆိုတာက ကျွန်တော်တို့ အစိုးရပဲဖြစ်ဖြစ်၊ ဥပဒေပြုရေး မဏ္ဍိုင်ပဲဖြစ်ဖြစ် ဥပဒေပြုရေးမဏ္ဍိုင်မှာတောင်မှ ဘယ်ပါတီပဲဖြစ်ဖြစ် ဘယ်နိုင်ငံရဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ် မထောက်မညှာ ဝေဖန်ရေးသားတဲ့ သူတွေ ရှိတယ်။ နောက်တစ်ခါကတော့ ပြည်တွင်း မှာကော ပြည်ပမှာကော နဂိုသူတို့ရှိထားတဲ့ အစွဲတွေကြောင့်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ် တမင်သက်သက် Agenda တစ်ခုခုပေါ် မရောက်ရောက်အောင် ဆွဲတင်ပြီးတော့ ရေးနေတဲ့သူတွေလည်း ရှိတယ်။ ဒီလိုပဲ ကျွန်တော် မြင်ပါတယ်။ ပြည်တွင်း မို့သက်သက် ပြည်ပမို့သက်သက် မဟုတ်ဘူး။ ညာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ အချက်နှစ်ချက်ပေါ် မူတည်ပြီးတော့ ပြည်တွင်းမှာကော ပြည်ပ မှာကောနှစ်မျိုးတော့ ကွဲနေတယ်ပေါ့။


ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၃)


မေး - ဝန်ကြီးက လူမှုကွန်ရက် ဆိုရှယ်မီဒီယာ ဖေ့ဘွတ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးတယ်ပေါ့နော်။ အဲ့ဒါက ပျော်တာလား။ enjoy ဖြစ်တာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့တာဝန် ဝတ္တရားအနေနဲ့ သုံးတာလား။
ဖြေ - ကျွန်တော့်ရဲ့ပင်ကိုယ် သဘာဝပြောရရင်ကျွန်တော်က လူတွေနဲ့တွေ့ဆုံစကားပြောရတာကို သဘောကျတယ်။ အရင် ဒုညွှန်ချုပ် ညွှန်ချုပ်လုပ်ခဲ့တုန်းက ဝန်ထမ်းတွေကို မေးကြည့်ရင်လည်း သိမှာပါ ရုံးမှာနေရင်တောင် တစ်ရက်ကို ဝန်ထမ်းတစ်ယောက်ခေါ်ပြီး သူတို့အကြောင်းတွေမေးတယ်။
ခရီးသွားတယ်ဆိုရင်လည်း ဈေးဆိုင်မှာထိုင်ရင် ဈေးဆိုင်ကလူတွေ အကြောင်းမေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော် ရာထူး ကြီးကြီးလာတဲ့ အခါကျတော့ တွေ့ဆုံနိုင်တဲ့အခွင့်အရေးက နည်းနည်းနည်းလာတယ်။ အဲ့တော့ ဒီလိုတွေ့ဆုံနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို လိုက်ရှာလိုက်တဲ့အခါကျတော့ ဒီဖေ့ဘွတ်ကို သွားတွေ့တာပေါ့။ ဒါကိုဖွင့်ပေးထားခြင်းအားဖြင့် ကျွန်တော့် အတွေးအမြင်တွေကို လူတွေဆီကို ပေးလို့ရတယ်။ လူတွေကနေမှ ကောင်းတာဆိုးတာ feedback လိုမျိုးကိုလည်း ကျွန်တော်ကြည့်လို့ရတယ်။ နောက်တစ်ခါ သမ္မတရဲ့ပြောရေးဆိုခွင့် ရှိသူအဖြစ်နဲ့ တာဝန်ထမ်းဆောင်တယ်။ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်တဲ့ အခါကျတော့ တစ်ချို့feedback တွေက ကျွန်တော့်လုပ်ငန်းမှာလည်း သုံးလို့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ဝါသနာကို အခြေခံပြီးတော့မှ မိမိလုပ်ငန်းတာဝန် အောင်မြင်မှုမှာ ပိုပြီးတော့ ထိရောက်အောင် သုံးတယ်လို့ပဲ ပြောရမှာပေါ့။
နောက်တစ်ခုက ကျွန်တော့်အထက်မှာ အထက်အရာရှိတွေ ခေါင်းဆောင်တွေ အများကြီး ကြုံဖူးတာပေါ့။ ကျွန်တော်မကြိုက်တဲ့ ခေါင်းဆောင်တွေလည်း ရှိတယ်။ တချို့က ကိုယ့်ရဲ့တာဝန်နဲ့နေတယ်၊ နေပြီးတော့မှ ခံယူချက်တော့ အမျိုးမျိုးရှိမှာပေါ့။ သို့သော် မနက်ရုံးတတ်ချိန်ကနေ စပြီးတော့ ရုံးဆင်းချိန်ထိ လမ်းမှာတွေ့တဲ့ ဝန်ထမ်းတစ်ယောက်ကိုတောင်မှ ပြုံးမပြဘူး နှုတ်ဆက်စကားမပြောတဲ့ ခေါင်းဆောင်မျိုးလည်း ကျွန်တော်တွေ့ဖူးတယ်။ အဲ့တော့ ဘယ်လောက်ထိ ဖြစ်လဲဆိုရင် ဒုညွှန်ချုပ် ညွှန်ချုပ်လောက်ထိတောင်မှ တာဝန်ကလွဲရင် ဟက်ဟက်ပက်ပက် စကားမပြောတဲ့ ခေါင်းဆောင်မျိုးနဲ့လည်း ကျွန်တော်ကြုံဖူးတယ်။ အဲ့ဒီ့လူတွေမှာ ကျွန်တော် ဘာအားနည်းချက်တွေ့လဲဆိုတော့ သူတို့က သီအိုရီပေါ်မှာ ပျော်မွေ့ပြီးတော့မှ နေတယ်။ လက်တွေ့လောကမှာ ရှိတဲ့လူတွေရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစားဖို့ မရှိဘူး။
အဲ့တော့ (၁)က ကျွန်တော်ရဲ့ဝါသနာနဲ့ အလုပ်တာဝန်ကို ကျွန်တော်က ပေါင်းစပ်ပြီး သုံးချင်တာကြောင့် ဖေ့စ်ဘွတ်ကို ကျွန်တော်သုံးတယ်။ (၂)ကတော့ ကျွန်တော်မကြိုက်တဲ့ ခေါင်းဆောင်မှုပုံစံမျိုးပေါ့၊ ကင်းကွာပြီးတော့မှ ကိုယ့်ရဲ့သီအိုရီထဲမှာပဲ နေပြီးတော့မှ ဖြစ်နေတဲ့ဟာမျိုးကိုလည်း ရှောင်ရှားချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်ဖေ့စ်ဘွတ်ကို သုံးတာ။
မေး - ဖေ့ဘွတ်ကို အသုံးပြုတဲ့အခါမှာ တချို့တွေဆို ဝန်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း စကားပြောတာတွေ ရှိတယ်၊ ဝန်ကြီးကလည်း ပြန်ပြီးတော့ ဖြေရှင်းတဲ့ အပြန်အလှန်ဟာမျိုးတွေ ရှိတယ်။ စိတ်ညစ်တာတွေ ကိုယ်တင်လိုက်တာကို နောင်တရတာတွေ မရှိဘူးလား။
ဖြေ - ကျွန်တော်တင်တဲ့ ဟာတွေနဲ့ပတ်သက်လို့ နောင်တမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် စဉ်းစားပြီးမှ တင်တာကိုး။ နောက်တစ်ခုကတော့ လာဆဲတာတွေနဲ့ ပတ်သက်ပြီးကတော့ဗျာ နံပါတ်(၁)က သူတို့အဆင့်အတန်း သူတို့ဖော်ပြနေတာပဲ။ (၂)ကတော့ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တစ်ပုဒ်ထဲမှာလည်း ရှိတယ်လေ။ ကိုယ်မယူရင် ကိုယ့်ဆီမရောက်ဘူးပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော်ကတော့ လုပ်တာပဲ။ သို့သော် ဒီလိုအဆဲခံရလို့ Comment တွေကို ပိတ်ပစ်မယ် ဆိုတဲ့စိတ်တော့ မရှိပါဘူး။
မေး- ဝန်ကြီးက ပုဂ္ဂလိက မီဒီယာတွေနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့ကို တချို့ကို ဝေဖန်တယ်။ ပြင်းပြင်းထန်ထန် ဝေဖန်တာရှိတယ်။ အဲ့တော့ ပုဂ္ဂလိကမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ ရန်သူလို သဘောထားတာလား မိတ်ဆွေလို သဘောထားတာလား ဘယ်လိုဆက်ဆံတာလဲခင်ဗျ။
ဖြေ- ကျွန်တော်က Professional ကိုးဗျ။ တကယ်တမ်းကျတော့ ခင်ဗျားတို့လည်း မီဒီယာသမားဆိုတော့ မီဒီယာလုပ်ငန်းလုပ်ပြီဆို ခင်ဗျားတို့လည်း Professional ဖြစ်ရမှာ။ ကျွန်တော်လည်း ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာနဲ့ဆက်ဆံတာဆိုတော့ Professional ပေါ့။ အဲ့တော့ Professional ကိုတော့ မြန်မာလိုတော့ တိတိကျကျ ဘာသာပြန်ဖို့ တော်တော်ခက်ပါတယ်။ ဆိုလိုချင်တာကတော့ ချစ်ခြင်းမုန်းခြင်း မရှိဘဲနဲ့ မိမိအလုပ်ကို မိမိ တာဝန်ကျေအောင် လုပ်ဖို့ပေါ့။ ခင်ဗျားတို့အနေနဲ့ဆိုလည်း ကျွန်တော့်ကို ချစ်လို့မုန်းလို့ မဟုတ်ဘူး။ ထောက်ခံသင့်ထောက်ခံရမယ်။ ချီးကျူးသင့် ချီးကျူးရမယ်။ ဝေဖန်သင့် ဝေဖန်ရမယ်။ ဒီလိုပဲ ကျွန်တော်ကလည်း ခင်ဗျားတို့မှားတယ်ထင်ရင် ထောက်ပြမှာပဲ၊ ခင်ဗျားတို့ပြောလိုက်တဲ့ဟာ တစ်ခုသည် ကျွန်တော်ပြင်သင့်တယ်ထင်ရင် ကျွန်တော်ပြင်မှာပဲ။
သို့သော် ကျွန်တော့်ကို ဝေဖန်လို့ ခင်ဗျားတို့ကို နောက်တစ်ခါ မဆက်ဆံဘူးဆိုတဲ့ ကိစ္စမျိုးတော့ ကျွန်တော်မရှိဘူး။ ကျွန်တော့်ဘဝမှာ ဂျာနယ်တစ်စောင်ကိုပဲ သံတော်ဆင့်ကိုပဲ အင်တာဗျူး မဖြေဘူးလို့ ဆုံးဖြတ်ထားတာ ရှိတယ်။ အဲ့ဒါကလည်း ကျွန်တော်မပြောတဲ့ စကားတစ်ခုကို မျက်နှာဖုံးတင်ပြီးတော့ ပြောလို့၊ ကျွန်တော်က ပြန်ပြင်ပေးပါလို့ ပြောတဲ့အခါမှာ မပြင်ဘူး။ မပြင်တဲ့အတွက်ကြောင့်မို့ ဒါကတော့ Professional မဆန်တဲ့အတွက်ကြောင့်မို့ မဖြေတာပါ။ ဒါပေမယ့် သူတို့ကို လူချင်းတွေ့ရင်တော့ စကားပြောရင် ပြောမယ်။ ဒါပေမယ့် ကျွန်တော့ကို သတင်းကုတ် (Quote) လုပ်ဖို့မေးရင်တော့ ကျွန်တော်မဖြေပါဘူး။
မေး - ဝန်ကြီး မဇ္ဈိမကိုရော ဖတ်ပါသလားခင်ဗျ။ မဇ္ဈိမရဲ့ ရေးသားဖော်ပြမှုတွေကိုရော ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဖြေ- မဇ္ဈိမကို ကျွန်တော် ပုံနှိပ်လည်း ဖတ်ပါတယ်။ မြန်မာဘာသာကို အရင်ပြောမယ်နော်။ မြန်မာစာနဲ့ ထုတ်တဲ့ သတင်းစာကိုလည်း ဖတ်ပါတယ်။ ခင်ဗျားတို့ရဲ့ ရေးတဲ့သားတဲ့ ပုံစံတွေလည်း ကျွန်တော်ကြိုက်ပါတယ်။ တစ်ခါတလေ မကြိုက်တာတော့ တစ်ခါတလေမှာ ခေါင်းကြီးပိုင်းမှာ ခင်ဗျားတို့ရဲ့ ခေါင်းကြီးရေးတဲ့သူက သူ့ရဲ့ ပုဂ္ဂိုလ်ရေး အတွေးအမြင်တွေ လွှမ်းမိုးတာတွေရှိတယ်။ တကယ်တော့ ခေါင်းကြီးဆိုတာ တည်တည်တံ့တံ့ ခန့်ခန့်ညားညား ရေးရတယ်။ တစ်ခါတလေမှာ ခင်ဗျားတို့ရဲ့ ခေါင်းကြီးတွေက ပုဂ္ဂိုလ်ရေးခံစားချက် လွှမ်းပြီးတော့မှ သုံးလိုက်တဲ့ အသုံးအနှုန်းတွေက ခေါင်းကြီးနဲ့ မသင့်တော်တဲ့ဟာတွေ ပါတယ်လို့တော့ ကျွန်တော်မြင်တယ်။
နောက်တစ်ခုကတော့ ခင်ဗျားတို့ အင်္ဂလိပ်လို ထုတ်တဲ့ မဂ္ဂဇင်းပေါ့လေ။ အဲဒါတော့ ကျွန်တော်တို့ ကြိုက်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ဆီက ရေးနေတဲ့ Global New Light of Myanmar ကိုလည်း ပြောပါတယ်။ ခင်ဗျားတို့ရဲ့ အကြောင်းအရာရွေးတာ။ စာလုံးသုံးတာတွေကိုလည်း ကြိုက်ပါတယ်။
မေး - ကျွန်တော်တို့ မဇ္ဈိမအနေနဲ့ ဘက်လိုက်မှုပေါ့။ အကုန်လုံးကို ခြုံပြီး ဟိုနိုင်ငံရေးပါတီ၊ ဒီနိုင်ငံရေးပါတီ၊ ဟိုစီးပွားရေးသမား စသဖြင့် ဘက်လိုက်မှုနဲ့ ပတ်သက်လို့ရော ဝန်ကြီးမှာ comment ရှိပါလားခင်ဗျ။
ဖြေ - နိုင်ငံရေးပါတီတွေ၊ စီးပွားရေးလုပ်ငန်းတွေ ကြားမှာတော့ မရှိဘူး။ ယေဘုယျ မရှိဘူးပေါ့။ လေ့လာမိသလောက် သိသာထင်ရှားတဲ့ ဘက်လိုက်မှု မတွေ့ရဘူး။ သို့သော် တပ်မတော်အကြောင်းနဲ့ အစိုးရ အကြောင်း ရေးမယ်ဆိုရင်တော့ အထူးသဖြင့် ခင်ဗျားတို့ ဖြတ်သန်းလာခဲ့ရတဲ့ တစ်ချိန်က ပြည်ပမှာ သွားနေခဲ့ရတဲ့ သူတွေ၊ တချို့က ခင်ဗျားသတင်းထောက်တွေ ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက တစ်ခါတစ်လေမှာ လာပြီးတော့မှ ခင်ဗျားတို့ရဲ့ မသိစိတ်မှာပဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ အဲဒီ့မှာ လာလွှမ်းမိုးပြီးမှ ရှိတာတွေ ရှိတယ်။ ဥပမာဆိုပါတော့ အထူးသဖြင့် စကားလုံး အသုံးအနှုန်းတွေမှာပေါ့။ ခင်ဗျားကိုတောင် တစ်ခါ ပြောစရာရှိပါတယ်။ တစ်မတ်သား ရှိဖို့ လိုသလား၊ မလိုဘူးလား ဆိုတဲ့ အသုံးအနှုန်းမျိုး။ ဒီအသုံးအနှုန်းထက် ပိုပြီး ကောင်းကောင်းပြောရင်လည်း ရတာပေါ့။ ဒါတွေကတော့ ခင်ဗျားတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝက ဖြစ်လာတဲ့ ခံစားမှုတွေက ခင်ဗျားတို့ကို လာပြီးတော့ လွှမ်းမိုးတာတွေလည်း ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် တပ်မတော်နဲ့ အစိုးရကို ရေးတဲ့အခါမှာ။
မေး - ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ မြင်ပါသလား။ သတင်းထောက်တွေ အနေနဲ့ကရော လွတ်လပ်စွာ သတင်းရယူ ဖော်ပြနိုင်မယ်လို့ ထင်ပါသလားခင်ဗျ။
ဖြေ- နိုင်ငံတကာနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်နေတယ်။ နိုင်ငံတော် သမ္မတကြီးကရော၊ တပ်မတော်ကရော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ ပြောထားပြီးပြီ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံတော်ပိုင်းရယ်၊ ရွေးကောက်ပွဲ ကော်မရှင်ရယ်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပိုင်းဖြတ်ထားပြီးသား။ ဒါပေမယ့် တကယ့်အပြည့်အစုံ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က အစိုးရရယ်၊ ရွေးကောက်ပွဲ ကော်မရှင်ရယ်နဲ့ လုပ်လို့မရဘူး။ ကိုယ်စားလှယ် တစ်ဦးချင်းက မဲဆွယ်စည်းရုံးတဲ့အခါမှာရော၊ ပါတီတစ်ပါတီအလိုက် မဲဆွယ်စည်းရုံးတဲ့ အခါမှာရော၊ တချို့နေရာတွေမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ရှိနေတဲ့ နေရာမျိုးတွေမှာ၊ နောက်တစ်ခါ သတင်းမီဒီယာတွေကရော အကုန်လုံးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့။
ခင်ဗျားတို့ဆိုရင်လည်း ရေးတဲ့သတင်းတွေ အားလုံးက ဘက်လိုက်မှုမရှိအောင်၊ မျှတမှုရှိအောင် လုပ်ဖို့လိုတာပေါ့။ ဒါကတော့ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့အပိုင်းပေါ့။
တစ်ခုတော့ရှိတာပေါ့။ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရတယ်ဆိုတာကို ဘယ်စံနဲ့တိုင်းမှာလဲ။ လူတစ်ယောက်ကို မဲထည့်တာအထိ လိုက်ပြီးတော့ ရိုက်လို့ရမှာ ခင်ဗျားလွတ်လပ်တယ်လို့ လက်ခံမှာလား။ ဒါမျိုးတော့ မရနိုင်ဘူး။ ဘယ်နိုင်ငံမှာမှ မရဘူး။ နိုင်ငံတကာမှာလည်း သူ့သတ်မှတ်တဲ့ မဲရုံအပြင်ကနေ လွတ်လပ်စွာ မဲပေးခွင့်ကို မထိခိုက်အောင် ခင်ဗျားတို့ ယူလို့ရမှာပဲ။ နောက်တခါ ရွေးချယ်ခံ ကိုယ်စားလှယ် ပါတီနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ရေးတဲ့အခါမှာ မသေချာတဲ့သတင်းတစ်ခုကို အပုတ်ချတာမျိုး၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုး၊ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် လွဲအောင် ဘက်လိုက်ပြီးရေးတာမျိုး မဖြစ်အောင်တော့ ခင်ဗျားတို့ထိန်းရမှာပဲ။ ဒါတွေကတော့ ကန့်သတ်ချက်တွေ ရှိမှာပေါ့။ ဒါကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်က လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းများဆိုပြီး ကျွန်တော်တို့ထုတ်နေတာပေါ့။
ဥပမာဆိုပါစို့ ဥရောပသမဂ္ဂက ထုတ်ထားတဲ့ ရွေးကောက်ပွဲ သတင်းယူခြင်းနဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့ ကျင့်ဝတ်။ ဒီလိုဟာမျိုးတော့ ခင်ဗျားတို့ လိုက်နာရမှာပေါ့။ နောက်တစ်ခုက ကျွန်တော်မီဒီယာတွေကို ပြောချင်တာက မီဒီယာတွေက တစ်ခါတစ်လေကျရင် ကိုယ့်စိတ်ထဲမှာ နဂိုကတည်းက ကြည်ညိုပြီးသား ပုဂ္ဂိုလ်တစ်ယောက်၊ ပါတီတစ်ခုကပြောလို့ရှိရင် ပြန်ပြီးတော့မှ မေးခွန်းထုတ်ဖို့၊ ဆန်းစစ်ဖို့ ပျက်ကွက်တာတွေ ရှိတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ဖို့ဆိုရင် ခင်ဗျားတို့ မီဒီယာတွေ အနေနဲ့လည်း ပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်ကို သတ်သတ် သတင်းပို့တာမျိုး မဟုတ်ဘဲ၊ သူတို့ရဲ့ ပြောဆိုချက်တွေပေါ်မှာ ဝေဖန်စမ်းစစ်မှုတွေ၊ မေးခွန်းထုတ်မှုတွေ၊ မျှမျှတတ လုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။
မေး - မနေ့က ဆွေးနွေးပွဲမှာလည်း အဲ့အချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတော့ ကျွန်တော် ကြားလိုက်ပါတယ်။ ရုပ်မြင်သံကြားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ Debate တွေ၊ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲပါတီတို့က တာဝန်ရှိသူတွေကို ခေါ်ပြီး ခုနလို ဝန်ကြီးထောက်ပြသလိုပဲ။ ထောက်ပြတာလည်း ပါတယ်။ Cross Question တွေ မေးတာလည်းပါမယ်။ အဲ့ဒီလို Debate လုပ်ဖို့ အစီအစဉ်တွေ ရှိလားခင်ဗျ။ လုပ်လို့ရလားခင်ဗျ။
ဖြေ- ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အခုချိန်ထိပေါ့၊ ကျွန်တော်တို့ ဆုံးဖြတ်ထားတာကတော့ တစ်ဦးချင်း အနေနဲ့ ပါတီတစ်ခုချင်း အနေနဲ့ သူတို့ရဲ့ မူဝါဒတွေ၊ အယူအဆတွေကို ပြည်သူတွေကို အသိပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ တူညီတဲ့ အသံလွှင့်ချိန်၊ ထုတ်လွှင့်ချိန် ကျွန်တော်တို့ပေးမယ်။ သတင်းစာတွေမှာ ကျွန်တော်တို့ တူညီတဲ့ ကော်လံအရေအတွက် ပေးမယ်။ ဒါပဲ ကျွန်တော် ဆုံးဖြတ်ထားတယ်။ အဲတော့ ခေါ်ပြီးတော့ Debate လုပ်တယ်ဆိုရင် ကျွန်တော်တို့က အမေရိကားမှာ Debate လုပ်တယ်။ အင်္ဂလန်မှာ Debate လုပ်တယ်။ တစ်ချို့ဥရောပနိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ Debate လုပ်တယ် ဆိုတာ သူတို့မှာ ပါတီတွေလည်း နည်းနည်းလေးပဲ။ အဓိကပါတီကြီးက နှစ်ခု၊ သုံးခု၊ လေးငါးခုပဲရှိတာ။ သမ္မတက တိုက်ရိုက်ရွေးတဲ့စနစ်ဆိုလည်း သမ္မတလောင်းက လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်ပဲ ရှိတာ။ အဓိကဆို နှစ်ယောက်လောက်ပဲရှိတာ၊ အမေရိကန်မှာဆို။ ကျွန်တော်တို့ဆီမှာကျတော့ သမ္မတက တိုက်ရိုက်ရွေးတဲ့ စနစ်မဟုတ်တော့ သမ္မတရွေးကောက်ပွဲအတွက် Debate လုပ်စရာ မဖြစ်နိုင်ဘူး။
ပါတီတွေလုပ်မယ်ဆိုလည်း နံပါတ် (၁)က အရေအတွက်ကို ပြောမယ်။ ၇၁ ပါတီ ရှိမယ်။ (၂)က အရည်အချင်းကို ပြောမယ်ဆိုရင် ခေါင်းဆောင်ထဲမှာ နဂိုတည်းက လူသိများ၊ ထင်ရှားပြီးတော့မှ ဒီလိုမျိုးပြောတာကို အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ တချို့ကျတော့ ဒီကနေ့မှ နိုင်ငံရေး လောကထဲ ဝင်လာပြီး ကိုယ့်ဒေသကိုယ် ကောင်းအောင်လုပ်ချင်တဲ့သူတွေရှိတယ်။ အဲတော့ မတူညီတဲ့ နှစ်ခုကို ကျွန်တော်တို့က အစိုးရမီဒီယာမှာ ခေါ်ပြီး Debate လုပ်ခိုင်းလိုက်မယ်ဆိုရင် သွားပြီးတော့ အခွင့်အရေး ပေးသလို ဖြစ်မှာလည်း စိုးတယ်။ ဒါကြောင့်မို့လို့ လက်ရှိ အချိန်အထိတော့ ကျွန်တော်တို့က အဲဒီ့လို Debate မျိုးလုပ်ဖို့ကို မစဉ်းစားထားသေးဘူး။ DVB လိုဟာမျိုး၊ RFA တို့ က လုပ်ချင်ရင်လုပ်။ ဒါက သူတို့ရဲ့သဘောပဲ။


ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၄) နောက်ဆုံးပိုင်း


မေး- ဝန်ကြီးအနေနဲ့ ၂၀၁၅မှာ ဝင်မပြိုင်ဘူးလို့ ပြောထားတာရှိတယ်။ ဒီတော့ ဝန်ကြီးအနေနဲ့ ၂၀၁၅ အလွန်မှာ နောက်အစိုးရ တက်တဲ့ကာလပေါ့နော်။ နောက်ငါးနှစ်မှာ ဝန်ကြီး ဘာလုပ်မယ်လို့ စဉ်းစားထားတာရှိလဲခင်ဗျ။
ဖြေ- ကျွန်တော်ကတော့ အခုချိန်ထိ စဉ်းစားထားတာကတော့၊ ၂၀၁၅ ဟိုဘက်ကို ဘာမှ ထည့်မစဉ်းစား သေးဘူး။ ဒီနေ့ ကျွန်တော် ဒီတာဝန်ထမ်းဆောင်တဲ့အချိန်မှာ တတ်နိုင်သမျှ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်သက်လို့မှ ကျွန်တော် အားစိုက်ပြီး လုပ်ဖို့ပဲ ကျွန်တော်စဉ်းစားတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်က ဟိုဘက်အခြမ်းမှာ ဘာဖြစ်မယ်ဆိုတာ ထည့်လည်း မတွေးပါဘူး။ တကယ်လို့ ကျွန်တော်က နောက်ထပ်လည်း ဘာမှ တာဝန်ထမ်းဆောင်စရာ မရှိတော့ဘူးဆိုရင်လည်း စာဖတ်တာ၊ စာရေးတာ၊ နောက် ဝါသနာပါတဲ့ ပရဟိတ အလုပ်မျိုးတွေလုပ်မှာပေါ့။
မေး- ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထင်ပါသလဲခင်ဗျ။ ထောက်ခံသလား။
ဖြေ- ကျွန်တော်ကတော့ အစိုးရဝန်ထမ်းဖြစ်နေတဲ့အတွက် ဘယ်ပါတီကို ထောက်ခံတယ်။ ဘယ်ပါတီကို မထောက်ခံဘူး။ ဘယ်သူ့ကိုကြိုက်တယ်။ မကြိုက်ဘူးဆိုတာ ကျွန်တော်က ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပြောကြားချက်တွေက ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက်ကို မဲဆွယ်ပေးတာမျိုး မရောက်ဖို့ လိုတာကိုး။ လူပုဂ္ဂိုလ်ချင်းအရ ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ ထက်မြက်တဲ့ အရည်အချင်း တွေ အများကြီးရှိတယ်။ သူနဲ့ကျွန်တော်နဲ့ တော်တော်များများ စကားပြောဖူးတဲ့အခါမှာ သူ့မှာ နှစ်သက်စရာ ကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိတယ်လို့တော့ မြင်တာပေါ့။ ဒါပေမယ့် အဲဒါတွေကို သူ နိုင်ငံရေးမှာ အသုံးချတဲ့ပေါ် မူတည်ပြီး အသုံးချခြင်းနဲ့ ပတ်သက်လို့ကတေ့ ကျွန်တော့်မှာရှိတဲ့ အမြင်ကို ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။
မေး -  ပြုပြင်ပြောင်းလဲရေး မစခင်နဲ့၊ စမယ်လို့ ကာလမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီးတော့ ကြေညာချက်၊ နှစ်ဦးသဘောတူပေါ့နော်။ အတိုက်အခံနဲ့ အစိုးရလို့ ပြောလို့ရတဲ့ နှစ်ဦးသဘောတူ ကြေညာချက် ထွက်လာတယ်။ နိုင်ငံ့အတွက် လိုတဲ့ဟာမျိုးမှာ ပေါင်းလုပ်မယ်ဆိုတာမျိုး၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးဆိုတဲ့ဟာက အခုလက်ရှိမှာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့၊ အစိုးရနဲ့ အတိုက်အခံအပါအဝင် တိုင်းရင်းသား အင်အားစုတွေ အပါအဝင် အဲဒီ့ Frame က ရှိသေးလား ခင်ဗျ။
ဖြေ- ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သမ္မတကြီး ရှေ့ပိုင်းမှာ လုပ်ခဲ့တဲ့ အစည်းအဝေးတွေ ရှိတယ်လေ။ ပထမ၊ တိုင်းရင်းသား ခေါင်းဆောင်တွေပါတယ်။ နောက်တစ်ခါ တိုင်းဒေသကြီးက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေပါတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေး လုပ်တယ်။ ဒါတွေအားလုံးက ကျွန်တော်တို့က ဒီ Frame ကြီးထဲမှာ လုပ်နေတာ။ သတ်မှတ်တဲ့ ပွိုင့်တစ်ခုရောက်သွားရင် ဒါတွေအားလုံးက လာစုမှာ။ တစ်ချိန်မှာ လာစုမှာ။ ပိုပြီးတော့ နည်းသွားမှာပေါ့။
ဒီ Frame ကတော့ ရှိနေမယ်။ ဒီ Frame ထဲမှာ အပိုင်းလေးတွေ ရှိနေမယ်။ အပိုင်းတစ်ခုချင်းစီမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုလေးတွေကတော့ အရှိန်အဟုန်မတူဘူး။
မေး -  ၂၀၁၅ ရွေးကောက်ပွဲအလွန် တက်လာတဲ့ အစိုးရက အခုလုပ်နေတဲ့ Process ကို၊ အခုလုပ်နေတဲ့ အပြောင်းအလဲကို ဆက်လုပ်နိုင်မယ်လို့ ထင်သလား။ ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်လို့ ထင်သလား။ ဒါမှမဟုတ် ပိုပြီးတော့ ခက်ခဲတဲ့လမ်းကို ဖြတ်ရမယ်လို့.. ဒါကတော့ လှမ်းပြီး မျှော်ကြည့်ရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုမျိုး ဘယ်လောက်ထိ လှမ်းမြင်နိုင်လဲ။ ပိုပြီးအခက်အခဲတွေ ရင်ဆိုင်ရမလား၊ မဟုတ်ဘူး ဒီအတိုင်းပဲ ဆက်ပြီးတော့ သွားနေရမယ်လို့ မြင်သလား။
ဖြေ - နှစ်ပိုင်းပြောရမယ်ဗျ။ တစ်ခုကတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဘာလုပ်နေလဲဆိုရင် (၁)ကတော့ ကျွန်တော်တို့အစိုးရသက်တမ်းမှာ ကျွန်တော်တို့ ဖြေရှင်းနိုင်တဲ့ ကိစ္စအားလုံးကို ဖြေရှင်းမယ်။ (၂)ကတော့ ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ Institutions တွေပေါ့။ Institutions လို့ ပြောတဲ့အခါမှာ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုတွေ ပါတယ်။ ဥပဒေကြောင်းဆိုင်ရာ တည်ဆောက်မှုတွေ ပါတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ ခိုင်မာအောင်လုပ်ဖို့။ အဲ့တော့ ဟိုဘက်မှာ တာဝန်ယူထားတဲ့သူက လုပ်တဲ့အခါမှာတော့ ဒီ Institutions ကို ဆက် အခြေခံပြီးတော့မှ သွားတဲ့အရှိန်တို့၊ နည်းနာတို့တော့ ပြောင်းရင် ပြောင်းသွားလိမ့်မယ်။ သို့သော် မြန်မာနိုင်ငံဟာ တစ်ချိန်မှာတော့ ဒင်းပြည့်၊ ကျပ်ပြည့်၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ရမယ်တို့ ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရှိရမယ်တို့၊ ဒီမိုကရက်တစ် အခွင့်အရေးတွေ အားလုံးကို လူတိုင်းခံစားနိုင်တဲ့ နိုင်ငံဖြစ်ရမယ်တို့ ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်ကိုတော့ ပြောင်းဖို့ အလားအလာမရှိဘူး။
အဲတော့ ခင်ဗျားပြောတာကို ပြန်ပြောရရင်တော့ (၁)က မဟာဗျူဟာ ရည်မှန်းချက်ကတော့ ဒီမိုကရေစီကို ရောက်အောင်သွားမယ်ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်ကတော့ ပြောင်းစရာမရှိဘူး။ (၂)ကတော့ ဒီဘက်မှာ ချထားတဲ့ တည်ဆောက်ပြီးသား Institutions တွေကတော့ ဟိုဘက်ကို ဆက်ပါသွားမှာ။ ဆိုတော့.. ဒီ Institutions  တွေ ပ်ါမှာ ထပ်ပြီးတော့ ချဲ့မလား။ နောက်သွားတဲ့ နည်းနာပိုင်းတွေမှာ ထပ်ပြီး အပြောင်းအလဲ ရှိမလား။ လားရာကတော့ ပြောင်းစရာမရှိပါဘူး။
မေး- ဝန်ကြီးပြောသွားတဲ့ထဲမှာလည်း တစ်ခုက ပြည်သူတွေရဲ့ မျှော်လင့်ချက်က ကြီးတယ်ပေါ့နော်။ မြင့်မားတယ်။ High Expectations ရှိတယ်။ ဆိုတော့ အခုပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ သွားနေတဲ့ ကာလတွေမှာလည်း လက်တွေ့မှာ သာမန်ပြည်သူတွေ အတွက်က အကျိုးကျေးဇူး ချက်ချင်းရလိုက်တာ မရှိဘူးပေါ့။ အထူးသဖြင့်တော့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးမှာ သူတို့အတွက် ရလိုက်တာ လက်ငင်းမှာ မရှိဘူး။ တချို့နေရာတွေမှာဆို နေစရိတ်တောင်မှ တက်လာတယ်။ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီ့မှာ သူတို့ရဲ့ အခက်အခဲတွေကို ပြုပြင်ပြောင်းလဲရေးက ရေတိုရေရှည် ဘယ်လောက်ထိ ဖြေရှင်းပေးနိုင်မယ်လို့ ထင်သလဲ။ အဓိကတော့ သူတို့ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ နေ့တစ်ဓူဝ ရုန်းကန်နေရတဲ့ အခက်အခဲတွေကိုပေါ့။
ဖြေ- တစ်ချက်ကတော့ ခင်ဗျားပြောသလိုပေါ့။ ပြည်သူတွေအနေနဲ့ လက်တွေ့ခံစားရတာ မရှိဘူးဆိုတာကတော့ လက်မခံပါဘူး။ လက်တွေ့ခံစားရတဲ့ နေရာတွေလည်း ရှိတယ်။ ဥပမာ ဆိုပါတော့ဗျာ။ နိုင်ငံသားတစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့ ပတ်သက်ရင် လူတွေဟာ ပိုသိတယ်။ မိမိရဲ့ အခွင့်အရေးကို ပိုသိလာတယ်။ မိမိရဲ့ ပြောရေးဆိုခွင့်ကို ပိုနားလည်လာတယ်။ မိမိရဲ့ အခန်းကဏ္ဍကို ပိုသိလာတယ်။ ဒါဆို ဒါဟာ နိုင်ငံရေးအရ လက်တွေ့ပြတာပဲ။
စီးပွားရေးအရ ပြောရမယ်ဆိုရင် ခင်ဗျားတို့ သိပါတယ်။ ပြည်သူတွေအတွက် တစ်ချိန်တုန်းက လက်လှမ်းမမီခဲ့တဲ့ သတင်းအချက်အလက် ရရှိနိုင်တဲ့ အခွင့်အရေးတွေ၊ ပိုမြန်လာတယ်။ မိုဘိုင်းဖုန်းလို ကိစ္စမျိုးတွေ မိုဘိုင်းဖုန်းဟာ ဖုန်းသက်သက်ချည်း မဟုတ်တော့ဘူး။ မိုဘိုင်းဖုန်းဟာ ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဟာလည်းဖြစ်တယ်။ သူရဲ့ စီးပွားရေးအခွင့်အလမ်းကို ဖွင့်ပေးတဲ့ဟာလည်းဖြစ်တယ်။ ဒါတွေကလည်း သိသာထင်ရှားတယ်။ ဥပမာ- ကားဈေးနှုန်းတွေ ဘာတွေဖြစ်လာလဲ၊ နောက်တခါ ခင်ဗျားပြောသလိုပဲ နေစရိတ်တွေမြင့်လာတာရှိတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာတာရှိတယ်။ သို့သော် တခြားအသွင်းကူးပြောင်းတဲ့နိုင်ငံတွေ ကြည့်ရင် Shock လို့ခေါ်တဲ့ ထိခိုက်မှုတွေ ရှိတယ်။
အရှေ့ဥရောပလို နိုင်ငံမျိုးမှာလို သို့သော် တကယ်တော့ သူတို့နဲ့ ပြန်နှိုင်းယှဉ် ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးဟာ နိုင်ငံရေးအရ ဖြစ်တဲ့ Shock မျိုး၊ စီးပွားရေးအရ ဖြစ်တဲ့ Shock မျိုး၊ အများကြီး ပိုနည်းတယ်။ Shock ရှိပေမယ့် ဒါတွေဟာ ကျွန်တော်တို့ စီမံခန့်ခွဲနိုင်တဲ့ Shock တွေလို့ပဲ ပြောရမှာ။ ဥပမာ ဆိုလို့ရှိရင် လူတွေဟာ အရင်တုန်းက မြန်မာနိုင်ငံမှာ ငွေလဲတဲ့နှုန်းကို တစ်ခုတည်းဖြစ်အောင် လုပ်လို့ရှိရင် ထိန်းမနိုင်၊ သိမ်းမရများ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ဒီလိုအခက်အခဲမျိုးဆိုရင် ဘာဖြစ်လဲ အစိုးရအနေနဲ့ ညင်ညင်သာသာလေးနဲ့ ကျွန်တော်တို့ ပြောင်းလဲပေးနိုင်တယ်။ လစာကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော်တို့ စတုန်းကတည်းက လွှတ်တော်က လစာကို ချက်ချင်းကြီး တိုးခိုင်းပေမယ့် ကျွန်တော်တို့သည် စီမံခန့်ခွဲနိုင်တဲ့အဆင့်ဖြစ်အောင် ကျွန်တော်တို့သည် အဆင့်ဆင့် ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ကိုင်တွယ်ခဲ့တယ်။ ဆိုလိုတာက အခွန်ကိုကြည့်တယ်။ ဘက်ဂျက်လိုငွေကို ကြည့်တယ်။ ပြည်တွင်းမှာ လှည့်လည်တဲ့ငွေကိုကြည့်တယ်။ ဒီလိုမျိုး ချိန်ပြီးတော့ လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့သည် အားလုံးကို စီမံခန့်ခွဲနိုင်တယ်။
အဲတော့ ခင်ဗျားပြောတာကို ပြန်ခြုံပြောရင် နေရာအားလုံးမှာ လက်တွေ့မခံစားရတာ မဟုတ်ဘူး။ လက်တွေ့ခံစားရတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်။ (၂)ကတော့ ခင်ဗျားပြောတဲ့ အခက်အခဲတွေ ရှိတာမှန်တယ်။ ဒါတွေကိုကျွန်တော်တို့ သို့သော်..ထိခိုက်မှုတွေ၊ Shock တွေကို ကျွန်တော်တို့ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ နံပါတ်(၃)ကတော့ ကျွန်တော်တို့ အရေးကြီးဆုံးက ရှေ့ဆက်သွားမယ့် လမ်းကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့က မူဘောင်တွေ အကုန်လုံး ဆွဲနိုင်ခဲ့တယ်။
၂၀၁၂ သြဂုတ်လမှာ ကျွန်တော်တို့ဆီက အဖွဲ့တွေနဲ့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းပြီးတော့မှ နေပြည်တော် Accord လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို ဆွဲခဲ့တယ်။ အဲ့ထဲမှာမှ ပညာရေး၊ စီးပွားရေးအလိုက် ကဏ္ဍအလိုက် အဲဒီ့ မူဘောင်ပေါ် မူတည်ပြီး ဆက်သွားတယ်။
ဆိုတော့ အသွင်ကူးပြောင်းရေး ကာလတစ်ခုမှာ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့သည် ဒါကို စီမံခန့်ခွဲနိုင်တယ်။ (၂)ကတော့ ဘာဖြစ်လဲ၊ အရင်ကလို လက်တန်း လုပ်တာမျိုး မဟုတ်ဘဲ ဘယ်သွားရမယ်ဆိုတဲ့ မူဘောင်တစ်ခုကို ခိုင်ခိုင်မာမာ ဆွဲနိုင်ခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေပေါ့။
မေး- ကျွန်တော့် နောက်ဆုံးမေးခွန်းက ပြည်ထောင်စုဝန်ကြီးတစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အခါမှာရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာရော ဝန်ကြီး အနေနဲ့ ဘယ်ဟာက မကြိုက်နှစ်သက်ဆုံးပေါ့.. ငါ့အနေနဲ့ ဒါကတော့ လုံးဝမကြိုက်နှစ်သက်ဘူးဆိုတာမျိုး ရှိသလဲခင်ဗျ။
ဖြေ- မရှိပါဘူး။ မကြိုက်နှစ်သက်တာတော့ မရှိဘူး။ ဖိအားပိုများတာနဲ့ ဖိအားနည်းတာပဲ ကွာမှာပေါ့။
မေး- ဒါဆို ဘယ်ဟာက အကြိုက်ဆုံးရှိလဲခင်ဗျ။
ဖြေ- ဘယ်ဟာက အကြိုက်ဆုံးလဲဆိုတော့ ကျွန်တော်က တာဝန်နှစ်ခုစလုံးမှာ ထမ်းဆောင်တဲ့ အတွက်ကြောင့် မို့လို့ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ စာလို့ရှိရင် ကျွန်တော်သည် ပြည်သူတွေနဲ့ ပိုပြီး တိုက်ရိုက်ထိတွေ့ခွင့်ရတယ်။ မီဒီယာတွေနဲ့ပိုပြီး ထိတွေ့ခွင့်ရတယ်။ ဒီတာဝန်နှစ်ခုစလုံးမှာ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ပြောပါဆိုလို့ရှိရင်တော့ အဲ့လို လူတွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရတာဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးအလုပ်ပဲ။
မကြိုက်ဆုံးအလုပ်လို့ ပြောပါဆိုလို့ရှိရင်တော့ တခါတလေမှာ ကျင့်ဝတ်ကို နားမလည်တဲ့သူတွေ၊ မသိတတ်တဲ့ သူတွေနဲ့ သိတဲ့သူတွေနဲ့ တွေ့ရင်တော့ စိတ်ညစ်တာပေါ့။ အဲ့ဒါတော့ ကျွန်တော့်ရဲ့ မကြိုက်ဆုံးကိစ္စပဲ။
မေး - မြန်မာပြည်ရဲ့ အနာဂတ်ကို ဝန်ကြီး အကောင်းဘက်က ရှုမြင်သလား။ မကောင်းဘက်က ဘယ်လို ရှုမြင်သလဲ။
ဖြေ- ကျွန်တော်ကတော့ အကောင်းဘက်က ရှုမြင်တယ်။ ကျွန်တော်တို့ သွားရတဲ့ခရီးတော့ ဝေးသေးပေမယ့် ပြီးခဲ့တဲ့ နောက်ကိုပြန်ကြည့်ရင် စတာထွက်တဲ့နေရာနဲ့ အခုနေရာကြားမှာ ကျွန်တော်တို့ အများကြီး လုပ်နိုင်ခဲ့တယ်။ ဥပမာ ခင်ဗျားတို့တောင်မှ အစိုးရသစ်တာဝန် စယူတဲ့အခါတုန်းက ဒီလောက် ဖြစ်လိမ့်မယ်လို့၊ အပြောင်းအလဲတစ်ခု မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။
ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဒီလိုထိုင်ပြီး စကားပြောရလိမ့်မယ်။ IPI လို အဖွဲ့အစည်းတစ်ခုက ဒီမှာလာပြီး လုပ်ရလိမ့်မယ်လို့၊ ခင်ဗျား မဇ္ဈိမအနေနဲ့ ဒါကို Co-host လုပ်ရလိမ့်မယ်လို့ ခင်ဗျားလည်း မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်ကတော့ နောက်ကိုပြန်ကြည့်ရင်လည်း ကျွန်တော်ကျေနပ်တယ်။ ရှေ့ကို အနာဂတ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော် အကောင်းမြင်တယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Mizzima News

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် အသစ် လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေ သူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်း တိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူ အမည်ပြောင်း လျှောက် ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
 ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၁၀-၄-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး(၁၁)ဦးနှင့် ထုတ်ဝေသူသက်တမ်းတိုး(၁၄)ဦး၊ ပေါင်း လုပ်ငန်း သက်တမ်းတိုး (၂၅)ဦးအား လည်းကောင်း၊ ပုံနှိပ် လုပ်ငန်းအသစ် လျှောက်ထားသူ(၅)ဦး၊ ထုတ်ဝေခွင့် အတွက် အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့် (၄)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၂)ဦး၊ အထွေထွေ ထုတ်ဝေခွင့် (၈)ဦး ပေါင်းလုပ်ငန်းအသစ်(၁၉)ဦး တို့အား လည်းကောင်း၊ ထုတ်ဝေလုပ်ငန်း အမည်ပြောင်း (၁)ဦး၊ ထုတ်ဝေသူအမည်ပြောင်း(၁)ဦး၊ ထုတ်ဝေသူအမည်နှင့်လုပ်ငန်းလိပ်စာပြောင်း(၁)ဦး တို့အား လည်း ကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ် လုပ်ငန်း အတွက် သက်တမ်းတိုး(၉၄၅)ဦးနှင့် အသစ်လျှောက်ထားသူ (၁၆၀)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး  (၉၅၁)ဦး နှင့်  အသစ်လျှောက်ထားသူ(၃၇၃)ဦး၊ သတင်းအေဂျင်စီလုပ်ငန်း အသစ် လျှောက် ထားသူ(၁၀)ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်(၂၄၃၉)စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 
ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦးနှင့် ပုံနှိပ်သက်တမ်းတိုး လျှောက်ထား သူတစ်ဦး တို့ကို အချက် အလက်များ စိစစ်ဆောင် ရွက်ဆဲဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံနှုန်းများနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည် ဖော်ဆောင်ရွက်သည့်ကော်မတီဝင်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အစိုးရ အဖွဲ့ဝင်များ ပူးပေါင်း၍ မူလတာဝန်များအပြင် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ကြေးနီစီမံကိန်းအား ဘက်စုံတောင့်စုံမှ စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ရေရှည်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဖြစ်သည်နှင့် အညီ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ဒေသနေ ပြည်သူများနှင့်ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏အစီရင်ခံစာပါ အကြံပြုချက်များကို အလေးထား လိုက်နာလျက် ဒေသဖွံ့ဖြိုးမှုကို အမှန်တကယ် ပြည့်ပြည့်ဝဝ ရရှိအောင် အစီအမံများ ချမှတ်၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ကော်မရှင်၏ အစီရင်ခံစာပါအကြံပြုချက် (၄၂)ချက်အပေါ် ကော်မတီအနေဖြင့် (၃၇)ချက်ကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၈၈.၁၀% ပြီးစီးခဲ့ပြီဟု ဆိုနိုင်ကြောင်း၊ ကျန်(၅) ချက်မှာ စီမံကိန်း ထုတ်လုပ်မှုကာလ တစ်လျှောက်လုံး Monitoring and Evaluations Process  ဖြင့် စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်ရမည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ မြေယာ လျော်ကြေးနှင့် ထောက်ပံ့ကြေး ထုတ်ယူရန် ကျန်သူများအား ထုတ်ပေးနိုင်ရေးနှင့် အသေးစား အလတ်စားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းများသာ ကျန်ရှိပါတော့ ကြောင်း၊၊
အဆိုပါလုပ်ငန်းများမှာ သတ္တုတူးဖော် ထုတ်လုပ်မှုလုပ်ငန်းစဉ် ကာလတစ်လျှောက်လုံး စောင့်ကြည့်ကြပ်မတ် သွားရမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပူးပေါင်းခန့်ခွဲမှု ကော်မတီ (Joint Management Committee- JMC) ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆက်လက် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊၊
JMC အနေဖြင့် စီမံကိန်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်း(ESIA) အပြီးသတ် အစီရင် ခံစာပါဖော်ပြချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး၊ စီမံကိန်းထုတ်လုပ်မှု ကာလတစ်လျှောက်လုံး စောင့်ကြပ် ကြည့်ရှု ဖြည့်ဆည်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာနှင့် ထုတ်လုပ်မှုဆိုင်ရာ  နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်များကို သတ်မှတ်ကာလအတွင်း ရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာများတွင် အမှန်တကယ် လိုအပ်သည့် လုပ်ငန်းများကို CSD ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး၍ လက်တွေ့ကျကျ ဆောင်ရွက်ပေးသွားစေ လိုကြောင်း၊  အကြောင်းအမျိုးမျိုးကြောင့် မြေယာလျော်ကြေး၊ ထောက်ပံ့ ကြေးထုတ်ယူရန် ကျန်ရှိသူများကို လည်း စည်းရုံးခြင်း၊ ဆွေးနွေးခြင်း နည်းလမ်းများဖြင့် လာရောက် ထုတ်ယူနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက Video Conferencing  စနစ်ဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့မှု၊ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးနှင့် ထောက်ပံ့ကြေးများ ထုတ်ပေးနိုင်ခဲ့မှုများ၊ စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် စီမံကိန်းဒေသအတွင်း စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြပြီး စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒများ အတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့သည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီမံကိန်းနယ်မြေ အတွင်းရှိ သာသနိက အဆောက်ဦများ ရွှေ့ပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပူးပေါင်းစီမံခန့်ခွဲမှု ကော်မတီ(JMC) ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်းက JMC အနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ကောင်းမွန်သည့် အုပ်ချုပ်မှု အစီအမံများ ချမှတ်ပြီး စီမံကိန်းကိုအောင်မြင်အောင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် သိမ်းဆည်း မြေယာစိစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင် ဒုတိယ ဝန်ကြီးများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းမြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်     ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြချက် များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့သည်။
MOI




မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တိုး တက်အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံ အကြားသဘော တူညီမှုရရှိခဲ့ပါတယ်။ တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတရုံး ၀န်ကြီးဦးအောင်မင်းနဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးတို့  ဧပြီလ ၁၄ ရက် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးရာမှာ  မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့  ကူညီမယ်လို့ မစ္စတာအာဘေးက ကတိပြုပြောဆိုတဲ့အကြောင်း  ဂျပန် နိုင်ငံခြားရေးဌာနကို ကိုးကားပြီး ကျိုဒိုသတင်းမှာဖော်ပြပါတယ်။ 

ဂျပန်အနေနဲ့  မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပံ့ပိုးပေးနေပြီး နှစ်ဖက် အကြား အစော ဆုံး အပစ်ရပ်လက်မှတ်ရေးထိုးကြတာကို မြင်တွေ့ရဖို့ မျှော်လင့်တဲ့အကြောင်း လည်းပြောပါတယ်။ ဒါ့ပြင် ပဋိပက္ခဖြစ်ရာ တိုင်းရင်းသားဒေသတွေမှာ လူနေမှုဘ၀တွေ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး ၅ နှစ်ကာလ အသုံးပြုရန် ပေးမယ်လို့ မနှစ်က ကတိပြုထားတဲ့ ဂျပန်ယန်းငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၈၃ဒသမ၅သန်း) ထောက်ပံ့ကူညီပေးမယ့် ကိစ္စကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီး ဦးအောင်မင်းတို့  အတည်ပြု သဘောတူခဲ့ကြပါတယ်။

 မြန်မာသမ္မတ ဦးသိန်းစိန်က ရှင်ဇိုအာဘေး ထံပေးပို့တဲ့ သ၀ဏ်လွှာမှာတော့  သမ္မတ အနေနဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အသေအချာ အောင်မြင်စေဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်၊ မကြာခင်အနာဂတ်ကာလမှာ အစိုးရအနေနဲ့ အပစ်ရပ်စာ ချုပ်ကို အပြီးသတ်နောက်ဆုံး လက်မှတ်ထိုးပြီးသွားရင် နိုင်ငံရေးဆွေးနွေးပွဲတွေ စလုပ်ချင်တယ်လို့ ရေးထားတဲ့အကြောင်း   ၀န်ကြီး ဦးအောင်မင်း ကပြောပါတယ်။

 နိုဝင်ဘာလကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မြန်မာအစိုးရအနေနဲ့  လွတ်လပ်မျှတစွာ ကျင်းပပေးဖို့မျှော်လင့်တယ်လို့လည်း ဂျပန် ၀န်ကြီးချုပ်က မြန်မာ အစိုးရ၀န်ကြီးတွေကို တိုက်တွန်းပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က   ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ အကြား  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း သဘောတူညီမှုရခဲ့ပြီးနောက်   ကော်မတီ ဒုဥက္ကဋ္ဌ    ဦးအောင်မင်းနဲ့ အဖွဲ့  ခုလိုဂျပန်နိုင်ငံ သွားရောက်တာဖြစ်ပါတယ်။

 သောကြာနေအထိ ၄ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်မှာ ဦးအောင်မင်းနဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  ဦးခင်ရီ၊ ဦးသန်းဌေးနဲ့ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ အပြင်  မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေလည်း လိုက်ပါသွားပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း  ဂျပန် ကာကွယ်ရေးဝန်ကြီးနဲ့ လည်းတွေ့ဆုံခဲ့သလို ဂျပန်နိုင်ငံ ဒိုင်းယက်လွှတ်တော်ကိုလည်း သွားရောက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှိဟီကိုနိုဒါ အပါအ၀င် ဂျပန်လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

mbn

ဂျပန်ရောက် ဆောက်လုပ်ရေးလုပ်သားများ ၀င်ငွေကောင်းသော အခြားလုပ်ငန်းခွင်သို့ ထွက်ပြေးမှုများလာ၍ လုပ်သားသစ်ပို့ရန် ခက်ခဲလာ

ဂျပန်နိုင်ငံသို့ ပို့ဆောင်ခဲ့သော  ဆောက်လုပ်ရေးလုပ်သားများ ၀င်ငွေကောင်းသော အခြားလုပ် ငန်းခွင်သို့ ထွက်ပြေးလုပ်ကိုင်မှု များပိုမိုဖြစ်ပေါ်နေသည်ဟု အေး ဂျင့်များထံမှ သတင်းရရှိသည်။
ဂျပန်နိုင်ငံ အနေဖြင့် ဆောက်လုပ်ရေးလုပ်သားလိုအပ် ချက်မြင့်မားနေခြင်းကြောင့် မြန် မာနိုင်ငံမှ လုပ်သားများကို တိုး မြှင့်ခေါ်ယူမှုများရှိနေသော်လည်း  လုပ်သားအချို့သည် ပို့ဆောင် လိုက်သော လုပ်ငန်းခွင်မှ ထွက် ပြေး၍ အခြားအလုပ်များ ၀င် ရောက်လုပ်ကိုင်နေခြင်းကြောင့် လုပ်သားသစ်များ ပို့ဆောင်ရန် အခက်အခဲများရှိလာသည်ဟု ဟာမိုနီပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ ဦးပီတာညွန့် မောင်ကပြောသည်။
‘‘ထွက်ပြေးတာတွေများ တော့ ပို့ရတာ အဆင်မပြေဘူး။ အရင်ကဆိုရင် တစ်နှစ်လောက် နေမှ ထွက်ပြေးကြတာ။ အခုကျ တော့ ရောက်ရောက်ချင်း သင် တန်းတစ်လတက်နေတဲ့ ကာလ အတွင်းမှာတင် ထွက်ပြေးကြတာ  မျိုးတွေရှိလာတယ်။ လုပ်သား ဦးရေရဲ့ သုံးချိုးတစ်ချိုးလောက်ရှိ တယ်’’ဟု ဦးပီတာညွန့်မောင်က ပြောသည်။
လုပ်သားများအနေဖြင့် ဂျပန်နိုင်ငံတွင် ကြိုတင်ရောက်ရှိ နေသူများနှင့် ချိတ်ဆက်ကာ လုပ် ငန်းခွင်မှ ထွက်ပြေးကြပြီး ဒုက္ခ သည်အဖြစ် လျှောက်ထားနေထိုင် ခွင့်ရရှိထားခြင်းကြောင့် အရေးယူ နိုင်ရန် ခက်ခဲနေသည်ဟု ဆိုသည်။ဂျပန်နိုင်ငံတွင် ပြည်ပမှ ရွှေ့ ပြောင်းလုပ်သားအဖြစ် မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ တရုတ် စသည်တို့ရှိကြပြီး မြန်မာနှင့် သီရိ လင်္ကာတို့မှာ ထွက်ပြေးမှုအများ ဆုံးအဖြစ် သတ်မှတ်ခံထားရ ကြောင်း သိရသည်။
ယင်းဆောက်လုပ်ရေးလုပ် သားများမှာ တစ်လလျှင် ကျပ် ၁၀ သိန်းခန့်ရရှိပြီး အခြားလစာ ကောင်းသော အလုပ်များမှာ တစ် လလျှင် ကျပ်သိန်း ၂၀ ခန့်အထိ ရရှိသောကြောင့် ပြောင်းရွှေ့လုပ် ကိုင်ကြခြင်းဖြစ်ကြောင်း သွား ရောက်လုပ်ကိုင်ခဲ့ဖူးသူ ကိုကျော် သီဟကပြောသည်။
‘‘အအခုချိန်ထိတော့ ထွက်ပြေးမှုရှိနေပေမယ့် လုပ်သားခေါ် ယူမှုက သူတို့ဘက်ကလည်း လိုအပ်ချက်များနေတော့ အခေါ်များ နေတုန်းပါပဲ။ ကိုယ့်ဘက်က ထိန်း သိမ်းမှုမလုပ်နိုင်ရင် နောက်ပိုင်း အခြေအနေမကောင်းဘူး။ တစ် လောကပဲ ဂျပန်အဖွဲ့ မြန်မာနိုင်ငံ ရောက်တော့ အလုပ်သမားဝန် ကြီးနဲ့ တွေ့ပြီး အလုပ်သမားတွေ ထွက်ပြေးတဲ့ကိစ္စဆွေးနွေးသွား ကြသေးတယ်’’ဟု မြန်မာပြည် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘အေးဂျင့်တွေဘက်က လည်း ကိုယ်ပို့လိုက်တဲ့ အလုပ် သမားဒီလိုမဖြစ်ရအောင် နောက် ပိုင်းထိန်းနိုင်အောင် ကြိုးစားနေ ကြတယ်။ တဖြည်းဖြည်းတော့ နည်းသွားမယ်ထင်တာပဲ။ အဓိက ကတော့ ဂျပန်ကလည်း ဒုက္ခ သည်လက်ခံတဲ့ မူဝါဒကြီးက လည်း ရှိနေတော့ ထွက်ပြေးချင် တဲ့သူတွေအတွက် အလွယ်လေး ဖြစ်နေတယ်’’ဟု ဦးပီတာညွန့် မောင်ကဆိုသည်။
ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၀ တွင် ပြုလုပ်မည့် အိုလံပစ်ပွဲတော် အတွက် အားကစားရုံများနှင့် အခြေခံအဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် ဆောက်လုပ်ရေး လုပ်သားလိုအပ် ချက်မြင့်မားနေခြင်းကြောင့် ယခု လမှစ၍ ယင်းလုပ်သားများ အ တွက် နေထိုင်အလုပ်လုပ်ကိုင် ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့သည်။ယခင်က နေထိုင်အလုပ် လုပ်ကိုင်ခွင့်သက်တမ်း သုံးနှစ် သာရှိရာမှ ယခုလမှစ၍ လုပ်ငန်း ခွင်ဝင်သော ဆောက်လုပ်ရေး လုပ်သားများအနေဖြင့် တစ်ဆက် တည်းနေထိုင်လုပ်ကိုင်ခွင့် သုံး နှစ်နှင့် သက်တမ်းတိုးလုပ်ကိုင်ခွင့်  ၂ နှစ် စုစုပေါင်း ငါးနှစ်လုပ်ကိုင် ခွင့်ရရှိမည်ဖြစ်သည်။
မိုးမင်း
7DD



တိုကျိုသင်္ကြန်ပွဲ ရန်ပွဲကြောင့် ပွဲပျက်ခဲ့ရ


ဂျပန်နိုင်ငံ Hibiya ပန်းခြံတွင် ဧပြီ ၁၂ရက်က တိုကျိုမြန်မာသင်္ကြန်ပွဲတော် ကျင်းပရာ မြန်မာအချင်းချင်း ရန်ဖြစ်ပြီး ပွဲပြီးခါနီးတွင် ပွဲပျက်ခဲ့ရသည်ဟု ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။ ရန်ပွဲဖြစ်သည့် နေရာသို့ ဂျပန် ရဲဌာန၊ မှုခင်း နှင့် သတင်းတပ်ဖွဲ့၊ မီးသတ်များ၊ လူနာတင်ယာဉ်များပါ ရောက်ရှိလာခဲ့သည်ဟု သိရသည်။


နိုင်ငံရေး၊စီးပွားရေး၊အာဃာတများဖြင့်လွှမ်းခြုံထားသော 

ရှက်စရာဂျပန်သင်္ကြန်



အတုယူစရာ အခြားနိုင်ငံအချို့၏ ချစ်စရာ့ မြန်မာ့သင်္ကြန်
သြစီ


ထိုင်း

တရုတ်


USA








သင်္ကြန်သီချင်းများ သီဆိုမည့် ဂျပန်အဆိုတော်နှင့် မေးမြန်းချက်


အချစ်သီချင်းတွေ ကမ္ဘာကြီးကို ပျံ့နှံ့စေချင်သူ ဂျပန် တေးရေး အဆိုတော် ဂျွန်ကိုဟာ မြန်မာသင်္ကြန်မှာ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိ ဂျပန်နိုင်ငံမှာ အောင်မြင်စပြုနေတဲ့ အဆိုတော်တဦးဖြစ်ပါတယ်။ ဂျွန်ကိုဟာ မြန်မာရိုးရာ အတာသင်္ကြန်မှာ သင်္ကြန်သီချင်းတွေကို သီဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို သီချင်းသွားဆိုဖြစ်ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဂျွန်ကို ကို ဒီဗွီဘီသတင်းထောက် ကိုဇော်ဇော်လှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။ ဘာကြောင့် မြန်မာပြည် သင်္ကြန်ကို သွားပြီး ဆိုမှာပါလဲ။ “ကျမအိမ်မက်တွေက ကျမရဲ့ အချစ်သီချင်းတွေကို ကမ္ဘာအနှံ့၊ နိုင်ငံတကာကို ပျံ့နှံ့စေချင်တာပါ။” နိုင်ငံတကာအဆင့်ဆိုရင် ဘာကြောင့် ကမ္ဘာမှာ တေးဂီတဆိုင်ရာ ထုတ်လုပ်မှုအပါအ၀င် အကြီးကျယ်ဆုံးတခုဖြစ်တဲ့ အမေရိကန်ရဲ့ AVIC  ကနေ ၂ ကြိမ်တိုင်အောင် ဆုရခဲ့ဖူးတာကို အမေရိကန်ကို မရွေးပဲ မြန်မာစာသင်၊ မြန်မာသီချင်းတွေ ဆိုချင်တာဘာကြောင့်ပါလဲ။
“ဂျပန်တွေလည်း နိုင်ငံတကာအဆင့်ဆိုရင် အမေရိကန်ကိုပဲမြင်မိမှာပါ။ ကျမ AVIC လို ကုမ္ပဏီက ဆုတွေရခဲ့ဖူးပေမယ့်  ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် လူသားအချင်းချင်းအတူတူပါပဲ။ ကျမဘေးက အသိမိတ်ဆွေတွေကတဆင့် ဂျပန်ရောက်မြန်မာတွေနဲ့ အသိမိတ်ဆွေဖြစ်ပြီး သူတို့ရဲ့ ရိုးသားကြိုးစားပြီး ကြင်နာဖော်ရွှေတာတွေကို ကျမသတိထားမိပြီး မြန်မာနိုင်ငံကို  စိတ်ဝင်စားသွားတာပါ။ “ကျမ ၉ နှစ်သမီးအရွယ်ကစလို့ အကျဉ်းထောင်းတွေ၊ လူအိုရုံတွေမှာ သီချင်းတွေ လိုက်ဆိုခဲ့ပါတယ်။ လူမှုအထောက်အကူပြုနိုင်တာတွေ လုပ်ချင်ပါတယ်။” မြန်မာနိုင်ငံကို ရောက်ဖူးပါသလား။ “မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ အထွဋ်အထိပ်ထားရာ နှစ်သစ်ကူးမှာ ကျမရဲ့ အချစ်သီချင်းတွေ၊ မြန်မာ့သင်္ကြန်သီချင်းတွေကို ကြိုစားဆိုမှာမို့ မြန်မာနိုင်ငံသားတွေနဲ့ အတူ ပျော်ရွှင်ကြည်နူးရမှာမို့ ရင်ခုန်နေပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်နှရက်နေမှာလဲ။  “၁၃ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ ရှိနေမှာပါ။” 

 ဇော်ဇော်လှိုင်
DVB