အင်ဒိုနီးရှားရဲနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူဟု ယူဆရသူတချို့ ပစ်ခတ်မှု ၃ ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိ သူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး၊ ၁ ဦးကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။
ဂျာဗားခရိုင်အနောက်ဘက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ နေအိမ်ကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ (တီမား ပရာဒိုပို) Timur Pradopo က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
၎ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေ ဘက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသခံသတင်းတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေ ၀ိုင်းထားတဲ့ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ရာက သေဆုံးခဲ့ တာလို့လည်း ဖော်ပြနေကြတာပါ။ ၁ ဦးကိုတော့ အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောဆိုခဲ့တာပါ။
သံသယရှိသူတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစ်စင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာပါ။ သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအ၀င် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက်
နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဒီအတွက်လည်း အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင်ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုံ့ပြန်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။
မကြာသေးခင်နှစ်တွေကစလို့ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် မကျေနပ်သူ အင်ဒိုနီးရှား မူဆလင် အစွန်းရောက်တွေက မြန်မာအစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

Category: