တိရစ္ဆာန် ၄၀၀ ကျော် စောင့်ရှောက်ထားသော ပခုက္ကူမြို့အနီးရှိ မေတ္တာစိမ့်စမ်း တိရစ္ဆာန်ကယ်ဆယ် စောင့်ရှောက်ရေးဥယျာဉ် ငွေကြေးအခက်အခဲကြောင့် ဆက်လက်ရပ်တည်ရေး ခက်ခဲလာ

မေတ္တာစိမ့်စမ်း တိရိစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေး ဥယျဉ်၌ တိရစ္ဆာန်များ အစာကျွေးနေစဉ်
ပခုက္ကူမြို့အနီး မေတ္တာစိမ့်စမ်း တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးရှိ နွား၊ ကျွဲ၊ မြင်း၊ ဆိတ်၊ ကြက် အစရှိသော တိရစ္ဆာန်အကောင် ၄၀၀ နီးပါးအား နေ့စဉ်ကျွေးမွေး စောင့်ရှောက်နိုင်ရေးအတွက် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရပြီး ဆက်လက်ရပ်တည်နိုင်ရေး ရုန်းကန်နေရကြောင်း တိရစ္ဆာန်ကယ်ဆယ် စောင့်ရှောက်ရေးလုပ်ကိုင်နေသူများ၏ ပြောကြားချက်အရ သိရသည်။
"မေတ္တာစိမ့်စမ်း တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဥယျာဉ်တွင် နွားအကောင် ၂၀၀ နီးပါး၊ ဆိတ် ၁၅ ကောင်၊ မြင်းတစ်ကောင်၊ ကျွဲနှစ်ကောင်နှင့် ခွေးအကောင် ၇၀၊ ကြက်အကောင် ၁၀၀ အပါအ၀င် အခြားတိရစ္ဆာန်များအားလည်း ကျွေးမွေးလျက်ရှိပြီး တစ်လလျှင် ကျွေးမွေးစရိတ် ကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း သိရသည်။
"လက်ရှိစောင့်ရှောက်ထားတဲ့ တိရစ္ဆာန်က အကောင်စုံ ၄၀၀ လောက်ရှိတယ်။ တစ်လကျွေးမွေးစရိတ်က ၂၅ သိန်းလောက်ကုန်တယ်။ တစ်နေ့ကို ကျပ် ၈၅၀၀၀ လောက်ကျတယ်။ ကြက်အကောင် ၁၀၀နဲ့ ခွေး ၇၀ စာအတွက်ကိုက တစ်လကို ခုနစ်သိန်းလောက်ကုန်တယ်။ စမတည်ပြီးကတည်းက အစ်မတို့လည်း နိုင်သလောက်လုပ်လာခဲ့တာ အခုဆို ရန်ပုံငွေတအားနည်းနေတော့ နေ့စဉ်တိရစ္ဆာန်အစာရဖို့ အတော်ကြိုးစားနေရတယ်။ လာမယ့်နွေမှာ အရင်နှစ်လို နွားစာရှားရင် အခက်အခဲတွေ အများကြီးကြုံရနိုင်တယ်"ဟု မေတ္တာစိမ့်စမ်းတိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဥယျာဉ်မှ ဒေါ်ဥမ္မာသန်းက ပြောကြားသည်။
ပခုက္ကူမြို့အနီးရှိ အဆိုပါမေတ္တာစိမ့်စမ်း တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေး ဥယျာဉ်အား၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ခြံအကျယ် ၁၅ ဧကဖြင့် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်စတွင် နွား ၁၄ ကောင်အား စတင်စောင့်ရှောက်ခဲ့ပြီး ယခုအခါ နိုင်ငံအနှံ့အပြားမှ လာရောက်ပို့ဆောင်သည့် တိရစ္ဆာန်မျိုးစုံ အကောင် ၄၀၀ ကျော်အား စောင့်ရှောက်ထားကြောင်း သိရသည်။

Category: