ကျေးလက်ထုတ်ကုန်တိုးမြှင့်ရေး အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ရန် လိုအပ်

ကျေးလက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ဟု စိမ်းလန်းအမိ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဋ္ဌဦးဝင်းမျိုးသူက ဧပြီလ ၂၆ ရက်တွင် အင်းလျားလိတ်ဟိုတယ်၌ ပြု လုပ်သည့် တစ်ကျေးရွာ၊ ထုတ်ကုန်တစ်မျိုး ကုန်စည်ပြပွဲတွင် ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့၏ ပံပိုးမှုဖြင့် မကွေးတိုင်းရှိ ကျေးရွာများတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြင့် ကျေးလက် စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိပြီး ယင်းကျေးလက် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အစိုးရ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနိုင်ရန် ရည် ရွယ်၍ ကုန်စည်ပြပွဲအား ကျင်းပခြင်း ဖြစ်သည်။
ဦးဝင်းမျိုးသူက “ကျေးလက်ထုတ်ကုန်တွေ တိုးမြှင့်ရောင်းချနိုင်ဖို့အတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်ထုတ် တဲ့ ကျေးလက်ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာမယ်ဆိုရင် နိုင်ငံ တော်ရဲ့ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူ ပြုလာနိုင်မယ်လို့ မျှော် လင့်ပါတယ်” ဟု ပြောသည်။
ယခုအချိန်တွင် မကွေးတိုင်းရှိ ကျေးလက်ဒေသများမှ တစ်ကျေးရွာ၊ ထုတ်ကုန်တစ်မျိုးဖြင့် ထုတ်လုပ်လျက် ရှိသည့် စားသောက်ကုန်ခြောက်များသည် ရန်ကုန်မြို့ရှိ စီးတီးမတ်၊Feel စားသောက်ဆိုင်စသည့်ဈေးကွက် များသို့ ၀င်ရောက်ရှိလျက်ရှိသော်လည်း ထုတ်လုပ်သည့် ကုန်ကျစရိတ်၊ ဖြန့်ဖြူးရောင်းမှုစသည့် ကဏ္ဍများ တွင် အခက်အခဲများရှိနေသည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြော သည်။
ဦးဝင်းမျိုးသူက “ကျေးလက်ထုတ်ကုန်ကနေ ၀င်ငွေတိုးလာတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ၀င်ငွေတိုး မတိုးဆိုတာ ကျွန်တော်တို့မှာရော၊ ရွာသားတွေမှာပါ စာရင်းဇယား မရှိဘူး။ ဆင်းရဲနွမ်းပါးမှုကနေ မလွတ် သေးဘူးဆိုပေမဲ့ ဒီလုပ်ငန်းတွေမရှိဘူးဆိုရင် သူတို့ဟာ ဒီအခြေအနေထက် နိမ့်ပါးသွားနိုင်တယ်” ဟုပြော သည်။
ကျေးလက်ဒေသ ထုတ်ကုန်များကို ရန်ကုန်မြို့ဈေးကွက်သို့ အဓိက ဖြန့်ဖြူးနေပြီး ဈေးကွက်လိုအပ်ချက် ရှိ သော်လည်း လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးရောင်းချနိုင်သေးသည်ဟု ဦးဝင်းမျိုးသူက ဆိုသည်။
SME များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန် တစ်မျိုးဖြင့် ကျေးလက်အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါက ကျေးလက်အခြေခံ အသေးစားနှင့် အလတ် စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများက သုံးသပ်သည်။ မကွေးတိုင်းရှိ ကျေးရွာ ၁၀ ရွာသည် ကြက်သွန်နီ ခြောက်ကို အဓိကထား ထုတ်လုပ်လျက် ရှိသည်။
သီဟကိုကို
Mizzima News