ပြည်တွင်း၌ စက်တင်ဘာလအတွင်း လူကုန်ကူးခံရသူ ၂၃ ဦးအနက် အများစုမှာရှမ်းပြည်နယ်မှဖြစ်ပြီး ဇနီးမယားအဖြစ် ရောင်းစားခံနေရကြောင်း ရဲတပ်ဖွဲ့မှသတိပေးနှိုးဆော်

hnm | 木曜日, 10月 09, 2014 |



ပြည်တွင်း၌ ၂ဝ၁၄ခုနှစ် စက်တင်ဘာလအတွင်း လူကုန်ကူးခံရသူ ၂၃ ဦးအထိရှိပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်ဖြစ်စဉ် ၁ဝ မှုအထိ ဖြစ်ပွားခဲ့ကာ အများစုမှာ မယားအဖြစ် ရောင်းစားခံခဲ့ရကြောင်း အောက်တိုဘာ ၆ ရက်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

 ယင်းသို့ လူကုန်ကူးမှုများမှာ ရှမ်းပြည်နယ်တွင် ခုနစ်မှု၊ ပဲခူးတိုင်းဒေသကြီး၌ နှစ်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး၌ နှစ်မှု၊ တနင်္သာရီတိုင်းဒေသကြီး၌ တစ်မှု၊ မကွေးတိုင်းဒေသကြီး၌ တစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လူကုန်ကူးခံရသူများတွင် လူကြီး ၁၄ ဦး၊ လူငယ်ငါးဦးနှင့် ကလေး လေးဦးတို့ပါဝင်ပြီး တရုတ်နိုင်ငံသို့ အများဆုံးရောင်းစားခံခဲ့ရကာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကိုလည်း အနည်းငယ်စီ လူကုန်ကူးခံခဲ့ရကြောင်း သိရသည်။ 

 လူကုန်ကူးခံရသူများအထဲမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့အား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျူးလွန်သူ ၂၂ ဦး အား ဖမ်းဆီးရမိခဲ့ကာ ကျန်ကိုးဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။ 

 “လူကုန်ကူးခံရတဲ့ အကြောင်းရင်းတွေက အလုပ်အကိုင်နည်းပါးတဲ့အတွက်၊ အယုံလွယ်တဲ့အတွက်၊ စီးပွားရေးအဆင်မပြေတဲ့အတွက်၊ ကြီးပွားလိုတဲ့အတွက်၊ ဗဟုသုတ နည်းပါးတဲ့အတွက်၊ စမ်းသပ်လိုတဲ့အတွက် စတဲ့ကိစ္စရပ်တွေကြောင့် အများဆုံး လူကုန်ကူးခံနေရတာ ဖြစ်တယ်။ 

ဒီလိုမျိုး လူကုန်ကူးမှုတွေမဖြစ်အောင် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အများစုရှိတဲ့နေရာတွေ၊ ကားဂိတ်တွေ၊ ဘူတာတွေ၊ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာ လူကုန်ကူးခံရမှုနဲ့ ပတ်သက်၍ ပညာပေးလက်ကမ်းစာစောင်တွေ ဝေတာ၊ နောက်ပြီး လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ ပညာပေးဇာတ်လမ်းတွေကို ဖွင့်ပြနေပါတယ်။ အဲဒါမှလည်း ပြည်သူတွေ ဗဟုသုတရပြီးတော့ လူကုန်ကူးခံရမှုတွေ လျော့ကျသွားမှာပါ”ဟု မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးမင်းနိုင်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ 

 ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ပြည်တွင်း၌ လူကုန်ကူးခံရသူဦးရေ ၁၇၆ ဦးအထိရှိလာပြီး တရုတ်နိုင်ငံသို့ အများဆုံးလူကုန်ကူးခံရကာ လူကုန်ကူးခံရမှုများမှာ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ ထိုသို့ လူကုန်ကူးခံမှုများထဲတွင် အမျိုးသမီးများအား အဓမ္မလက်ထပ်ရန် စေခိုင်းမှုမှာ အများဆုံးဖြစ်ပြီး ကိုးလအတွင်း ၅၈ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် အဓမ္မခိုင်းစေမှု ၁၆ မှု နှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၁၁ မှုဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

မင်းသိန်းနိုင်၊ မြင့်သူ
EMG

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ