တောင်ကြီးမြို့မှာလည်း ကလေးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့

hnm | 日曜日, 2月 15, 2015 |




ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ မြန်မာကလေးများနေ့ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်က မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီ အခမ်းအနားကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်းခြောက်ဆယ်ကျော် ရှိတဲ့အနက် အသက် (၁၈)နှစ်အောက် ကလေးဦးရေဟာ (၂၄)သန်းကျော်ရှိတဲ့အတွက် ကလေးသူငယ်တိုင်းကို ကာကွယ် စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ အဲဒီလို စောင့်ရှောက်ရာမှာ ထူးခြားတဲ့ အခြေအနေရှိတဲ့ ကလေးသူငယ်တွေကို ပိုမို ဂရုပြု စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 ဒါ့အပြင် ဒုက္ခသည်စခန်းမှာရှိတဲ့ ကလေးများ၊ လက်နက်ကိုင် တိုက်ပွဲများအတွင်း ကျရောက်နေတဲ့ ကလေးများ၊ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ကလေးများ၊ မသန်စွမ်းကလေးများ၊ HIV/AIDS ရောဂါ ကူးစက်ခံနေရတဲ့ ကလေးများ၊ လူကုန်ကူးမှုရဲ့ သားကောင် ကလေးများနဲ့ မိဘ စောင့်ရှောက်မှုမှ ကင်းကွာနေရတဲ့ ကလေးသူငယ်များကို ပိုမို ဂရုစိုက်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 လူကြီးများအနေနဲ့လည်း ကလေးများအပေါ် မေတ္တာစေတနာ ထားရှိကာ ကလေးသူငယ်တိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကာကွယ် စောင့်ရှောက်မှုပေးဖို့ အာရုံစိုက် ပူးပေါင်း ဆောင်ရွက်ကြပြီး ကလေးများရဲ့ အခန်းကဏ္ဍာကို ပိုမို မြှင့်တင်ပေးကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံ ကလေးများနေ့ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ (၁၃)ရက်ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားအတွက် စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ အကနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ အစရှိတဲ့ ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲ အသီးသီးမှ ဆုရရှိခဲ့တဲ့ ကလေးသူငယ်များကို ဆုများ ချီးမြှင့်ခဲ့ပါတယ်။


SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ