ရှစ်လေးလုံး ငွေရတု အခမ်းအနား အေးချမ်းစွာ ပြီးစီးခဲ့မှုက နိုင်ငံရေး ဖြစ်စဉ်သစ်တစ်ရပ် အစပြုနိုင်ခြင်းဟု သမ္မတပြောကြား

ရှစ်လေးလုံး ငွေရတု အခမ်းအနားကို စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း အေးချမ်းစွာ ပြီးစီးခဲ့မှုက ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများမှ ခွဲထွက်နိုင်မည့် နိုင်ငံရေးဖြစ်စဉ် သစ်တစ်ရပ် အစပြုနိုင်ခြင်းဟု ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ အခမ်းအနား ကျင်းပမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုလဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို ကျင်းပနိုင်ခြင်းဟာ မိမိတို့နိုင်ငံရေး ဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ "သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်" ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု အလေးထားကြောင်းကိုလည်း ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။
ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ရန် မတူညီသည့် သဘောထားများကို ငြိမ်းချမ်းသော နည်းလမ်း၊ အကြမ်းမဖက်သော နည်းလမ်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း စသည့်အရာများသည် မဖြစ်မနေ ရှင်သန်ရမည့် အင်္ဂါရပ်များ ဖြစ်သောကြောင့် အလေးထား လေ့ကျင့်ကြရမည်ဟု အခိုင်အမာ ခံယူထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်က "ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပပြီးစီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ထားခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေးဖြစ်စဉ်သစ်တစ်ရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင်ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေ ဆက်လက်ရှင်သန်အောင် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ တိုက်တွန်းလိုပါတယ်" ဟု ပြောကြားသည်။
Category: