ပြင်ဦးလွင် ခရိုင်အတွင်း ကော်ဖီစိုက်ဧက ၁၈၀၀၀ ကျော် ချထားပေးသော်လည်း မြေဧက ၅၀၀၀ ကျော်သာ အမှန်တကယ် စိုက်ပျိုးမှုရှိ

ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျင်ဂနိုင်ကျေးရွာ အရှေ့ခြမ်းရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် သိမ်းဆည်းခံထားရသော တောင်ယာမြေများ
ပြင်ဦးလွင် ခရိုင်အတွင်း ကော်ဖီစိုက်ဧက ၁၈၀၀၀ ကျော် ချထားပေးသော်လည်း မြေဧက ၅၀၀၀ ကျော်သာ စိုက်ပျိုးမှုရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း၌ ကော်ဖီကို ပြင်ဦးလွင် ခရိုင်တွင် အများဆုံး စိုက်ပျိုးလျက် ရှိသော်လည်း အမှန်တကယ် စိုက်ဧကမှာ ချထားပေးသည့် ဥယျဉ်ခြံ (ကော်ဖီ)မြေ ဧကထက် သုံးဆခန့် လျော့နည်းနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပြင်ဦးလွင် ခရိုင်အတွင်း မြေလွတ်မြေရိုင်း၊ ဥယျာဉ်ခြံနှင့် ပတ်သက်သော မြေယာအမှုပေါင်း ၇၀၀ ခန့်ရှိကြောင်း သိရပြီး သီးစားချထားသည့် မြေနေရာများမှာ ရာသီပေါ် သီးနှံ၊ နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးမှု မရှိခြင်းကြောင့် ပလပ်တောရိုင်းမြေ၊ ဖုန်းဆိုးတောအဖြစ် ပေါ်ပေါက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချထားသည့် မြေနေရာများ၌ သီးစားချထားခံရသူသည် သတ်မှတ်စီမံကိန်း ကာလအတွင်း စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၂/၈)အရ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။ အလိုအလျောက် အပ်နှံပြီး ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ဓားမဦးချ တောင်သူများမှာ နစ်နာကြေး တစ်စုံတစ်ရာ မရရှိဘဲ စိုက်ပျိုးမြေများ စွန့်လွှတ်ဆုံးရှုံးခဲ့ရကြောင်း၊ တောင်သူများ လက်လွတ်ဆုံးရှုံးခဲ့သော မြေနေရာ ဧရိယာအတွင်း၌ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့်အတွက် ရရှိသော လျော်ကြေးငွေ သိန်းရာချီကို သီးစားချထား ခံရသူများသာ ရရှိခဲ့ခြင်းဖြစ်ပြီး ရာသီပေါ် သီးနှံတစ်စုံတစ်ရာကိုမျှ စိုက်ပျိုးခြင်း မရှိကြောင်း တောင်သူများက ဆိုသည်။
"တောင်သူ ၄၈ ဦး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဧက ၁၂၀ ကို သီးစားချထားပေးလို့ ဓားမဦးချ တောင်သူတွေ မြေယာဆုံးရှုံး ခဲ့ကြရတယ်။ အဲဒီ မြေနေရာတွေမှာ ၂၀၀၅ ခုနှစ်လောက် ကတည်းက ခုချိန်အထိ ဘာသီးနှံမှ စိုက်ပျိုးမှုမရှိလို့ ဖုန်းဆိုးတော ဖြစ်နေပြီ။ အဲလို စိုက်ပျိုးမှု မရှိရင် မူလတောင်သူတွေ ပြန်လည်ရရှိခွင့် ရှိတာကြောင့် ၀င်ရောက်စိုက်ပျိုး ကြတာပေါ့။ အဲလို စိုက်ပျိုးတော့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး ခုဆို တရားရင်ဆိုင် နေကြရတယ်" ဟု သုံးတောင်အုပ်စု၊ ကျင်ဂနိုင်ကျေးရွာမှ တောင်သူဦးဌေးဝင်းက ပြောပါသည်။
Category: