ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ၀င်ရောက်ရန် အခြေခံ အဆောက်အအုံများ မလုံလောက်ခြင်း၊ မြေမလုံလောက်ခြင်းနှင့် လျှပ်စစ်မီး အပြည့်အ၀ မရရှိမှုများကြောင့် ကြန့်ကြာနေ
ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ဝင်ရောက်ရန် အခြေခံ အဆောက်အအုံများ မလုံလောက်ခြင်း၊ စက်မှုဇုန် မလုံလောက်ခြင်းနှင့် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းများကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဂျပန်အစိုးရ လက်အောက်ရှိ ဂျပန်နိုင်ငံဆိုင်ရာ ပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO) မှ သိရသည်။
“ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေက များလာပါတယ်။ ကုန်ထုတ်လုပ်မှု အပိုင်းမှာ အနည်းငယ် အားနည်းနေပါသေးတယ်။ လူဦးရေ သန်း ၆ဝ ရှိတဲ့ ဈေးကွက်ကို ရည်ရွယ်ပြီးတော့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ လာရောက်ပြီးတော့ ရုံးခွဲဖွင့်လှစ်ဖို့ ဒီမှာကုန်သွယ်မှု လုပ်ဖို့ဆိုတဲ့ ကုမ္ပဏီတွေက များနေပါတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ များများလာရောက် ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခြေခံ အဆောက်အအုံ မလုံလောက်မှုတွေ စက်မှုဇုန် မလုံလောက်မှုတွေ၊ လျှပ်စစ်မလုံလောက်မှုစတဲ့ ကိစ္စတွေရှိနေတာ ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လာရောက်ရင်းနှီး မြှုပ်နှံဖို့ဆိုတာက စဉ်းစားနေရတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်”ဟု ဂျပန်နိုင်ငံဆိုင်ရာ ပြည်ပကုန်သွယ်မှုအဖွဲ့ ရန်ကုန်၏ အုပ်ချုပ်မှုဒါရိုက်တာ Masaki Takahara က ဆိုသည်။
ဂျပန်နိုင်ငံမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လာရောက်ရင်းနှီး မြှုပ်နှံခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း Masaki Takahara က ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့ အနေနဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ လာရောက်ရင်းနှီး မြှုပ်နှံအောင် ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ အရင်နှစ်တွေနဲ့ ယှဉ်လို့ရှိရင် ကုန်ထုတ်လုပ်မှုကလွဲလို့ ကျန်တဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက အလွန်မြင့်တက် လာပါတယ်။ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပါတယ်။ ဂျပန်အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့JETRO ကို တာဝန်ပေးထားပါတယ်”ဟု ပြောကြားသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အောက်တိုဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် အဆင့် ၁ဝ နေရာ၌ရှိနေပြီး အမေရိကန်ဒေါ်လာ ၂၉၂ သန်းသာ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံသည် သီလဝါစီမံကိန်း အကောင်အထည်ဖော်ရန် အခြေခံ အဆောက်အအုံပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်က ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဂျပန်ဘက်မှ သီလဝါစီမံကိန်းအား ကနဦးမတည် ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၁၇ဝ ဖြင့် စတင်မည်ဖြစ်ကြောင်း သိရသည်။
EMG
Category: bcjpnoa, bcjpnob, News, winnaingoo