ရန်ကုန်မြို့ရှိ မူးယစ်ပြတိုက်သို့ ၂၀၁၃ ခုနှစ်တွင် လာရောက် လေ့လာသည့် နိုင်ငံခြားသားဦးရေ သုံးဆနီးပါး တိုးတက်ခဲ့ပြီး အများစုမှာ အမေရိကန်နိုင်ငံမှဖြစ်

White Star | 土曜日, 2月 08, 2014 |

မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်သို့ လာရောက်လေ့လာသည့် နိုင်ငံခြားသားများအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်မြို့တွင်ရှိသော မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်သို့ လာရောက်လေ့လာသော နိုင်ငံခြားသား ဦးရေမှာ ၂ဝ၁၃ ခုနှစ်တွင် ယခင်နှစ်ထက် သုံးဆနီးပါး တိုးတက်လာခဲ့ပြီး အမေရိကန်နိုင်ငံမှ အများဆုံးလာရောက် လေ့လာကြောင်း အဆိုပါပြတိုက်မှ ပြတိုက်မှူး၊ ရဲမှူးဒေါင်းဇဒါး(လ်) က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ အဆိုပါ မူးယစ်ပြတိုက်သို့ ၂ဝ၁၂ ခုနှစ်အတွင်းက လာရောက်လေ့လာသော နိုင်ငံခြားသား ဦးရေ ၁၃၈ ဦးရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၄၆၁ ဦး ရှိခဲ့ကြောင်း သိရသည်။
“၂ဝ၁၃ ခုနှစ်မှာ ပြတိုက်ကို လာရောက်လေ့လာတဲ့ နိုင်ငံခြားသားဦးရေ များလာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြတိုက်မှာ ပြသထားတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားလို့ ဖြစ်တယ်။ အမေရိကန်နိုင်ငံက အများဆုံး လာရောက်လေ့လာတယ်။ ပြီးတော့ တရုတ်၊ ကိုရီးယား၊ အင်္ဂလန်၊ ရုရှား၊ ဂျပန်၊ ဩစတြေးလျ နိုင်ငံတို့မှလည်း လာရောက်လေ့လာ ကြပါတယ်”ဟု မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှ ပြတိုက်မှူး၊ ရဲမှူးဒေါင်းဇဒါး(လ်)က ထပ်မံပြောကြားသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်သို့ ပြည်တွင်းမှ လာရောက်လေ့လာသည့် ပြည်သူလူထုဦးရေမှာ ၂ဝ၁၃ ခုနှစ်တွင် ၁၂၅ဝဝ ကျော်သာ ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ၁၆၂၅ဝ ကျော် လာရောက်လာခဲ့ကြောင်း ယင်းပြတိုက်မှ သိရသည်။
မူးယစ်ပြတိုက်သို့ လာရောက်လေ့လာသည့် ပြည်တွင်းရှိ ပြည်သူလူထု ဦးရေမှာ ၂ဝ၁၃ ခုနှစ်တွင် ၂ဝ၁၂ ခုနှစ်ထက် ၃၇ဝဝ လေ့လာမှု နည်းပါးခဲ့ကြောင်း ပြတိုက်မှ သိရသည်။
မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှ ဒုပြတိုက်မှူး၊ ဒုရဲမှူးအောင်နိုင်က “ပြတိုက်မှာ ပြုပြင်စရာတွေ ရှိနေတယ်။ အဆင်မြှင့်တင်ဖို့လည်း အထက်ကို တင်ပြထားတယ်။ ပြတိုက်ခေါင်းမိုးတွေက ရေယိုနေတယ်။ ရေပန်းတွေကလည်း မလာတော့ဘူး။ ပြုပြင်စရာ ရှိနေတယ်။ ပြကွက်တွေကိုလည်း တိုးချဲ့ပြီး ပြဖို့အတွက် အစီအစဉ်တွေရှိတယ်။ ဒါပေမဲ့ တင်ပြထားတာကတော့ အခုထိ မကျသေးဘူး”ဟု ပြောကြားသည်။
အဆိုပါ မူးယစ်ပြတိုက်တွင် မြန်မာနိုင်ငံသို့ ဘိန်းစတင် ဝင်ရောက်လာသည့် ပြကွက်များ၊ မြန်မာဘုရင်များ လက်ထက် မူးယစ်ဆေးဝါး ထိန်းချုပ်မှု ပြကွက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြကွက်များအပြင် အခြားပြကွက်များစွာကို ပြသထားကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ