ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ရေး ညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး ကျင်းပ
ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ရေးအတွက် ဖြေရှင်းနိုင်ရန် ရခိုင်အမျိုးသား ညီလာခံ ကျင်းပမည်ဖြစ်ရာ ညီလာခံ ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို ပြည်တွင်း ပြည်ပမှ ရခိုင်အမျိုးသား ခေါင်းဆောင်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၇ရက်တွင် စတင် ကျင်းပလျှက် ရှိသည်။
ညီလာခံကို လာမည့် ဧပြီလ နောက်ဆုံးပတ် သို့မဟုတ် မေလ ပထမ ပတ်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျင်းပရန် ရည်ရွယ်ထားသည်။
“ကျွန်တော်တို့ ရခိုင်တွေရဲ့ သွေးစည်းညီညွတ်ရေး၊ တရားမျှတမှုနဲ့ တန်းတူမှု ရရှိရေးပေါ့။ ကျွန်တော်တို့ ရခိုင်မှာ မငြိမ်းချမ်းဘူး။ မလုံခြုံဘူး။ မဖွံ့ဖြိုးဘူးဆိုတော့ တကယ် ငြိမ်းချမ်းတဲ့ လုံခြုံတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင့်လူ့အဖွဲ့အစည်းတခုကို အနာဂတ်မှာ ဘယ်လို တည်ဆောက်မလဲ၊ အဲဒီအတွက် ရခိုင်မှာရှိတဲ့ ပြည်သူတွေကို စုစည်းမယ်။ စုရုံးညီလာခံကြီး တစ်ရပ်လုပ်မယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြေသည်။
ညီလာခံအတွက် ပြည်တွင်း ပြည်ပရှိ ရခိုင်ပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်ရန်နှင့် လုပ်ငန်းအကောင်အထည်ဖော်ရန် အတွက် ငွေကြေးစုဆောင်းရေး အခြေအနေများကို ဆုံးဖြတ်ချက်ချမည်ဟု ဦးဦးလှစောက ပြောသည်။
ထို့ပြင် ရခိုင်အမျိုးသားရေးညီလာခံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကိစ္စ၊ ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသော ဘင်္ဂလီအရေး၊ လယ်ယာမြေ သိမ်းယူမှုများ၊ သဘောဝ သယံဇာတ ဖြစ်သော သဘာဝဓါတ်ငွေ့ ရောင်းချနေမှုများနှင့် ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး ညံ့ဖျင်းနေမှုများကို ကိုင်တွယ်ရန်အတွက် အဖြေရှာသွားရန် အရေးကြီးသော ညီလာခံ ဖြစ်သည်ဟု ဆိုသည်။
“ရခိုင်ဒီမိုကရေစီအင်အားစုတွေရော၊ တော်လှန်ရေးအင်အားစုတွေရော အားလုံးပါဝင် စုစည်းပြီးတော့ ရခိုင်တွေဟာ ရှေ့ကို ဘယ်လမ်းကြောင်းနဲ့ သွားကြမလဲ။ ရခိုင်မှာ တချို့ကိစ္စတွေမှာ သိကျတဲ့ strategy (မဟာဗျူဟာ) မရှိဘဲနဲ့ တဖွဲ့တမျိုး၊ တဖွဲ့တမျိုး ပြောနေတာရှိတယ်။ အဲတော့ ရခိုင်ပြည်သူ တစ်ရပ်လုံးရဲ့ တကယ့် ဆန္ဒအမှန်ကို ကျွန်တော်တို့ စုစည်းပြီးတော့ မူဝါဒတခုကျမှတ်ဖို့အတွက် ဒီညီလာခံကို ကျင်းပဖို့ မဖြစ်မနေ လိုအပ်နေတယ်”ဟု ဦးဦးလှစောက ဆက်ပြောသည်။
ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးအတွက် ပြည်တွင်းမှ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ RNDP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ ရခိုင့်တပ်မတော် AA၊ ရခိုင်ညီညွတ်ရေးအဖွဲ့ NUP များမှ ခေါင်းဆောင်များက တက်ရောက် ဆွေးနွေးလျှက်ရှိသည်။
ဖေဖော်ဝါရီ ၇ရက်တွင် ကျင်းပခဲ့သည့် ပထမနေ့ အစည်းအဝေးတွင် ညီလာခံ ကျင်းပရခြင်း၏ ဦးတည်ချက်ဖြစ်သော ရခိုင်အမျိုးသားများ သွေးစည်းညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူမှု ရရှိရေးအတွက် ဦးတည်ချက်များ ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ၏ နာယက ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးသာဘန်းက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းအချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသား ညီလာခံ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာ အစိုးရဘက်မှ ကန့်ကွက်ခြင်းမရှိခဲ့ကြောင်း သူက ပြောသည်။
ထိုရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Puak Hotelတွင် လာမည့် ဖေဖော်ဝါရီလ ၇ရက်မှ ၉ရက်အထိ ၃ ရက်ကြာ ကျင်းပပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဖနိဒါ
Mizzima
Category: bcjpnoa, bcjpnob, winnaingoo