ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သော်လည်း မြိတ်-ကော့သောင်း-ရနောင်း ကုန်သွယ်မှုများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ

ရနောင်းမြို့ ဂိုဒေါင်တစ်ခုတွင် တွေ့ရသော မြန်မာရွှေ့ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မေလအတွင်းက အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သော်လည်း မြိတ်-ကော့သောင်း-ရနောင်း ကုန်သွယ်မှု အနေထားများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အဓိကကုန်သွယ်မှု ပြုလုပ်နေရသည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်နှင့် ကော့သောင်းမြို့များမှာ ရေထွက်ပစ္စည်းများ ပုံမှန်အတိုင်း တင်ပို့လျက်ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပုံမှန်အနေထား ရှိသော်လည်း ဈေးနှုန်းရရှိမှု အပိုင်းတွင်မူ အနည်းငယ် ကျဆင်းသွားကြောင်း ငါးသယ်ရေယာဉ် (လှိုင်းဖြူ) အေးဂျင့်တစ်ဦးက ပြောကြားခဲ့သည်။
“ကုန်သွယ်မှု အနေအထားကတော့ ပုံမှန်အတိုင်း တင်ပို့နေပါတယ်။ ဈေးနှုန်းရရှိမှု အပိုင်းကတော့ အနည်းငယ် ကျဆင်းသွားပါတယ်။ တစ်ကီလို ငါးဘတ်ရရှိနေတဲ့ ကုန်စည်တစ်ခုဟာ လေးဘတ်လောက်ပဲ ရရှိတော့ ကုန်စည်ပြန်ဝယ်ရတဲ့အခါ အနည်းငယ် ကျဆင်းသွားတဲ့သဘော ဖြစ်တယ်။ ညမထွက်ရ အမိန့်တွေကြောင့်လည်း သူတို့ဆီမှာ လုပ်ငန်းအနည်းငယ် တုံ့ဆိုင်းသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီကတော့ ကုန်သွယ်မှု ပုံမှန်အနေထား ရှိနေပါတယ်” ဟု မြိတ်မြို့မှ အေးဂျင့်ကိုအောင်ထွန်းက ပြောကြားသည်။
ကော့သောင်း ကမ်းနီးလုပ်ငန်းမှလည်း ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်သွယ်မှု ပုံမှန်လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အရင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေ လုပ်နေတုန်းက ကုန်သွယ်မှု အနည်းငယ် တုံ့ဆိုင်းပါတယ်။ အခု အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာတော့ သွားလာမှုက ပုံမှန်အတိုင်း ဖြစ်သွားပါတယ်။ ဈေးနှုန်းရရှိမှု အပိုင်းတော့ အနည်းငယ် အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဂိုဒေါင်တွေကလည်း အများအားဖြင့် နေ့ခင်းဘက်မှာပဲ လေလံဖွင့်လှစ် ၀ယ်ကြတာဆိုတော့ ပုံမှန်အတိုင်းပါပဲ။ ညပိုင်း ၁၀ နာရီနောက်ပိုင်းမှာထွက်တဲ့ မြန်မာနိုင်ငံက လှေတွေကိုလည်း ထွက်ခွာခွင့်ရအောင် ဆောင်ရွက်ပေးကြပါတယ်” ဟု ကမ်းနီးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကိုရွှေသိန်း(မြ၀တီ)
EMG