ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများရှိ ဆေးသိပ္ပံပညာ ဦးစီးဌာနအောက် တက္ကသိုလ်ရှစ်ခုတွင် သင်ကြားရေးဆောင်များ၊ ၀န်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်မည်

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ၀င်းအတွင်းရှိ ပင်မဆောင်တစ်ခုအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးရှိ ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီးဌာနအောက် တက္ကသိုလ်ရှစ်ခုတွင် သင်ကြားရေးဆောင်များ၊ ၀န်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်မည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာ ဦးစီးဌာနမှ သိရသည်။
တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)နှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်)၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆေးတက္ကသိုလ် (မန္တလေး)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် မကွေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ် (မကွေး) တို့တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရာတွင် စာမေးပွဲခန်းမများ၊ Common Research Lab များ၊ လူ ၂၅၀ ဆံ့ နိမ့်လျောစာသင်ဆောင်များ၊ သင်ကြားရေးဆောင်များ အပါအ၀င် အရာထမ်း၊ အမှုထမ်း အထပ်မြင့်နေအိမ်များ၊ ဆရာ၊ ဆရာမများ အိမ်ရာများ၊ သိုလှောင်ရုံများ စသည်တို့ပါဝင်ကြောင်းနှင့် အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီးဌာန(နေပြည်တော်)မှ ပြည်တွင်းလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါခေါ်ထားကြောင်း သိရသည်။
ထို့ပြင် တိုးမြှင့်ထားသည့် ကျန်းမာရေး အသုံးစရိတ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တည်ရှိပြီး ပြည်သူ့ဆေးရုံများတွင် ဆေးရုံပြင်ဆင်မှုအပိုင်း အပါအ၀င် ဆေးဝါးများ၊ ဆေးနှင့် ဆက်စပ်ပစ္စည်း ၀ယ်ယူခြင်းများ၊ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းများကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကတည်းက တင်ဒါခေါ် လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ အသီးသီးတွင် သတ်မှတ်ချက်နှင့်အညီ ကျန်းမာရေး အသုံးစရိတ်များ ခွဲဝေပေးထားပြီး ဆေးရုံအလိုက် လိုအပ်သည့် ဆေးရုံပြင်ဆင်မှုအပိုင်း၊ ဆေးဝါး၊ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူခြင်း အပါအ၀င် ကျန်းမာရေးဝန်ထမ်း တိုးချဲ့ခန့်အပ်ခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်စုစုပေါင်း ၇၄ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၉၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၃၆၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၉၉ ဘီလျံ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အိသဉ္ဇာကျော်
EMG