မြေနီကုန်းခုံးကျော်တံတား တပ်မတော်နေ့တွင် စတင်ဖြတ်သန်းနိုင်မည်

hnm | 木曜日, 3月 26, 2015 |


မြေနီကုန်းခုံးကျော်တံတားတည်ဆောက်မှုလုပ်ငန်းခွင်ကို မတ် ၂၅ရက်ညကမြင်ရစဉ် (ဓာတ်ပုံ−နစ်ကီ)

မတ်လ ၂၇ ရက် (တပ်မတော်နေ့)တွင် မြေနီကုန်း ခုံးကျော်တံတားပေါ်သို့ ကားများ စတင်ဖြတ်သန်းခွင့်ပြုတော့မည် ဖြစ်ကြောင်း အဆိုပါခုံးကျော်တံတား ဆောက်လုပ်ရေးကုမ္ပဏီမှ သတင်းရရှိသည်။
မြေနီကုန်းခုံးကျော်တံတား တည်ဆောက်မှုမှာ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါတံတားတည်ဆောက်နေသည့် Capital Development မှ စီမံကိန်းဒါရိုက်တာ ဦးသက်လင်းကပြောသည်။
‘‘တပ်မတော်နေ့မနက်မှာ ခုံးကျော်တံတားပေါ်ကို ကားတွေ ဖြတ်လို့ရတော့မှာပါ။ အခု ကတ္တရာစခင်းနေပြီဆိုတော့ နီးစပ်နေပါပြီ’’ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနီကုန်းခုံးကျော် တံတားကို မတ်လ ၂၇ ရက်တွင် စတင်အသုံးပြုနိုင်ရန် ညွှန်ကြားလာမှုကြောင့် ပြီးစီးနိုင်ရန် ဆက်စပ်လမ်းကြောင်းအချို့ကို မတ်လ၁၆ရက်မှ ၃၁ ရက်အထိ  ခေတ္တပိတ်ခဲ့သည်။ ငွေကျပ် ၁၇ ဘီလီယံခန့် သုံးစွဲလျာထားသည့် အဆိုပါတံတားစီမံကိန်း ဆောလျင်စွာပြီးစီးရန် လုပ်သား ၃၀၀ ဖြင့် နေ့၊ ည နှစ်ဆိုင်းခွဲကာ ဆောင်ရွက်လုပ်နေကြောင်း ၎င်းကပြော သည်။
အဆိုပါခုံးကျော်တံတားကို ၂၀၁၄ စက်တင်ဘာ ၆ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ရှစ်လနှင့် အပြီးတည်ဆောက်ရမည်ဟု စာချုပ်တွင်   ပါရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သတ်မှတ်ချက်ထက် ဆောလျင်စွာပြီးစီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အရှည်ပေ ၂,၃၀၀ ကျော်ရှိသော သံကူကွန်ကရစ်အမျိုးအစား၊ လေးလမ်းသွား တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ကုန်ကြမ်းများကို ဂျပန်နိုင်ငံမှ တင်သွင်းကာ ဆောက်လုပ်နေ ခြင်းဖြစ်သည်။
အဆိုပါတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် အနီးဝန်းကျင်တွင် ၁၅ မိနစ်မှ နာရီဝက်ကြား ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ကြုံတွေ့နေရသည်။ ၂၀၁၃ နိုဝင်ဘာ ၄ ရက်တွင်ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အထူးအစည်းအဝေး၌ မြေနီကုန်းခုံးကျော်တံတား စီမံကိန်းအတွက် ကျပ် ၁၆ ဘီလီယံကျော် လျာထားကြောင်း ထုတ်ပြန်ထားသည်။
ယာဉ်ကြောပိတ်ဆို့မှုအဖြစ်များသော မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတားတည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခုက တင်ဒါလျှောက်ထားခဲ့ရာ ထူး၊ ဒဂုံအင်တာနေရှင်နယ်၊ Capital Development၊ Myanmar V Pile နှင့် Grow Advance ကုမ္ပဏီတို့ကို ကနဦး ရွေးချယ်ခဲ့ပြီး နောက်ဆုံးအဆင့် လုပ်ကိုင်ခွင့်ကို Capital Development ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်သည်။

ဇေနွေထွန်း
ဖြူဖွေးသန့် 

( 7DD)



Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ