5 Network ၊ 4HD နှင့် Iron Cross တို့ပူးပေါင်းပြီး Live Show များ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မည်

Live Show များကို တီဗွီ အစီအစဉ်များတွင် ထုတ်လွှင့်ပြသလေ့မရှိသည့် Iron Cross တီးဝိုင်းက 5 Network ၊ 4HD တို့နှင့် ပူးပေါင်းကာ ၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်မည့် Live Show များကို တိုက်ရိုက် ထုတ်လွှင့်မှုများ ပြုလုပ်သွားမည်ဟု 5 Network မှ ထုတ်လုပ်မှု ဒါရိုက်တာ ကိုညီလင်းဆက်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ပူးပေါင်းမှုအရ IC Live 90 အမည်ရှိ အစီအစဉ်ကို 5 Network ၏ 5 Special Channel နှင့် 4HD Channel တို့တွင် မေလ ဒုတိယ အပတ်မှ စတင်ကာ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး ယခု အစီအစဉ် သည် Iron Cross တေးဂီတ အဖွဲ့၏ ရုပ်သံ၌ ထုတ်လွှင့် ပြသသည့် ပထမဆုံး အစီအစဉ်လည်း ဖြစ်သည်။
ကိုညီလင်းဆက်က "ကျွန်တော်တို့ အဓိက ဦးတည်တာက IC Show လုပ်ရင် နယ်က လူတွေက လာလာကြည့်နေရတယ် ဆိုတော့ 90 minute show ဆိုတဲ့ Channel အသစ်လေးကိုလည်း လုပ်ချင် တာလည်း ပါတယ်။ 5 Network ၊ MRTV-4 Forever Group၊ Iron Cross အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဖြစ်တာပါ။ စာချုပ်တွေ ဘာတွေတော့ မချုပ်ထားပါဘူး ။ တစ်နှစ်လုံး သူတို့ အဖွဲ့နဲ့ ဒီအစီအစဉ် လုပ်မယ်ဆိုပြီး သဘောတူညီမှုနဲ့ လုပ်ထားတာပါ" ဟု ပြောသည်။
၂၀၁၅ ခုနှစ် အတွင်းတွင် Iron Cross တေးဂီတအဖွဲ့မှ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့၏ တစ်ကိုယ်တော် ဖျော်ဖြေမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်း Live Show များမှ အချို့ကို တီးဝိုင်းက 5 Network ၊ 4HD ရုပ်သံလိုင်းများတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်သည်။
တစ်ဦးချင်းစီ၏ ဖျော်ဖြေမှုများ အပြင် အဆိုတော်၏ Performance များ၊ သီချင်း version ပြောင်း သီဆိုမှုများ၊ စင်မြင့် ဒီဇိုင်း တည်ဆောက်မှုများလည်း တွေ့မြင်ရမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို အခပေး ရုပ်သံလိုင်းများ ဖြစ်သည့် 5 Special Channel နှင့် 4HD Channel တွင်သာ ပြသမည် ဖြစ်ပြီး Free To Air Channel များတွင် ပြသရန် အစီအစဉ် မရှိကြောင်း ကိုညီလင်းဆက်က ဆိုသည်။
Iron Cross အဖွဲ့၏ ဖျော်ဖြေမှုကို မေလ ဒုတိယ အပတ်မှ စတင်ကာ ထုတ်လွှင့် ပြသမည်ဖြစ်ပြီး ဖျော်ဖြေမှုတစ်ခုလျှင် တစ်နာရီခွဲကြာ ကြာမြင့်မည် ဖြစ်သည်။
ပန်းမြတ်ဇော်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, zaw tun, ခွန်ကံလှ, လမ်းမိုင်း