ပြည်တွင်း ဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၄)
| ၂၀၁၁ ခုနှစ် ပဲခူးခရီးစဉ်တုန်းက တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် |
အမေရိကန်ပြည်ထောင်စုရောက်စင်ပြိုင်အစိုးရ
ကျွန်တော်တို့၏
ပြည်ပဒီမိုကရေစီကျိုးပမ်းမှုများဖေါ်ပြလျှင် ပြင်ဦးလွင်နယ်မြေမှ
ပြည်သူ့ကိုယ်စားလှယ် ဦးပီတာလင်းပင်နှင့် ဆက်
သွယ်မိပုံကိုလည်းတင်ပြရန်လိုပါလိမ့်မည်။
ယိုးဒယားမြန်မာနယ်စပ်၌ဖွဲ့စည်းခဲ့သောစင်ပြိုင်အစိုးရအဖွဲ့တွင်၊
ဦးပီတာလင်းပင်က နိုင်ငံခြား ရေးဝန်ကြီးဖြစ်လာခဲ့သည်။
၁၉၉၁ခုနှစ်လည်ပိုင်းတွင် ထိုအစိုးရအဖွဲ့ဝင်များအနက်မှပထမဆုံး ဦးပီတာလင်းပင်
နယူးယောက်သို့ရောက်ရှိ လာသည်။
ဦးပီတာလင်းပင်ခေါင်းဆောင်သောအဖွဲ့တွင်၊
ယခင်ဝန်ကြီးဟောင်း သခင်သာခင်၏သားမက် ကွယ်လွန်သူဒေါက်တာခင်မောင်ကြွယ်၊
ဒီမိုကရေစီအရေးလှုပ်ရှားနေသူ ယိုးဒယားအခြေစိုက် (ဦး)စိုင်းထွန်းတို့ပါဝင်၏။
စိုင်းထွန်းမှာ ကျွန်တော်အတွင်းရေးမှူးအဖြစ်ဆောင်ရွက် နေသော၊
မြန်မာပြည်တွင်ဒီမိုကရေစီထွန်းကားရေး နိုင်ငံတကာ
ပူးပေါင်းလက်တွဲဆောင်ရွက်မှု အဖွဲ့ (International Network for Democracy
in Burma) ၏ အရှေ့တောင်အာရှဆိုင်ရာခေါင်းဆောင်ဖြစ်သည်။ ယင်းအဆက်အသွယ်အရ၊
ကျွန်တော်က သူတို့ အဖွဲ့ကိုနေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။
ရံပုံငွေအခက်အခဲရှိနေခဲ့သော စင်ပြိုင်အစိုးရအတွက်လည်း
ဆက်သွယ်ရေးလွယ်ကူစေရန်၊ ဒေါ်လာ ၈၀၀ တန်
ဖက်က်စ် (Fax) စက်တလုံးလှူဒါန်းခဲ့ပါသေးသည်။
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်
နိုဘဲလ်ဆုရရှိရေးအတွက် အမေရိကန်ကွန်ဂရက်နှင့် လူ့အခွင့်အရေးအဖွဲ့ပေါင်းစုံ၏
ထောက်ခံ အားပေးမှုရရှိရန်၊ အစွမ်းကုန်ကြိုးပမ်းနေချိန်လည်းဖြစ်၏။
ကုလသမဂ္ဂရုံးချုပ်သို့ လာရောက်တာဝန်ထမ်းဆောင်နေသည့် ဥရောပမှ
သံတမာန်များကိုလည်း၊ ဤဆုမှာ မြန်မာလူမျိုးများအတွက်မည်မျှအရေးကြီးလှသည်ကို၊
ရှင်းလင်းတင်ပြနေရချိန်ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင်၊
နိုဘဲလ်ဆုပေးရန် အဆိုတင်ခြင်းခံရသူများအနက်၊ ဒေါ်အောင်ဆန်းစုကြည်မှာ
လူသိအနည်းဆုံးဖြစ်နှိုင်၏။ ဒေါက်တာ မိုက်ကယ်လ်အေးရစ်စ်နှင့်အဖွဲ့က၊
ချက်နိုင်ငံသမတ မစ္စတာဗားစလပ်ဗ်ဟားဖဲလ်၏
ထောက်ခံကူညီမှုရရှိရန်ကြိုးပမ်းနှိုင်ခဲ့ခြင်းမှာ၊ ဆုရ ရေး မရရေးအတွက်၊
အရေးကြီးသောအခြေခံအချက်ဖြစ်သည်ဟုယူဆမိသည်။
ယင်းနှစ် စက်တင်ဘာလခန့်၌၊
စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းကိုယ်တိုင် သူ၏ဘဏ္ဏာရေးဝန်ကြီး
ဦးဝင်းကိုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိလာ၏။
ဒေါက်တာစိန်ဝင်းတို့အဖွဲ့သည်၊
သူနှင့်ဆွေမျိုးတော်စပ်သော မေရီလင်းဒ်ပြည်နယ်ရှိ
ဒေါက်တာမျိုးသန့်အိမ်တွင်တည်းခိုကြ၏။ ဒေါက်တာမျိုးသန့်မှာ
ကျွန်တော်တို့နှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်ပြီး၊
ကျွန်တော်တို့စာစောင်အတွက် အကူအညီများပေးနေသူလည်း ဖြစ်ပါသည်၊ ထို့ကြောင့်
ကျွန်တော့အခြေအနေကိုလည်းသိ၏။ သူက ကျွန်တော့ကို၊ ဒေါက်တာစိန်ဝင်းနှင့်
တွေ့ဆုံဆွေနွေးစေလိုဟန် ရှိသည်။ ခရီးသွားရန်မတတ်နှိုင်သော ကျွန်တော့ကို၊
မေရီလင်းဒ်ပြည်နယ်ရှိသူ့အိမ်သို့လာရောက်နှိုင်စေရန် ခရီးစားရိပ်ထုတ်ပေး၏။
ကျွန်တော်သည် မည်သည့်အလုပ်အကိုင်ကိုမျှ
အတည်တကျမယူနှိုင်၊ မယူခဲ့ဘဲ၊ ပါလာသမျှစုဆောင်းထားငွေနှင့်၊ ရံဖန်ရံခါ
တရားရုံးများတွင် စကားပြန်အဖြစ်
အလုပ်လုပ်လျှက်ရသောဝင်ငွေအနည်းငယ်ကိုသုံးလျှက်
ချိုးချိုးခြံခြံစားသောက်ပြီး၊ ဒီမိုကရေစီအရေး ကြိုးပမ်းနေခဲ့ခြင်းဖြစ်၏။
အများအားဖြင့်
ချမ်းသာသူများသာရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံး၍
ငွေဒလဟောသုံးပြီးနိုင်ငံရေးလုပ်တတ် ကြသောအမေရိကန်နိုင်ငံ၌၊
ကျွန်တော်လုပ်ကိုင်နေပုံမှာ သံသယရှိစရာပင်ဖြစ်လာနေ၏။
နိုင်ငံရေးခိုလှုံခွင့်အတွက် တရားရုံးတွင် လူဝင်မှု ကြီးကြပ်ရေးဌာနမှ
ရှေ့နေနှင့်ပင်ရင်ဆိုင်ခဲ့ရ၏။ ထိုရှေ့နေက ကျွန်တော်၏စေတနာ့ဝန်ထမ်းရှေ့နေ
မစ္စလော်ရာဘရက်ဒ်ကို၊ ကျွန်တော် တယောက် တရားမဝင်အလုပ်များ
လုပ်ကိုင်စားသောက်နေဟန်ရှိသည်ဟု စွပ်စွဲပြောဆိုကြောင်းကြားရ၏။
ထိုရှေ့နေကပင် သူ့အနေဖြင့် ကျွန်တော့အား မယုံကြည်နှိုင်ဟန်
သေးသိမ်သောစကားများဖြင့်စွပ်စွဲပြောဆိုလာ၍၊ တရားသူကြီးက တားမြစ်ဟန့်တား
သတိပေးရသည် အထိ ဖြစ်လာခဲ့သည်။
ပြည်ပမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအကြောင်းရေးလျှင်၊
ဒဲလားဝဲယားပြည်နယ် (Delaware) မှ၊ အလွန်တက်ကြွ စိတ်အား ထက်သန်လှသော၊
ဦးထင်လတ်နှင့် ဒေါ်ဖလော်ရီတို့ဇနီးမောင်နှံကို ချန်ထား၍မဖြစ်နှိုင်ပါ။
သူတို့သည် နိုင်ငံရေးစိတ်ဓါတ်သာမက၊ လူမှု ရေးရာတွင်လည်း အထူးစိတ်ဝင်စားကြ၏။
ယိုးဒယားနယ်စပ်ရောက်ကျောင်းသားများကို အလီလီသွားရောက်လည်ပါတ်ပြီး
နေထိုင်စား သောက်ရေးမှအစ၊ အမေရိကန်နိုင်ငံသို့ လာရောက်ပညာသင်ယူနှိုင်ရေးအထိ၊
လုံးပမ်းကူညီနေသူများဖြစ်သည်။
သူတို့ဇနီးမောင်နှံက ကျွန်တော့ကို
စင်ပြိုင်အစိုးရနှင့်တွဲဖက်လုပ်ကိုင်စေလိုကြ၏။ သူတို့သာမက ကွန်ဂရက်မှ
တာဝန်ရှိပုဂ္ဂိုလ် တဦးစ နှစ်ဦးစကလည်း၊ ကျွန်တော်သာ စင်ပြိုင်အစိုးရနှင့်
တွဲဖက်လုပ်ကိုင်မည်ဆိုလျှင်၊ ရုံးတလုံး၊ ဓါးတစင်း၊ ဝင်ငွေ နှစ်စဉ်
ဂဏန်းခြောက်လုံးရှိ ဒေါ်လာငွေထောက်ပံ့မည်ဟု ကမ်းလှမ်းလာသည်။
ကျွန်တော်မယုံကြည်
မထောက်ခံနှိုင်သောစင်ပြိုင်အစိုးရ၏ အမှုထမ်းအဖြစ်ကျွန်တော်မလုပ်နိုင်ပါ။
ကျွန်တော်သည် တိုင်းပြည်အရေး နှင့်သက်ဆိုင်သောကိစ္စများ၌်
မိမိအခွင့်အရေးကိုကြည့်ကာ မပြောရဲ၊ မပြောနှိုင်ဖြစ်မည်စိုး၍၊
ပြည်တွင်းတွင်သော်၎င်း၊ ပြည်ပတွင်သော် ၎င်း၊ မြန်မာပြည်နှင့်သက်ဆိုင်သော
မည်သည့်အလုပ်အကိုင်ကိုမျှ ယခုတိုင်လက်မခံခဲ့ပါ။ သို့ရာတွင်
ဒီမိုကရေစီလိုလားသော သာမာန် ပြည်သူတဦးအနေဖြင့်၊
စင်ပြိုင်အစိုးရကိုအခမဲ့ကူညီသွားပါမည်ဟု
အမေရိကန်နယ်မြေကိုပထမဆုံးခြေချလာသော ဒေါက်တာစိန်ဝင်းကို သူရောက်လာသည့်
ညနေပိုင်းဆွေးနွေးပွဲ၌ ဂတိပေးပြောကြားခဲ့သည်။
ဒေါက်တာစိန်ဝင်းကား
အာဘောင်အာရင်းသန်သန်နှင့် ဆွေးနွေး ငြင်းခုန်တတ်သူ နိုင်ငံရေးသမားမဟုတ်။
အေးအေးဆေးဆေးနှင့် သူများပြောသမျှစိတ်ရှည်လက်ရှည် နားထောင်တတ်သူဖြစ်၏။
သူစကားပြောလျှင် လည်း၊ တက္ကသိုလ်ကထိကတဦးဖြစ်သည့်အတိုင်း၊ လေအေးအေးဖြင့်၊
အကျအနရှင်းပြတတ်၏။
ဒေါက်တာစိန်ဝင်း၊ ဦးဝင်းကိုတို့နှင့်အတူ
တညအိပ်၍ဆွေးနွေးခဲ့ပြီးနောက် ကျွန်တော်ပြန်လာခဲ့၏။
ပြည်သူတို့ယုံကြည်သဖြင့်၊ ရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များကို
စစ်အာဏာရှင်တို့ကညစ်ညမ်းကာ၊ အသိအမှတ်ပြု အာဏာလွှဲအပ်ခြင်းမရှိ သဖြင့်၊
လူတော်လူကောင်း ပညာတတ်များမှာ၊ ကြံမိကြံရာ ကြံကုန်ကြသည်ဟုမှတ်ချက်ချမိ၏။
အမေရိကန်နိုင်ငံမှပြန်သွားပြီးနောက်၊
တရုပ်ပြည်မှတဆင့်၊ မြန်မာပြည်တွင်းသို့လှည့်ဝင်သော ဦးဝင်းကိုမှာ၊
မသမာသူတို့လုပ်ကြံမှုကြောင့် သေဆုံးသွားရရှာလေ၏။ ဦးဝင်းကို
ကောင်းရာသုဂတိသို့လားစေရန် ဆုမွန်တောင်းခဲ့မိသည်။
မြန်မာ့ဒီမိုကရေစီဘက်တော်သားများ၏
ကြိုးပမ်းမှုနှင့်၊ နိုင်ငံတကာမှ မြန်မာတို့အပေါ်စေတနာထားကြသူများ
မေတ္တာကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘဲလ်ဆုမှာနီးသည်ထက်နီးလာခဲ့၏။
ကျွန်တော်တို့စုံစမ်းသိရှိရချက်များအရ၊ နိုဘဲလ်ကော်မီတီက၁၉၉၁ ခုနှစ်အတွက်
ငြိမ်းချမ်းရေးနိုဘဲလ်ဆုကို ဒေါ်အောင်ဆန်းစုကြည်အားဆုပေးရွေးချယ်ရန်
သေချာနေပြီဖြစ်ကြောင်း၊ ၁၉၉၁ခုနှစ် စက်တင် ဘာလထုတ် The Burma
Review စာစောင်၌ ရဲဝန့်စွာ ဟောကိန်းထုတ်ရေးသားဖေါ်ပြခဲ့၏။
နယူးယောက်သည် သတင်းပြန်ကြားရေးဗဟိုရ်
ကမ္ဘာ့မြို့တော်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆု ရကြောင်းကြေညာသည်နှင့်
နယူးယောက်ရှိ စာနယ်ဇင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ တကမ္ဘာလုံးသို့
မြန်မာ့နိုင်ငံရေးအခြေအနေကို၊ တင်ပြဆွေးနွေးခွင့်ရနှိုင် စေရန်၊
နယူးယောက်သို့ ကြိုတင်လာရောက်ဘို့၊ ဒေါက်တာစိန်ဝင်းကိုဖိတ်ကြားလိုက်၏။
မေရီလင်းဒ်မှ နယူးယောက်သို့ ဆုမကြေညာမှီ တရက်အလိုတွင်မှ၊ ဆင်းလာကြသည်။
ကျွန်တော်မှာ ရုပ်မြင်သံကြားနှင့် စာနယ်ဇင်းများကို
ဆက်သွယ်ယင်းအလုပ်များနေခဲ့၏။ နော်ဝေ၌ ဆုကြေညာချိန်မှာ၊ နယူးယောက်အချိန်
မနက်လေးနာရီကျော်ခန့်ဖြစ်ရာ၊ ညပိုင်းကတည်းက စည်းဝါးရိုက်
ကြိုတင်ပြင်ဆင်ထားသင့်၏။
နိုင်ငံတကာရှိ
ဒီမိုအရေးလှုပ်ရှားနေသူများကိုတပ်လှန့်ယင်း၊ ကျွန်တော်
တညလုံးမအိပ်နှိုင်ခဲ့ပါ။ ညဆယ်နာရီခန့်၌၊ အနည်းငယ် အသက်ရှူချောင်၍
ဒေါက်တာမျိုးသန့်ကိုဖုံးဆက်ပြီး ဒေါက်တာစိန်ဝင်းတည်းခိုနေရာဟိုတယ်ကို
စုံစမ်းလိုက်၏။ ဒေါက်တာစိန်ဝင်းနှင့် ဦးဝင်းကိုတို့ ဟိုတယ်၌မတည်းခိုကြပါ။
ဘယ်ရောက်နေသည်ကိုလည်း၊ ဒေါက်တာမျိုးသန့်မသိပါ။ သို့ဖြင့် သူ့ခမျာလည်း
ဖုံးတလုံးနှင့် တညလုံး အလုပ်များနေခဲ့ရှာ၏။ မနက်လေးနာရီခန့်တွင်မှ
ဒေါက်တာစိန်ဝင်းရောက်နေသောအိမ်မှ ဖုံးနံပါတ်ကို လှမ်းပေးနှိုင်လေသည်။
နံက်စောစော အမေရိကန်ရုပ်မြင်သံကြားဌာနများက၊
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရှိသူမှာ၊ အမျိုးသမီးတဦးဖြစ်ကြောင်းကြေညာလေရာ၊
ဝမ်းသာလွန်း၍ မျက်ရည်များပင်လည်မိပါ၏။ ငယ်စဉ်က
မြန်မာဘောလုံးအသင်းနိုင်တိုင်း “မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ”ဟု
ကြွေးကြော်ပုံ မျိုးကဲ့သို့၊ မြန်မာ့ဒီမိုကရေစီ
အရေးတော်ပုံအောင်ပြီဟုကြွေးကြော်ရလေမည်လားမသိ။ နံမည်မကျော်သူ
မျက်နှာစိမ်းတဦးဖြစ်နေ၍၊ အမေရိကန်ရုပ်မြင်သံကြားတို့က အတော်ကြာအောင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆုရသည်ကို အမည်တတ်
မကြေညာနှိုင်ခဲ့။
ထိုစဉ်က
ဥရောပနှင့် တောင်အာဖရိကတိုက်များရှိ နိုင်ငံပေါင်းများစွာတို့တွင်၊
ဒီမိုကရေစီတိုက်ပွဲများအောင်မြင်ပြီး၊ အစိုးရအဖွဲ့သစ် များဖွဲ့နေခဲ့ကြ၏။
တိုက်ပွဲများအောင်မြင်အောင် ခေါင်းဆောင်နှိုင်သူ
သူရဲကောင်းများလည်းပေါ်ထွန်းနေကြ၏။ တောင်အာဖရိကနိုင်ငံမှ
မစ္စတာနဲလ်ဆင်မန်ဒေးလာသည်လည်း နှစ်ပေါင်းများစွာထောင်ကျနေရာမှ
၁၉၉၀ခုနှစ်ဆန်းပိုင်းတွင် လွတ်မြောက်လာ၏။ ယင်းသို့သော
ကမ္ဘာကျော်ပုဂ္ဂိုလ်များအနက်တွင်မှ၊ ထူးထူးခြားခြား ဒေါ်အောင်ဆန်းစုကြည်က
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရှိခြင်းမှာ၊ ဂုဏ်ယူကြွားဝင့် စရာသာမက၊
မြန်မာလူမျိုးများ စစ်အာဏာရှင်တို့ဘိနပ်အောက်မှလွတ်မြောက်ရန်၊
အချိန်ကျရောက်ပြီ ဆိုသည်ကိုပြလိုက်ခြင်းလည်း မည် နှိုင်သည်။
တသက်တာတွင် တခါသာကြုံနှိုင်၊
ကြုံခဲ့သောအခွင့်အရေးတရပ် ဖြစ်ပါလိမ့်မည်။ ဒေါက်တာစိန်ဝင်းသည်
နိုဘဲလ်ဆုကြေညာသော နံက်တွင်၊ အမေရိကန်
စုပေါင်းရုပ်မြင်သံကြားကုမ္ပဏီကြီးများ (Television
Networks) ဖြစ်သည့်၊ ABC, CBS, NBC, CNN တို့နှင့်သာမက၊ ရိုက်တာ၊ အေပီ
စသည့်နိုင်ငံတကာဝိုင်ယာသတင်းဌာနတို့နှင့်လည်း၊
အင်တာဗျူးများလုပ်ခွင့်ရရှိသွား၏။
မကြာမှီ
ဝါရှင်တန်ဧရိယာတွင်ဒေါ်အောင်ဆန်းစုကြည်နိုဘဲလ်ဆုရရှိခြင်းအတွက်
ချီးကြူးဂုဏ်ပြုပွဲအခမ်းအနားတခုပြုလုပ်၏။ အခမ်း အနားအပြီးတွင်
ဗွီအိုအေမြန်မာပိုင်းအစီအစဉ်မှပုဂ္ဂိုလ်က ဆုရခြင်းနှင့်ပါတ်သက်၍
ကျွန်တော့အမြင်ကိုပြောပါဟု၊ မေတ္တာရပ်ခံ၏။ “ကျွန်တော်တို့
မြန်မာလူမျိုးတွေထဲမှာ၊ ဒေါ်အောင်ဆန်းစုကြည်လို
နိုဘဲလ်ဆုရနှိုင်တဲ့သူရှိနေသေးတယ်ဆိုတာ၊ ဂုဏ်ယူမဆုံးပါဘူး” ဟုဖြေကြားခဲ့ပါ၏။
ကံစမ်းမဲပင်ပေါက်သလော၊ သို့မဟုတ်
ကျွန်တော်၏ကြိုးပမ်းမှုများကို နားစွန်နားဖျား ကြားမိလေသလောမသိပါ။
နိုဘဲလ်ကော်မီတီက ဒီဇင်ဘာလ ၁၀ ရက်၊ လူ့အခွင့်အရေးများနေ့၌ နော်ဝေနိုင်ငံ
အော်စလိုမြို့တွင်ကျင်းပပြုလုပ်မည့်၊ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် ရန်
ကျွန်တော့ကိုဖိတ်ကြား၏။
ထီပေါက်ပြီး၊ လက်မှန်ပျောက်သူအစစ်မှာ
ကျွန်တော်ပင်ဖြစ်သည်။ နိုင်ငံကူးလက်မှတ်မရှိသဖြင့်၊
ဆုပေးပွဲအခမ်းအနားသို့မတက် ရောက်နှိုင်ခဲ့ပါ။
အတွေ့အကြုံတခုလွတ်သွားရသော်လည်း၊ ကျွန်တော်သည် နေရာတကာပါ၊
လူရာဝင်လိုသူမဟုတ်ဘဲ၊ လူရာဝင်သင့်သူ၊ အရည်အချင်းရှိသူများကို၊
လူရာဝင်နေရာရရေးကြိုးပမ်းပေးလိုသူသာဖြစ်၏။
လူ့အခွင့်အရေးနေ့၊
နိုဘဲလ်ဆုပေးပွဲအခမ်းအနားပြီးသည့်ညပိုင်းတွင်၊ အိမ်ရှင်များနှင့်
နိုင်ငံတကာမှတက်ရောက်လာသောဧည့်သည် တော်များက၊ (Candlelight
Vigil) ခေါ်ဖရောင်းတိုင်မီးများထွန်းညှိလျှက်၊ အသံတိတ် ဆန္ဒပြပွဲပြုလုပ်ကာ၊
မြန်မာပြည်တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားပြီး၊ ငြိမ်းချမ်းသာယာစေရေး
ဆုမွန်တောင်းခဲ့ကြ၏။
ဆန္ဒပြပွဲတိုင်းလုပ်နေကျ ထုံးစံနှင့်အညီ ကျွန်တော်တို့မြန်မာပြည်
ဖွားများက၊ ယင်းတိတ်ဆိပ်ငြိမ်သက်စွာ
ဆန္ဒပြဆုတောင်းနေသူများအကြား၊ “ဒို့အရေး၊ ဒို့အရေး” ဟု
အော်ဟစ်ကြွေးကြော်ခဲ့ကြသည် ဆို၏။
သူတို့ ဒို့အရေးလုပ်နေခိုက်၊
ကျွန်တော်တို့နယူးယောက်၌ကျန်ရစ်သူများက၊
ကုလသမဂ္ဂအနီးရှိကုလအတွင်းဝန်ချုပ်ဟောင်း ဒါ့ဂ် ဟမ္မားရှိုးလ်ဒ် (Dag
Hammarskjöld) ရင်ပြင်တွင်၊ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပါ၏။
ဒေါ်မီးမီးမြင့်ဖူးနှင့် ကျွန်တော်တိုင်ပင်ကာ၊ စီစဉ်ခဲ့ခြင်း ဖြစ်၏၊
ကျွန်တော် နယူးယောက်သို့ရောက်စတွင်၊
အာရှတိုက်သားများအဖွဲ့အစည်း (Asia Society) ၌ပြုလုပ်သည့်၊
မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ဟောပြောပွဲကို တက်ရောက်ယင်း၊
ဒေါ်မီးမီးမြင့်ဖူးကိုသိကျွမ်းခဲ့၏။ ငယ်စဉ်ကတည်းကအမေရိကန်နိုင်ငံသို့
ရောက်ရှိနေသော်လည်း၊ မြန်မာပြည်ကိုချစ်စိတ်များစွာပြင်းပြသူဖြစ်သည်။
အသက်နှစ်ဆယ့်ငါးနှစ်ခန့်သာ ရှိသေးသည့်အားလျှော်စွာ၊ အလွန်တက်ကြွထက်မြက်၏။
အမေရိကန်များသာမက၊ နိုင်ငံတကာမှလာရောက်ပြီး
နယူးယောက်တွင်နေထိုင်အလုပ်လုပ်ကိုင်သူတို့အတွက်၊
မင်န်ဟက်တင်န်ကျွန်း (Manhattan) မြို့လည်ပိုင်း၊
မယ်ဒီဆင်န်လမ်းမကြီး (Madison
Avenue) ရှိကြော်ငြာကုမ္ပဏီများ၌အလုပ်ရရှိလျှင်၊ အဆင့် အတန်းမြင့်ပြီး
အလွန်ဂုဏ်ကြက်သရေရှိ၏။ ဒေါ်မီးမီးမြင့်ဖူးသည်၊
နံမည်ကြီးကြော်ငြာကုမ္ပဏီကြီးတခု၌၊ ငွေစာရင်းဌာနအရာရှိတဦး အဖြစ်၊ ထိုစဉ်က
အမှုထမ်းနေသည့်အပြင်၊ မယ်ဒီဆင်န်နှင့်ကပ်နေသည့်
လက်က်စ်ဆင်တန်န်လမ်းမကြီး (Lexington Avenue) ပေါ်၌၊
တိုက်ခမ်းတခုငှားရမ်းနေထိုင်သူဖြစ်၏။
ကောလိပ်မှအောင်ပြီးစလူငယ်တိုင်း
အိမ်မက်ကြသည့်နေထိုင်မှုအဆင့်ပေပင်။ ကျွန်တော် သူ့ကိုသိကျွမ်းပြီး၊
လပိုင်းအတွင်းတွင်၊ အလုပ်ကိုပြစ်ကာ၊
ယိုးဒယားနယ်စပ်ရှိကျောင်းသားများစခမ်းသို့ သွားရောက်ကူညီနေကြောင်း ကြားရ၏။
နှစ်ဝက်ခန့်
နယ်စပ်၌ကျောင်းသားများနှင့်သွားရောက်နေခဲ့ပြီး၊ နယူးယောက်သို့ပြန်လာကာ၊
စားသောက်ဆိုင်တခု ဖွင့်လှစ်ရောင်းချ နေပြန်သည်။
ဆင်းရဲနွမ်းပါးစွာနေထိုင်လျှက် ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ကိုင်နေသော
ကျွန်တော့အတွက်၊ ဒေါ်မီးမီးဆိုင်တွင်၊ မြန်မာ အစားအစာများကို
သက်သာချောင်ချိစွာဖြင့်စားသောက်နှိုင်ခဲ့၍၊ ကျေးဇူးများစွာတင်ခဲ့ရ၏။
ဒေါ်မီးမီးမြင့်ဖူးမှာ အပေါင်းအသင်း
အဆက်အဆံချောမွေ့သဖြင့် လူချစ်လူခင်လည်းပေါသည်။ သူ့မိတ်ဆွေများက စီစဉ်ပေး၍့၊
ဒေသခံကွန်ဂရက်အမတ်များဖြစ်ကြသော၊ မစ္စတာဆိုးလာ့ဇ်၊ မစ္စတာချပ်ခ်ရှူးမား
(ယခုနယူးယောက်ဆီနေတာ) နှင့်အခြားသော နယူးယောက်မြို့မှ
နိုင်ငံရေးသမားများလည်း၊ ကျွန်တော်တို့၏ဆန္ဒပြပွဲသို့
တက်ရောက်မိန့်ခွန်းပြောကြားကြ၏။ မြန်မာများသာမက၊ ကျွန်တော်တို့ကဲ့သို့ပင်
ဒီမိုကရေစီအရေးကြိုးပမ်းနေသောတိဘက်များကလည်း၊
ကျွန်တော်တို့ကိုလာရောက်အားပေးပြီး၊ အတူတကွ ဆန္ဒပြခဲ့ကြသေးသည်။
ဧည့်သည်များအဖြစ်၊ ဒေါ်မီးမီးမြင့်ဖူးက နယ်စပ်မှမကြာသေးမှီက
ရောက်လာသောကျောင်းသား ကိုမင်းဆန်းမင်း ကို၎င်း၊ ကျွန်တော်က ကွယ်လွန်သူ
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏သမီး ဒေါ်အေးအေးသန့်ကို၎င်း
ဖိတ်ကြား ကာ၊ မိန့်ခွန်းပြောကြားစေခဲ့ပါသည်။
တိုင်းပြည်အရေးနှင့်ကိုယ်ရေးကိုယ်တာ
မြန်မာပြည်တွင်
စစ်အာဏာရှင်စံနစ်ပြုတ်ကျပြီး၊ စစ်မှန်သော ဒီမိုကရေစီထွန်းကားရေးအတွက်၊
ကိုယ်ကျိုးစွန့်ကာကြိုးစားခဲ့ရာတွင်၊ မည်သည့်အခွင့်အရေးမျှ
ကျွန်တော်မမျှော်လင့်ခဲ့၊ မယူခဲ့ပါ။ နိုင်ငံများစွာမှ
ကျွန်တော်နှင့်ဆက်ဆံလုပ်ကိုင်နေသူအများစုမှာ၊ ကျွန်တော့ ကိုမတွေ့ဘူး၊
မမြင်ဘူးကြပါ။ ကန့်လန့်ကာနောက်ကွယ်မှ ကြိုးစားလုပ်ကိုင်ခြင်းက
ပိုမိုထိရောက်သည်ဟုလည်း ကျွန်တော်က ယုံကြည်သည်။
စစ်အစိုးရဆန့်ကျင်ရေး၌ ကျွန်တော်ရှေ့တန်းမှ
ပါဝင်လုပ်ကိုင်နေခြင်းက၊ ကျွန်တော့မိဘများနှင့်
မွေးချင်းများကိုထိခိုက်မှုမရှိစေရန်၊ သူတို့နှင့်
အဆက်အသွယ်လုံးဝမလုပ်ဘဲနေခဲ့ပါ၏။ သူတို့ကို ထောက်ပန့်ကူညီမှုလည်း၊
ကျွန်တော်မလုပ်နှိုင်ခဲ့ပါ။
မြန်မာလူမျိုးတို့ပြောလေ့ပြောထရှိသည့်စကားပုံမှာ “ပြဒါးသေတဆွေဝ၊
သံသေတပြည်ဝ” ဟူ၏။ ကျွန်တော်ကြိုးစားလုပ်ကိုင်နေသော ဆောက်ရွက်ချက်များမှာ၊
သံသေရန်ဖြစ်သည်။ ဒီကရေစီနှင့်လူ့အခွင့်အရေးများထွန်းကားလာပါက
တတိုင်းပြည်လုံးသာယာဝပြောကာ၊ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာပေလိမ့်မည်။
လူတိုင်းချမ်းသာကြွယ်ဝလာလျှင်၊ ကျွန်တော့မိဘ ညီအကိုမောင်နှမများလည်း
အများနည်းတူ မလွှဲမသွေ အကျိုးခံစားလာရလိမ့်မည်ဟု ယုံကြည်ခဲ့၏။
ဒေါ်အောင်ဆန်းစုကြည်
အချုပ်အနှောင်မှလွတ်မြောက်ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများကို၊
ပြင်ပ၌ပြန်လည်လုပ်ကိုင်နှိုင်သောအခါတွင်၊
ကျွန်တော်လုပ်လက်စဝတ္တရားများကိုစွန့်လွှတ်ခဲ့၏။ လူ့အခွင့်အရေးနှင့်
ဒီမိုကရေစီတိုက်ပွဲများကြောင့် နှစ်ပေါင်းများစွာကင်းကွာနေခဲ့ပြီး
နောက်ပိုင်းတွင်၊ မွေးချင်းများနှင့်ပြန်လည်ဆက်သွယ်ခဲ့၏၊
ကျွန်တော်ပြန်လည်ဆက်သွယ်သောအစဦးတွင်၊ အချို့မွေးချင်းများက စိုးရိမ်
ပူပန်နေကြသေးသည်။ သို့ရာတွင် မကြာမှီကြောက်စိတ်များကို သူတို့ကျော်လွန်ကာ၊
ကျွန်တော့ကို ဝမ်းသာအားရကြိုဆိုကြပါ၏။
ကျွန်တော်
မဆက်သွယ်နှိုင်ခဲ့သည့်အချိန်အတွင်း၊ ကျွန်တော့ဘခင်ဆင်းရဲနွမ်းပါးစွာဖြင့်
ကွယ်လွန်သွားရသည်ကို၊ ကြေကွဲဝမ်းနည်းစွာ ကြားသိခဲ့ရသည်။ ကျွန်တော့မိခင်မှာ
၈၈ ခုနှစ်အရေးအခင်းများမဖြစ်မှီကတည်းက၊ ကျွန်တော်တို့ကိုစွန့်ခွာ၍၊
ဘဝတပါးသို့ ပြောင်းသွား ခဲ့ပြီးဖြစ်၏၊ ကျွန်တော်တို့၏ဘခင်အပြင်၊
အမတဦးမှာလည်း၊ မသေသင့်ဘဲ၊ သေဆုံးသွားကြောင်း ရင်နင့်ဘွယ်သိရှိခဲ့ရသည်။
ကျွန်တော်မည်မျှပင် အနစ်နာခံကာ၊
ကိုယ်ကျိုးစွန့်လုပ်ကိုင်ခဲ့သော်မင့်၊ ဒီမိုကရေစီအရေး
လှုပ်ရှားလုပ်ကိုင်နေသည်ဆိုသော၊ ပြည်ပ ရောက်မြန်မာများအကြား၌၊
ကျွန်တော်အံမဝင်လှပါ။ ကျွန်တော်သည် “မြန်မာမှုမြန်မာဟန်” များမရှိ။
ရေလိုက်ငါးလိုက်မလုပ်တတ်။ ဟန်ဆောင်ခေါင်းငြိမ့်ပြီး၊
ကွယ်ရာတွင်ထင်ရာစိုင်းလိုသည့်စိတ်လည်းမရှိ။ အထူးသဖြင့်၊
မြန်မာ့နည်းမြန်မာ့ဟန်ဖြစ်သော၊ “ပြောရမှာ အားနာလျှက်၊ နောက်ပိုင်းတွင်
မည်သူ့မျက်နှာမှမထောက်၊ လုပ်ချတတ်သည့်” အလေ့အထလည်းမရှိပါချေ။
ပြောသင့်ပြောထိုက် သည်ကို၊ အရှိအတိုင်းပြောလိုက်ခြင်းဖြင့်၊ မဖြစ်သင့်
မဖြစ်ထိုက်သော အကျိုးဆက်များကို ရှောင်ရှားနှိုင်လိမ့်မည်ဟု ယုံကြည်သူမှာ၊
ကျွန်တော်နှင့်လူနည်းစုသာဖြစ်ဟန်ရှိသည်။
သို့ရာတွင်
ကျွန်တော်နှင့်လက်တွဲလုပ်ကိုင်သည့် အနောက်နိုင်ငံသားအများစုကမူ
ကျွန်တော့ကို ကြိုတင်ခန့်မှန်းရန် အလွန်လွယ် ကူပြီး၊
လုပ်ငန်းကိုင်ငန်းတိုင်း၌ ယုံကြည်ကိုးစားစိတ်ချရသူဖြစ်သည်ဟုဝေဖန်ကြ၏။
ထို့ကြောင့်ပင်၊ ကျွန်တော်၏ကြိုးပမ်းမှု အများစုမှာ၊
မြန်မာမဟုတ်သောအသင်းအဖွဲ့များနှင့် ပိုမိုဆက်နွယ်နေပါ၏။
မြန်မာပြည်၏ပြည်ပမှဆောင်ရွက်နေသော လုပ်ငန်းများအတွက်၊ ရောက်ရှိ
ရာနိုင်ငံများမှအသင်းအဖွဲ့များနှင့် လက်တွဲလုပ်ကိုင်ရသည်မှာ၊ မထူးဆန်းပါ။
ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည်၏
အကြမ်းမဖက် စစ်အစိုးရဆန့်ကျင်ရေးကို
အကျွင်းမဲ့ထောက်ခံသူဖြစ်သည့်အားလျှော်စွာ၊ နယ်စပ်ရောက်ကျောင်းသားများနှင့်၊
အချို့တက်ကြွသူမြန်မာများယုံကြည်သည့် လက်နက်ကိုင်တော်လှန်ရေးကိုအားမပေးပါ။
မြန်မာပြည် ကို ဖျက်ဆီးနေသည်မှာလည်း
ဤလက်နက်ကိုင်တော်လှန်ရေးများဖြစ်သည်ဟုယုံကြည်၏။ လွတ်လပ်ရေးရပြီးနောက်၊
လူမျိုးစုများရော၊ အခြားဝါဒမတူသူ ပြည်သူများကပါ၊ တွေ့ဆုံဆွေးနွေးရေးထက်၊
လက်နက်ကိုင်ဖြေရှင်းရေးကို အသားပေး၊ အားကိုးလာကြသဖြင့်၊
စစ်တပ်လည်းကြီးထွားလာ၊ သူတို့လည်းမအောင်မြင်နှိုင်၊ တိုင်းပြည်မှာလည်း
အဖြေရှာမရနှိုင်ဖြစ်လာနေခဲ့၏။
လက်နက်ကိုင်တိုက်ခိုက်
နေသူများကို လက်ညှိုးထိုးကာ၊ တစထက်တစတိုးချဲ့လာသော မြန်မာစစ်တပ်သည်၊
အတုမရှိ တန်ခိုးကြီးမားလာနေ၏။ နိုင်ငံတနိုင်ငံ၌၊
လူ့အဖွဲ့အစည်းအမျိုးမျိုးရှိသည့်အနက်၊ တခုသောအဖွဲ့အစည်းက စည်းစံနစ်ကျပြီး၊
ကျန်အဖွဲ့များကို သာလွန်ကျော်ကဲလာပါက၊ ထိုအဖွဲ့ အစည်းက ကျန်သူများကို
အနိုင်ကျင့်အုပ်စီးလာစမြဲဖြစ်၏။ သို့ဖြင့် တသွေး၊ တသံ၊ တမိန့်
ညီညွတ်နေသောစစ်တပ်က၊ အသေး အဖွဲကိစ္စရပ်များမှအစ အငြင်းအခုန်သန်၊
မနာလိုဝန်တိုမှုပြွမ်းပြီး၊ အချင်းချင်းရန်ဖြစ်တိုက်ခိုက်
မညီမညွတ်ဖြစ်လာသည့်ပြင်၊ ကိုယ်ကျိုး လည်းရှာလွန်းသော
နိုင်ငံရေးသမားများကို၊ အနိုင်ကျင့်ကာ၊ အာဏာလုယူသွားခဲ့လေတော့သည်။
၁၉၈၈ခုနှစ်ကုန်ပိုင်း
နယူးဂျာစီပြည်နယ် (New Jersey) တွင် ပြုလုပ်သော၊
မြန်မာတို့၏အစည်းအဝေးတခုသို့ ကျွန်တော်တက် ရောက်ခဲ့ဘူးသည်။ အစည်းအဝေးတွင်
နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်လာသောကျောင်းသားများ စစ်တပ်ဖွဲ့စည်းနှိုင်ရန်
ငွေကြေး ထောက်ပန့်မှုလိုအပ်နေကြောင်းပြောကြားကာ ရန်ပုံငွေကောက်ခံကြ၏။
ကျွန်တော်က မနေနှိုင်လွန်းသဖြင့်၊ “ကျောင်းသားများ၏ လတ် တလောတွေ့ကြုံနေရသော
လုံခြုံရေးအခြေအနေကြောင့်သာ၊ နယ်စပ်သို့တိမ်းရှောင်လာခြင်းဖြစ်ကြောင်း။
ထိုကျောင်းသားများကိုအသုံး ချကာ၊
ကြီးမားလှသောမြန်မာစစ်တပ်ကို တိုက်ခိုက်ရန်မဖြစ်နှိုင်ကြောင်း။
ဒီမိုကရေစီထွန်းကားရေး စိတ်ဓါတ်အပြည့်အဝရှိနေသော ကျောင်းသားများကို၊
နေထိုင်စားသောက်ရန်နှင့် ပညာဆက်လက်သင်ကြားနှိုင်ရန်သာ
ကြံဆောင်ပေးကြစေလိုကြောင်း။ နိုင်ငံရေး အတွေ့အကြုံရှိပြီးသောလူကြီးများကသာ၊
စစ်အစိုးရဆန့်ကျင်ရေးကို
ဆက်လက်ဦးဆောင်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း”သတိပေး ပြောကြားခဲ့သည်။
မည်သူ့မျှအသိမပေးဘဲ
ကျောင်းသားများအတွက်ရံပုံငွေဟု တိတ်တဆိပ် ငွေကောက်ခံနေသူများက
မကြေမနပ်ဖြစ်ကာ၊ ကျွန်တော် က ကျောင်းသားများကို နှိမ်ချစော်ကားသည်ဟု
တိုက်ခိုက်စွပ်စွဲကြလေသည်။ ထိုသူများနှင့်
ကျွန်တော်လက်တွဲလုပ်ကိုင်နှိုင်ခြင်းမရှိခဲ့ပါ။ သို့ရာတွင်
အတိုင်းတိုင်းအပြည်ပြည်ရှိ အခြားမြန်မာမျိုးချစ်များနှင့်ပူးတွဲကာ၊
ကျောင်းသားများ ငွေကြေးအထောက်အပန့် ရရှိစေရေး၊
ပညာဆက်လက်သင်ယူခွင့်ရရှိစေရေးတို့အတွက်၊ အမေရိကန်လွှတ်တော်နှင့်
နိုင်ငံတကာအစိုးရများသို့ အောင်မြင်စွာမေတ္တာရပ်ခံနှိုင်ခဲ့ ပါသည်။
လက်နက်ကိုင်တိုက်ခိုက်ပြီး
အနိုင်ရရှိခဲ့ဘူးသူများအနေနှင့်၊ ငြိမ်းချမ်းစွာဆွေးနွေးလျှက်၊
ပြေလည်မှုရှာလိုသည့်စိတ်ရှိလာနှိုင်ရန်ခဲယဉ်း လှ၏။ အကြမ်းဖက်သူများနှင့်
ဒီမိုကရေစီအရေးမှာ၊ မည်သို့မျှစပ်ဟပ်၍မရနှိုင်။ ထို့ကြောင့် အကြံဥာဏ်တုန်း၊
ထွက်ပေါက်မရှိသူ လူငယ် အချို့က လေယာဉ်ပျံပေးဆွဲမှုများ ပြုလုပ်လာသောအခါ၊
ကျွန်တော်က ပြင်းထန်စွာကန့်ကွက်ရှူံ့ချခဲ့၏။
အလားတူပင် ကချင်ပြည်နယ်ရောက် ကျောင်းသားတစုက
အချင်းချင်း မသင့်မမြတ်ဖြစ်လာကြပြီး၊ စွပ်စွဲချက်အမျိုးမျိုးဖြင့်၊
လူသတ်မှု များ ကြူးလွန်လာသည့်အခါ၊ အလွန်စိတ်မသက်မသာဖြစ်ခဲ့၏။
ထိုရာဇဝတ်မှုကျူးလွန်သူများကို ထောက်ခံအားပေးမှု မပြုကြဘဲ၊ အပြစ်
ပေးအရေးယူရန်တောင်းဆိုခဲ့၏။ ယင်းမှုခင်းနှင့်ပါတ်သက်သောအကျိုးဆက်များကို
သီးသန့်ရေးသားပါဦးမည်။
လက်နက်အားကိုးဖြင့်
ပြည်သူတို့အပေါ်ရက်စက်ယုတ်မာနေသော စစ်အာဏာရှင်တို့ကို ပြစ်တင်ရှုံ့ချ၊
ဆန့်ကျင်နေသူများက၊ သူတို့ ဆန့်ကျင်သူများအတိုင်း
ကျင့်သုံးလုပ်ကိုင်လာသောအခါ၊ ဤအရေးအခင်းအောင်မြင်ရန်
လမ်းစပျောက်ဘို့သာရှိ၏။ မူဝါဒ မဖြူစင်သော နိုင်ငံရေးလှုပ်ရှားမှု၌၊
ရှေ့ရေးလည်းရှိမည်မဟုတ်ပါ။ ထိုစဉ်က ပြည်သူ့အချစ်တော်
ပြည်ပရောက်ကျောင်းသားအချို့၏ မှားယွင်းသော လုပ်ရပ်များကိုဝေဖန်သဖြင့်၊
လုပ်ဖေါ်ကိုင်ဖက်များက ကျွန်တော့ကို ညိုညင်လာကြသည်။
မိမိအာဏာရရေး တခုတည်းသာကြည့်လျှက်၊
ညီနောင်မင်းသားများကို ဝါးရင်းတုတ်ဖြင့်ရိုက်နှက်သတ်ဖြတ်ကာ၊ နန်းတက်သူ
သီပေါမင်းမှာ၊ နောင်တွင် လူမျိုးခြားတို့ကဖမ်းဆီး၊ နန်းသိမ်းခံရသည်ကို၎င်း၊
ဇာတ်တူသားစား၍၊ ဟင်္သာကိုးသောင်းပျက်ရသည့် ဥပမာ များကို၎င်းပေးကာ၊
ထိုသို့သောလုပ်ရပ်များကို ကျွန်တော်
လက်မခံနှိုင်ကြောင်းရှင်းပြခဲ့သည်။ တပါတီ အာဏာရှင်စံနစ်ကို တိုက်ဖျက်
နေသူများမှာ၊ ကိုယ်တိုင်ရရှိထားသောနေရာကိုမူ၊ မည်မျှပင်အကျိုးမရှိစေကာမူ၊
စွန့်လွှတ်လိုသူများမဟုတ်ချေ။
၁၉၆၂ခုနှစ်တွင် အကြမ်းဖက် အာဏာသိမ်းယူခဲ့သော
ဦးနေဝင်းသည် ၂၅နှစ်ကျော် တိုင်းပြည်နှင့်လူမျိုးကိုထင်ရာလုပ်ကာ၊ ဗိုလ်ကျ
အုပ်ချုပ်မင်းလုပ်ခဲ့သည်။ ဒုတိယစစ်အာဏာသိမ်းခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးစောမောင်က သုံးနှစ်ခန့်နှင့် တတိယစစ်အာဏာရှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၅နှစ်ခန့်ဆက်လက်ကြီးစိုးခဲ့ပြန်သည်။
အာဏာသိမ်းခေါင်းဆောင်မဟုတ်သော်လည်း၊ ကိုယ့်လူစုနှင့်ကိုယ်၊
ကိုယ့်သဘောကိုယ့် အဆုံးအဖြတ်ဖြင့် အစိုးရဖွဲ့ခဲ့သော အမျိုးသားညွန့်ပေါင်း
အစိုးရ၏ “ဝန်ကြီးချုပ်” ဒေါက်တာစိန်ဝင်းခေါင်းဆောင် သက်မှာ
ယခု၂၁နှစ်ရှိနေပေပြီ။ သူ၏သာလွန်ချက်မှာကား၊ ဒီမိုကရေစီအစိုးရဖြစ်ပေမင့်၊
ဝန်ကြီးချုပ်လည်း သူ၊ လွှတ်တော်ဥက္ကဌလည်း
သူ၊ “လွတ်မြောက်နယ်မြေ” အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင်လည်း
သူပင်ဖြစ်ခဲ့သည်။ အစကနဦးက စင်ပြိုင်အစိုးရနှင့်ပါတ်သက် ၍ ကျွန်တော့ကို
ဝေဖန်ဆန့်ကျင်ခဲ့သော ကြေးမုံဦးသောင်းသည်၊ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး
တနှစ်ခန့်အကြာ၌၊ ယင်းအစိုးရနှင့်ပါတ်သက် သော သူ့ထင်မြင်ချက်မှားကြောင်း
ဝန်ခံခဲ့လေ၏။
“ဦးစိန်ဝင်းသည်
စစ်အာဏာရှင်စံနစ်နှင့်အလားတူ၊ ဆိုးယုတ်သော ကြေးစားအာဏာရှင်စံနစ်ကို
တည်ထောင်နေသည်။ နိုင်ငံရေး ခေါင်းဆောင်အားလုံးကို သူ၏လခစားဖြစ်စေမှသာ၊
သူ့အဖို့ရာသက်ပန်အာဏာရစေမည်ဆိုကာ လာဘ်ထိုးအာဏာရှင်စံနစ်ကိုတည်ထွင် ပြီး
ပြည်ပနိုင်ငံရေးလှုပ်ရှားမှုကို ဖျက်ဆီးခဲ့သည်။
“စံနစ်ဆိုးမှလွတ်မြောက်စ ပြည်သူတို့အနေနှင့်
ဦးစိန်ဝင်းကဲ့ သို့နိုင်ငံရေးသူယုတ်မာကို သတိကြီးစွာထားသင့်ကြပါသည်။
“ဒီမိုကရေစီဝါဒီတဦးဟန်ဆောင်ထားသဖြင့်၊ စစ်ဗိုလ်ဖက်ဆစ်များထက်
ပိုမိုကြောက်ဖွယ်ကောင်းလှပါ၏။ ပိုမိုယုတ်မာသူလည်းဖြစ် ပါသည်” ဟု
ကြေးမုံဦးသောင်းက ဝေဖန်ရေးသားခဲ့၏။
အခြားလူမျိုးများနှင့်နှိုင်းယှဉ်လျှင်၊
မြန်မာလူမျိုးတို့၏အားနည်းချက်မှာ၊ ကိုယ်တိုင်လက်ခံကျင့်သုံးနေသော
ရိုးရာအလေ့အကျင့်ကြောင့် ဖြစ်သည်။ မိဘများနှင့်၊
အသက်အရွယ်ကြီးရင့်သောသူများက၊ သား သမီးများနှင့် လူငယ်များကို၊
အတွေးအခေါ်ရင့်ကျက်စေရန်ထက်၊ အစဉ်းစားအဆင်ခြင်ဥာဏ်ခေါင်းပါးစေရန်
နှိပ်ကွပ်ထားကြ၏။ လူငယ်များအနေဖြင့်၊ မိဘနှင့်အသက်အရွယ်ကြီးသူများ
မည်မျှမှားယွင်း စေကာမူ၊ ထောက်ပြပြောဆိုခွင့် လုံးဝမရှိချေ။
မှားမှန်းသိပါလျှက်၊ မျက်စေ့မှိတ်ယုံကြည်ကာ၊ ပိုးဖလန်မျိုး
မီးကိုတိုးကြရသည်။ ထိုအကျင့် များကြောင့်၊ အာဏာရှင်ဦးနေဝင်းက တိုင်းပြည်ကို
မှောက်လိုမှောက်၊ လှန်လိုလှန်၊ ဗြောင်းဆန်အောင် သူလိုသလိုကစားသွားခဲ့၏။
တဦး တယောက်က
ပြောနေသည်မှာ မဟုတ်မှန်နှိုင်ကြောင်း အကျိုးနှင့်အကြောင်းရှင်းပြကာ၊
ငြင်းချက်ထုတ်လျှင်၊ အငြင်းသန်၊ ဆင်ခြေများ၊
ဘုဂလန့်ကျသည်ဟုမြန်မာများကစွပ်စွဲကြ၏။ အနောက်နိုင်ငံသားတို့က မြန်မာတို့ကို
ရှေ့တွင်ခေါင်းညိမ့်သော်လည်း၊ နောက်ကွယ်ရာ၌
မိမိတို့ဂတိပြုထားသည်ကိုပင်မလေးစား၊ ဂရုမစိုက်ဘဲ၊ လစ်လျှူရှုတတ်သူများ၊
ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်သူများဟု ထင်မြင်ကြသည်။
မြန်မာ့တပ်မတော်တွင်
ပြောလေ့ပြောထရှိသည်ဆိုသော ဥပမာတခုကိုလည်း ကြားဘူးသည်။
မြန်မာပြည်ပေါက်ခွေးများမှာ မည်မျှပင် ထွားကြိုင်းသန်မာစေကာမူ
စစ်တပ်အတွက်အသုံးပြု၍ မရနှိုင်ဟုဆိုသည်။ ယင်းခွေးများကိုသင်တန်းပေးရာ၌
တာလွှတ်သည့်နေရာမှ ပန်းတိုင်အတွင်း၊ တွားသွားစေခြင်း၊ အခက်အခဲများ
ကိုကျော်လွှားခုန်ပြန်စေခြင်း စသည်ဖြင့် အမိန့်အမျိုးမျိုးပေးကာ
နာခံဆောင်ရွက် စေ၏။ နိုင်ငံရပ်ခြားမှလာသော ဂျာမန်သိုးထိမ်းခွေး
အယ်လ်ဇေးရှင်း (German Shepherd Alsatian) ကဲ့သို့ခွေးများမှာ ထိုသို့
သင်တန်းပေးရန် အလွန်လွယ်ကူသည်ဆို၏။ အင်းခွေးကဲ့သို့သောလှပသည့်
မြန်မာခွေးများကို သင်တန်းပေးလျှင်၊ ခွေးများက တာလွှတ် နေရာနံပါတ်တစ်မှ
နံပါတ်နှစ်နေရာသို့သွားပြီး၊ နံပါတ်တစ်နေရာသို့ပြန်လာရမည်ကိုသာနားလည်၏။
ကြားထဲတွင်လုပ်ရမည့် အလှည့် အပါတ် အခုန်အပြန်များကို အဓိပ္ပါယ်မဲ့
မလိုအပ်ဟုယူဆကာ လစ်လျှူရှူလိုက်တတ်ကြသည်ဆို၏။ ထို့ကြောင့် စစ်တပ်အတွက်
လိုအပ်သောခွေးများကို နိုင်ငံခြားမှမှာယူကာ သင်တန်းပေးရသည်ဟုကြားဘူးသည်။
နိုင်ငံခြားသားများက
မြန်မာလူမျိုးများနှင့်ဆက်ဆန်သောအခါ၌၊ သူတို့ပေးသောတာဝန်ကို
ထမ်းဆောင်လျှင်၊ မည်သည့်အကျိုးခံစား ခွင့်ကိုပေးမည်ဟု ဂတိပေးတတ်၏။
မြန်မာများက သူတို့ရရှိမည့် အကျိုးကျေးဇူးကိုသာစိတ်တွင်စွဲနေပြီး၊
သူတို့လုပ်ရမည့် တာဝန်ကိုမူ အလေးမမူ ဂရုမထားတတ်ကြဟုဝေဖန်ကြသည်။
ဂတိပေးထားခဲ့သည့် အကျိုးကျေးဇူးမရသေးသည်ကိုသာ မကြေမနပ်တောင်းဆို
နေတတ်ကြပြီး၊ သူတို့လုပ်ရမည့်တာဝန်ကိုပြီးစီးအောင် မထမ်းဆောင်ရသေးသည်ကိုမူ
အရေးမကြီး မလိုအပ်လေဟန် သဘောထား တတ်ကြသည်ဟုဆို၏။
“Today in Myanmar” ဟုခေါ်သော အင်တာနက်မဂ္ဂဇင်း၌ မြန်မာတို့၏အလေ့အကျင့်ကို ဗမာလေးဆိုသူက ဤသို့တင်ပြထား လေသည်။
“မြန်မာပြည်မှာ အနောက်နိုင်ငံကလာပြီး
အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရှိကြတယ်။ သူတို့က
မြန်မာလူမျိုးတွေအပြောနဲ့ အလုပ် မညီတာမကြာခနကြုံတွေ့နေကြရတယ်။ ဥပမာ
အနောက်နိုင်ငံသားက သူ့မိတ်ဆွေမြန်မာကို ညနေစာစားဘို့ဖိတ်တယ်ဆိုပါတော့။
မြန်မာ မိတ်ဆွေကအဲဒီညနေမှာမအားဘူး။ အကယ်၍ အဲဒါအနောက်နိုင်ငံသားသာဆိုရင်
ရိုးရိုးသားသား မအားလို့သူမလာနှိုင်ဘူးဆိုတာ ပြောလိမ့်မယ်။
မြန်မာမိတ်ဆွေကတော့ မလာနှိုင်မှန်းသိရက်နဲ့ လာပါ့မယ်လို့ပြန်ဖြေလိမ့်မယ်။
တကယ်တန်းကျတော့ သူမသွားဘူး။ မလာနှိုင်ဘူးဆိုတာလဲ ဖုံးဆက်အကြောင်းမကြားဘူး။
နောက်တနေ့မှာတော့ မလာနှိုင်တာခွင့်လွှတ်ပါဆိုပြီးတောင်းပန်လိမ့်မယ်။ ဒီတော့
နိုင်ငံခြားသားက သူ့မိတ်ဆွေမြန်မာလူမျိုးဟာ
မယုံကြည်ရဘူးလို့မှတ်ယူသွားလိမ့်မယ်”
ကိုကိုဆိုသူကမူ သူ့အတွေ့အကြုံကို အောက်ပါအတိုင်းရေးသားထားသည်။
“ပြင်သစ်ကုမ္ပဏီတခုမှာ ကျွန်တော်
၁၀နှစ်ကျော်အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော့အထက်အရာရှိနဲ့ရော
အခြားပြင်သစ်လူမျိုးတွေနဲ့ပါ စကားပြောတိုင်း၊ ကျွန်တော်က ဟုတ်ကဲ့၊
ဟုတ်ကဲ့လို့အမြဲတမ်းပြန်ပြောတတ်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါ သူတို့က
သူတို့ လုပ်ခိုင်းတာလုပ်ပြီးပြီလားလို့မေးတတ်ပါတယ်။ ကျွန်တော်က
သူတို့လုပ်ခိုင်းတာလုပ်ပေးပါ့မယ်လို့ ဘယ်တုန်းကမှဂတိမပေးခဲ့ကြောင်း
ပြောတော့၊ သူတို့က မကြာခင်တနေ့က ကျွန်တော်နဲ့စကားပြောစဉ် ကျွန်တော်က
ဟုတ်ကဲ့လို့ဂတိပေးသွားတဲ့အကြောင်းပြောပြပါတယ်။ နောက်တော့ ကျွန်တော်က
ကျွန်တော်တို့မြန်မာတွေရဲ့ ဟုတ်ကဲ့ဆိုတာမှာ၊
အဓိပ္ပါယ်လုံးဝမရှိဘူးဆိုတာရှင်းပြရပါတယ်”
ဗမာလေးက မြန်မာလူမျိုးများသည် ညင်းပါယ်သောစကားလုံးများကို သုံးစွဲရန်ဝန်လေးကြသည်ဟု ဆင်ခြေပေးသည်။
ဤသည်မှာ မြန်မာများသာမဟုတ်ဘဲ၊
အရှေ့တိုင်းသားများ၏ မှားယွင်းသောအလေ့အထတခုဟု ဆိုရပါလိမ့်မည်။ ကျွန်တော်
ဂျာမနီ ပြည် တက္ကသိုလ်၌ကျောင်းတက်နေစဉ်၊ နိုင်ငံခြားသားများကို
ဂျာမန်စာနှင့် စကားသင်ကြားပေးသော ဆရာအဖြစ်အလုပ်လုပ်ကာ၊
ကျောင်းစားရိပ်ရှာခဲ့ဘူး၏။
တပည့်များမှာ အရှေ့တိုင်းသား၊ ဗီယက်နမ်မ်၊
ဖိလိပိုင်၊ ယိုးဒယား၊ ဂျပန်၊ ကိုရီးယား၊ အာဖဂန်နစ္စတန်စသူများဖြစ်လျှင်
အလွန် အကြံအိုက်ခဲ့ရသည်။ သူတို့သည် ဆရာသမားများကို
အလွန်လေးစားကြည်ညိုသဖြင့် စာသင်ကြားရသည်မှာ အလွန်နှစ်လို့ဘွယ်ရှိ၏။
သို့ရာတွင် သင်ကြားသောစာကို သူတို့နားလည် မလည် သိရန်အလွန်ခက်လှသည်။
မေးသည့်အခါတိုင်း သင်ပြီးသမျှသူတို့နားလည်
ကြောင်းအတန်တန်ဂတိပြုဖြေကြားကြသည်။ မသင်္ကာ၍
လေ့ကျင့်ခဏ်းများလုပ်ခိုင်းသောအခါတွင်မှ သူတို့ တလုံးတပါဒမျှသဘောမ
ပေါက်ကြောင်းတွေ့လာရသည်။ အနောက်နိုင်ငံသား တပည့်များကား ထိုသို့မဟုတ်ချေ။
သူတို့သဘောမပေါက်လျှင် မမေးဘဲနှင့် သူတို့ နားမလည်သေးကြောင်း ပြောပြတတ်ကြသည်။
၁၉၉၃ခုနှစ်တွင် အမေရိကန်သမတ
မစ္စတာဘေလ်ကလင့်တင်နှင့် ရုရှသမတ မစ္စတာဘိုးရစ္စယဲလ်ဆင်န်တို့တွေ့သောအခါ၊ သမတ
ကလင့်တင်က ဂျပန်အပါအဝင်အခြားအရှေ့တိုင်းသားများပြုံးတိုင်း သဘောကျနေကြသည်ဟု
မထင်ရန် မစ္စတာယဲလ်ဆင်ကို သတိပေး ခဲ့သည်။
စိတ်ရင်းအတိုင်းမဟုတ်ဘဲ၊ သိလျှက်နှင့်
မမှန်မကန်ပြောဆိုခြင်းမှာ လိမ်လည်ခြင်းဖြစ်သည်။ “မုသားမပါ၊
လင်္ကာမခြော” ဆိုသော မြန်မာတို့၏အလေ့အကျင့်မှာ နိုင်ငံတကာနှင့်ဆက်ဆန်ရေး၌
အဟန့်အတားဖြစ်လာစေနှိုင်၏။ စိတ္တဗေဒပညာရှင်တို့က လိမ်လည်သော သူတို့မှာ
အပြစ်ပေးခံရမည်ကိုကြောက်ရွံ့သောကြောင့် လိမ်လည်ခြင်းဖြစ်သည်ဟု
ဝေဖန်ဆုံးဖြတ်ကြ၏။ ညနေစာစားပွဲသို့မလာနှိုင် ကြောင်း
မျက်နှာချင်းဆိုင်ပြောရန်ရွံ့သော်လည်း၊ အမှန်တကယ်လက်တွေ့၌
မကြောက်မရွံ့မျက်နှာပြောင်တိုက် ပျက်ကွက်နှိုင်သည်မှာ အံ့ဘွယ်လည်းဖြစ်၏။
ညင်းပါယ်သောစကားကိုဆိုမိလျှင်၊ မိမိတို့အပြစ်ပေးခံရမည်ကို၎င်း၊
မိမိတို့ရရှိနှိုင်သော အခွင့်အရေးများ လက်လွတ် သွားမည်ကို၎င်း၊
ခေတ္တခနမျှရရှိနှိုင်သောအကျိုးခံစားမှုကိုသာအလေးထားလျှက်၊
ရေရှည်ထိခိုက်နစ်နာနှိုင်သည်ကို လစ်လျှူရှုထားတတ် ကြခြင်းဟုမြင်မိသည်။
စင်ပြိုင်အစိုးရနှင့်ပါတ်သက်၍ ဖေါ်ပြရလျှင်၊
ကျွန်တော်တွေးတောသုံးသပ်ထားသည့်အတိုင်း စစ်အာဏာရှင်များကို ဖြုတ်ချရေးထက်
သူတို့ပိုမိုတန်ခိုးကြီးမားလာစေရန်သာ ကြိုးစားနေကြပြီး၊
ပြည်ပဒီမိုကရေစီအင်အားစုများကိုလည်း တစထက်တစအားနည်းလာစေခဲ့ သည်။
ဒေါက်တာစိန်ဝင်းတို့ကို အသုံးချကာကိုယ်ကျိုးရှာလိုသူများ
အနိုင်နိုင်ငံ၌မှိုလိုပေါက်လာ၏။ ထိုသူတို့က မူလရှိပြီးသား မြန်မာ
အသင်းအဖွဲ့များ အားနည်းလာစေရန်ကြိုးပမ်းလာကြ၏။ ဒေါက်တာစိန်ဝင်းက
ပြောင်းလဲလာသောအခြေအနေကို သိရှိဟန်လည်းမပေါ်၊
ပြုပြင်ရန်လည်းစဉ်းစားပုံမရချေ။ ယခင်ကစစ်အစိုးရနှင့်ပေါင်းကာ
စစ်အစိုးရခိုင်းသော သူလျှိုအလုပ်ပင်လုပ်ခဲ့သူများက၊ စင်ပြိုင်အစိုးရ
ထောက်ခံမှုဖြင့်၊ မြန်မာ့ဒီမိုကရေစီကြိုးပမ်းရေးအဖွဲ့များကို
ကြိုးကိုင်ချယ်လှယ်နှိုင်သူများဖြစ်လာကြ၏။ ကျွန်တော်၏ ဒီမိုကရေစီ
အရေး၌ပါဝင်လှုပ်ရှားနေခြင်းရည်ရွယ်ချက်မှာ၊ နေရာလု၊ ကိုယ်ကျိုးရှာရန်မဟုတ်။
ထို့ကြောင့်အပြိုင်အဆိုင်စီးပွားရှာ၊ နေရာလုလိုသူများ နှင့်
အန်တုဘက်ပြိုင်နေရန်လည်း အကြောင်းမရှိပါ။ တတ်နှိုင်သမျှ ထိုသူများကို
ကျွန်တော်ကရှောင်လွှဲနေခဲ့၏။
သို့ရာတွင် စင်ပြိုင်အစိုးရကို
ထောက်ခံအားပေးသူအားလုံးမှာ ကိုယ်ကျိုးရှာသမားများမဟုတ်ကြပါ။
စစ်အာဏာရှင်များလက်အောက် မှ မြန်မာပြည်လွတ်မြောက်ရေးအတွက်
စင်ပြိုင်အစိုးရဖွဲ့၍တိုက်ခိုက်ခြင်းက ပိုမိုထိရောက်သည်ဟု
စေတနာအရင်းခံဖြင့်၊ သူတို့ယုံကြည် နေခြင်းဖြစ်၏။ ထိုသူများတွင်
ကြေးမုံဦးသောင်းနှင့် ဦးဘသောင်းတို့လည်းပါဝင်လာကြ၏။ အစကနဦးတွင်
ဆရာဦးသောင်းက ဒေါက်တာ စိန်ဝင်းတို့နှင့်ဆက်သွယ်ဆွေးနွေးလျှက်၊
အားပေးအားမြှောက်ပြုခဲ့၏။ နောက်ဆုံးတွင် စင်ပြိုင်အစိုးရ၏
အခမ်းကဏ္ဏနှင့်ပါတ်သက်၍ သဘောထားကွဲလွဲပြီး၊ ဆရာဦးသောင်းနှင့်
ကျွန်တော်တနှစ်ခန့်ကြာအောင်၊ စာပေရေးသားရေးထက်မပိုသော ဆက်ဆံရေးအဆင့်အထိ
လျှောကျသွားခဲ့ဘူးသည်။ ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့က ဖလော်ရီဒါသို့
အကြိမ်ကြိမ်သွားရောက်ပြီး၊ ဆွေးနွေးလှုပ်ရှားကြသည်ကိုမူ၊ ကျွန်တော်
သတင်းကြားနေခဲ့၏။ ဦးဘသောင်းက စင်ပြိုင်အစိုးရအတိုင်ပင်ခံအဖြစ်၊
ရုံးထိုင်နေသည်ဟုနောက်ပိုင်းတွင်ကြားသိရသည်။
စင်ပြိုင်အစိုးရသည်
ကျွန်တော်တို့၏ရန်သူမဟုတ်ပါ။ ကျွန်တော်တို့ကဲ့သို့ပင်၊
တိုင်းပြည်တိုးတက်ကောင်းမွန်ရေးကို လိုလား တောင့်တ သူများဖြစ်၏။
ကျွန်တော်တို့နှင့် လုပ်နည်းလုပ်ဟန်သာကွဲပြားခြားနား၏။
သဘောချင်းတိုက်ဆိုင်သည့်ကိစ္စရပ်များ၌၊ အတူတကွ လက်တွဲ ဆောင်ရွက်ရန်၊
ကျွန်တော်ဝန်မလေးခဲ့ပါ။ ပြည်ပရောက်ကျွန်တော်တို့အားလုံး
ကြိုးပမ်းချက်များသည်၊ ပြည်တွင်းအင်အားစုများကို၊
အထောက်အကူဖြစ်စေရန်သာလို၏။ ပြည်ပနိုင်ငံရေးလှုပ်ရှားသူများက၊ တနေ့တွင်
ပြည်တွင်းသို့ပြန်လည်သွားရောက်ကြီးစိုးရန်မှာ၊ ကျွန်တော့အနေနှင့်
စိတ်ကူးထည်းပင်မထည့်မိခဲ့။ ထိုအတွေးအခေါ်မျိုးရှိသူများကိုလည်း
အားမပေးနှိုင်။ စင်ပြိုင်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်လိုလျှင်၊
ပြည်တွင်းသို့ပြန်လည်သွားရောက်ပြီး၊ ပြည်သူတို့၏ဆန္ဒခံယူရန်သာရှိသည်။
အလျှင်းသင့်လာသဖြင့်၊
လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေတဦး၏အကြောင်းကိုရေးသားရန် လိုအပ်လာပြန်၏။
ဟန်းညောင်ရွှေကား မြန်မာ ပြည်၏ ပထမဆုံးသမတကြီးစဝ်ရွှေသိုက်၏သားဖြစ်သည်။
ကျွန်တော်သိသော သူတို့မောင်နှစ်မများအနက်၊ စောရင်စီသာက နယူး
ယောက်ရှိ (People) မဂ္ဂဇင်းတွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေ၏။
ယူဂျင်းသိုက်နှင့် ဟန်းညောင်ရွှေတို့က ကနေဒါတွင် အခြေချနေထိုင်နေကြသည်။
ဝါရှင်တန်တွင်ပြုလုပ်သော မြန်မာပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်လာသည့်
ဟန်းညောင်ရွှေကို၊ ကျွန်တော်ပထမဆုံး တွေ့ဆုံသိကျွမ်းခွင့်ရခဲ့၏။
မြန်မာပြည်သို့သွားရောက်ရင်းနှီးမြှုတ်နှံနေကြသော
နိုင်ငံတကာစီးပွားရေးကုမ္ပဏီများ၏ ဆက်သွယ်ရန်လိပ်စာနှင့် ဖုံးနံပါတ်များကို
ဖေါ်ပြရေးသားသည့် စာစောင်တခုကို၊ သူကထုတ်ဝေနေချိန်လည်းဖြစ်၏။ သူ့စာပေလက်ရာ
များကို သဘောကျသဖြင့်၊ ကျွန်တော်တို့စာစောင်၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန်လည်း
ဖိတ်ခေါ်ခဲ့သည်။
သူကဦးဆောင်၍ ဝါရှင်တန်တွင်
မြန်မာပြည်ဆိုင်ရာဆွေးနွေးပွဲတခုကျင်းပမည်ဆိုသောအခါ၊ ကျွန်တော်
ရှောင်လွှဲမရနှိုင်တော့။ ကျွန်တော်က ယင်းအစည်းအဝေး၌၊
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည်ဆိုလျှင်သော်၎င်း၊ အသင်းအဖွဲ့တခု
ထပ်မံဖွဲ့ကြမည်ဆိုလျှင်သော် ၎င်း၊ အစည်းအဝေးသို့
ကျွန်တော်မတက်ပါရစေနှင့်ဟုတောင်းပန်လိုက်သည်။ ဟန်းညောင်ရွှေက
ထိုကိစ္စနှစ်ခုလုံးကို လုပ်ရန်မရည်ရွယ် ဆိုသဖြင့်၊ ကျွန်တော်
အစည်းအဝေးသို့တက်ရောက်ခဲ့၏။
အစည်းအဝေး၌ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြသည်မှာ၊
ဗဟုသုတရပြီး၊ စိတ်ဝင်စားစရာလည်းကောင်းသည်။ နံမည်သာကြားဘူးပြီး၊
လူကိုယ်တိုင်မတွေ့ဘူးသူများ၊
ဖုံးမကြာခနဆက်ခဲ့သော်လည်းမျက်နှာချင်းဆိုင်စကားမပြောဘူးသေးသည့်
ကာလီဖိုးနီးယားမှ ပါမောက္ခ ဒေါက်တာကျော်ဝင်း၊
ဆရာဝန်ဒေါက်တာအောင်ခင်တို့ကဲ့သို့ မြန်မာလူမျိုးများစွာကို၊
သိကျွမ်းခွင့်လည်းရခဲ့၏။ မြန်မာပြည်ဆိုင်ရာ သံအမတ်အဖြစ်လျာထားခြင်းခံရသူ
မစ္စတာပါကားဘော့ဂ်က ကျွန်တော့ကို နိုင်ငံခြားရေးဌာနသို့ဖိတ်ပြီး
နေ့လည်စာကျွေးသဖြင့်၊ တွေ့ဆုံ နှီးနှောခွင့်လည်းရခဲ့သည်။
ထိုအစည်းအဝေးနှင့် အံကိုက်လျှက်၊
အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော
ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ခေါင်းဆောင်၊
ဗိုလ်ချုပ်ကြီးစောဘိုမြကလည်း၊ ဝါရှင်တန်တွင်ပင်တွေ့ဆုံပွဲတခုပြုလုပ်လေသည်။
ဗိုလ်ချုပ်မြမှာ ပြည်တွင်းငြိမ်းချမ်းရေး အတွက်၊
အကူအညီရရှိရန်လာရောက်ခြင်းဖြစ်သည်ဟု နော်လွီဇာက ပြောပြသည်။
သမတဟောင်းကာတာ၏ရုံးချုပ် Carter Center သို့သွားရောက်ဆွေးနွေးရန်လည်း
စီစဉ်ထားကြောင်းသိရ၏။ နော်လွီဇာ၏မေတ္တာရပ်ခံချက်ဖြင့်၊ ဗိုလ်ချုပ်မြနှင့်
တွေ့ဆုံဧည့်ခံပွဲသို့ ဖိတ်ကြားသင့်သော
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၌ပါဝင်သူများ၏စာရင်းကို၊
ကျွန်တော်ကရေးပေးခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး၊
ဗိုလ်ချုပ်မြ၏ကြိုးပမ်းမှုကိုထောက်ခံကြိုဆိုကြောင်း
ပင်မဆွေးနွေးပွဲသို့လာရောက်ကြသော မြန်မာအများစုနှင့် ကျွန်တော်က
နှစ်နှစ်ကာကာ လက်မှတ်ရေးထိုးကြသော်လည်း၊ တဦးစ နှစ်ဦးစ
မြန်မာအချို့ကညင်းဆိုပြစ်ပါယ်ကြလေသည်။
ဟန်းညောင်ရွှေဦးဆောင်သည့် အစည်းအဝေး၌
မည်သည့်သဘောတူဆုံးဖြတ်ချက်ကိုမျှ မပြုလုပ်ခဲ့ပါ။ မြန်မာပြည်အပေါ် အမေရိကန်
ကွန်ဂရက်နှင့် အစိုးရကထားရှိသောသဘောထားများကို
သက်ဆိုင်ရာအမှုထမ်းအရာထမ်းများက လာရောက်ရှင်းပြကြ၏။ အသေးစိပ်
သိလိုသူတို့ကမေးမြန်းကြ၏။ ထိုအစည်းအဝေး၌ မည်သည့်သဘောတူညီချက်ကိုမျှ
ကျွန်တော်လက်မှတ်မရေးထိုးခဲ့ပါ။ အခြားအစည်း အဝေးတက်သူ
ကျွန်တော့မိတ်ဆွေများကလည်း
သူတို့သဘောတူလက်မှတ်ရေးထိုးခြင်းမရှိခဲ့ဟုဆိုကြသည်။
သို့ရာတွင် အစည်းအဝေးပြီးသည့်နောက်
ရက်အနည်းငယ်အကြာတွင်၊ ထူးထူးခြားခြား အစည်းအဝေးမှသဘောတူကြေညာချက်
တရပ်ထွက်လာ၏။ ကြေညာချက်၏အဓိကမှာ အမေရိကန်နှင့် အခြားသောနိုင်ငံများမှ
မြန်မာပြည်အတွက်ကူညီသောအထောက်အပံ့ အားလုံးကို၊
စင်ပြိုင်အစိုးရမှတဆင့်သာပေးရမည်ဟူ၏။ ထို့အပြင် ဟန်းညောင်ရွှေသည်
စင်ပြိုင်အစိုးရ၏ထိပ်တန်းအကြံပေးအရာရှိ ဖြစ်လာသည်ကိုလည်း ကြားသိလိုက်ရသည်။
ထိုအစည်းအဝေးကြေညာချက်နှင့်ပါတ်သက်၍၊
ကျွန်တော်အလွန်မကြေမနပ်ဖြစ်မိ၏။ စင်ပြိုင်အစိုးရက
ပြည်ပဒီမိုကရေစီလှုပ်ရှားမှု များပျက်စီးစေရန် စံနစ်တကျ
အဖျက်လုပ်ငန်းရပ်များလုပ်လာနေပြီး၊ သူတို့ကိုကပ်ရပ်ကာ
ငွေကြေးနှင့်အခွင့်အရေးရှာသူများပြားလာ သည်ကိုလည်းသတိထားမိလာ၏။
စင်ပြိုင်အစိုးရက စစ်အာဏာရှင်များကို လေဖြင့်သာတိုက်ခိုက်နေပြီး၊
မည်သည့်ထိရောက်သော ဦးဆောင်လှုပ်ရှားမှုကိုမျှ မတွေ့ခဲ့ရချေ။
သို့ရာတွင်နေရာတကာ၌ မြန်မာပြည်၏ဒီမိုကရေစီအရေးကို၊ သူတို့အား
ပူဇော်ပသနေသူများနှင့်၊ သူတို့ကိုယ်တိုင်သာလျှင်
ပြောဆိုလုပ်ကိုင်ခွင့်ရှိသည်ဟု ကြွေးကြော်နေ၏။
ယင်းစွပ်စွဲချက်မည်မျှမှန်ကန်သည်ကို သူတို့ကိုယ်စား ဟန်းညောင်ရွှေက
ထုတ်ပြန်သည့်ကြေညာချက်ကပြနေ၏။
ကျွန်တော့စိတ်ထည်းတွင်
လိပ်ခဲတင်းလင်းဖြစ်နေသောကိစ္စကို၊ ယင်းရက်များအတွင်း
သံအမတ်မစ္စတာပါကားဘော့ဂ်နှင့်ဖုံးဆက် သောအခါ၌၊ ထုတ်ဖေါ်ပြောပြလိုက်၏။
သံအမတ်ကမကြေနပ်ချက်နှင့်ပါတ်သက်၍ ကျွန်တော် မည်သို့အကောင်အထည်ဖေါ် ဆောင်ရွက်
ကြောင်းမေး၏။ ကျွန်တော်က မည်သို့ဆက်လက်ဆောင်ရွက်သင့်သည်ကို
စဉ်းစားနေကြောင်း ပြောပြသည့်အခါ၊ သူက ကျွန်တော်၏ သဘောထားကို
ပြတ်သားစွာအသိပေးပြောပြသင့်ကြောင်းနှင့်၊ သဘောမတူခဲ့ကြောင်းကို နောင်တွင်မှ
တစုံတခုသောအကြောင်းကြောင့် မပြောကြားနှိုင်ခဲ့ကြောင်း ဆင်ခြေတက်
ဂုဏ်ယူပြောကြားရန်မဖြစ်နှိုင်ကြောင်းဝေဖန်သည်။
ချက်ခြင်းပင် ဟန်းညောင်ရွှေထံသို့
ကျွန်တော်စာတစောင်ရေးလိုက်၏။ စာတွင် ကျွန်တော်
မည်မျှသူ့၏ဦးဆောင်လုပ်ကိုင်မှုများကို လေးစားကြောင်းနှင့်၊
ကျွန်တော်မကြားမသိလိုက်ရဘဲ၊ အစည်းအဝေးမှ ကြေညာချက်တခု ထုတ်ခဲ့သည်ကို
လုံးဝသဘောမတူကြောင်း။ ကျွန်တော်တို့အနေနှင့်ကြေညာချက်၌၊
နိုင်ငံတကာအစိုးရများကိုပန်ကြားသင့်သည်မှာ နံပါတ် (၁) ဒေါ်အောင်ဆန်းစုကြည်
အချုပ် အနှောင်မှလွတ်မြောက်လာအောင် စစ်အစိုးရကိုဖိအားပေးရေးတောင်းဆိုရန်၊
နံပါတ် (၂) ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်မှ လွတ်မြောက်လာအောင်
ဖိအားပေးရေးတောင်းဆိုရန်နှင့် နံပါတ် (၃) ဒေါ်အောင်ဆန်းစုကြည်
အချုပ်အနှောင်မှ လွတ်မြောက်လာအောင် ဖိအားပေးရေး တောင်းဆိုရန်သာဖြစ်ကြောင်း။
သူ အချုပ်မှလွတ်သည်နှင့်၊ လမ်းစပြောက်နေသည့် ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးတိုက်ပွဲ ပြန်လည်ဦးထောင်လာမည်ဖြစ်ကြောင်းရေးသားပေးပို့ခဲ့၏။
ဤသည်မှာလည်းကျွန်တော်၏ယုံကြည်ချက်အမှန်ပင်ဖြစ်၏။ ဒေါ်အောင်ဆန်း
စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ရန်တောင်းဆိုသည့် စာလုံးအမဲ၊
ဘောင်ခပ်စာတမ်းသည် The Burma Review စာစောင်တွင်၊ လစဉ်ပါပြီး၊
ဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံအမျိုးမျိုးကိုလည်းဖေါ်ပြခဲ့၏။ ကျွန်တော်တို့၏
ဒီမိုကရေစီအရေးတိုက်ပွဲ၌ အမှန်တကယ်လိုအပ်နေသည်မှာ၊ ခေါင်းဆောင်ကောင်းဖြစ်၏။
တိုင်းပြည်၏နိုင်ငံရေး၊
စီးပွားရေးအခြေအနေများကို မကြေမနပ်ဖြစ်နေသော တိုင်းသူပြည်သားတို့
နိုးကြားထကြွလာစေရန်၊ အစဉ် အလာကြီးမားသော ကျောင်းသားများ၏လှုပ်ရှားမှုက
ဦးဆောင်လမ်းပြခဲ့ပြီးပေပြီ။ ဆက်လက်၍ရဲစွမ်းသတ္တိရှိရှိ၊ အသိဥာဏ် အပြည့်အဝ
ရှိပြီး၊ ပြည်သူအများစုလက်ခံကြည်ညိုနှိုင်သော ခေါင်းဆောင်ကောင်းတယောက်နှင့်
အဖွဲ့အစည်းလိုအပ်နေ၏။ ဒို့အရေး အော်ဟစ် နှိုင်သူများကား
လုံလုံလောက်လောက်ရှိနေပြီးဖြစ်သည်။ ထိုခေါင်းဆောင်မျိုးနှင့် အဖွဲ့အစည်းသည်
ဒေါက်တာစိန်ဝင်းနှင့် စင်ပြိုင်အစိုးရ ဖြစ်သည်ဟု
ကျွန်တော်လုံးဝမယုံကြည်ပါ။
ဟန်းညောင်ရွှေက စာနှင့်ပါတ်သက်ပြီး၊
ကျွန်တော့ကိုတစုံတရာမျှပြောဆိုပြန်ကြားခြင်းမရှိခဲ့ပါ။ သူ့အနေနှင့်
ကျွန်တော့ကိုအရေးထား ပြန်ကြားရန်မလိုဟု ယူဆကောင်းယူဆပေမည်။ အစကနဦးကပင်
ပြန်စာကိုမျှော်လင့်ကာရေးခြင်းလည်း မဟုတ်ခဲ့။
လပိုင်းမျှကြာသွားသည်ဟုမှတ်မိနေ၏။ တနေ့တွင်
ထိုစဉ်က The Burma Review ဘုတ်အဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူနေသော ဦးဘသောင်းက
စာတစောင်ပေးပို့လာသည်။ ကျွန်တော်သိစေရန် သက်သက်ပေးပို့သောမိတ္တူစာကို
မြင့်သိန်းဒါးလတ်စ်ဟု အယ်ဒီတာ ထံပေးစာများရေးတတ်သည့်
မစ္စတာရစ်ချတ်ဒ်ယုခင်ထံမှတဆင့်ရသည်ဟုသိရ၏။ ရစ်ချတ်ဒ်ယုခင်
အမေရိကန်နိုင်ငံသို့ ပညာတော်သင် အဖြစ် လာရောက်စဉ်၌၊ ထိုစဉ်က ယာယီသံအမတ်
ဦးဘသောင်းက အကူအညီပေးခဲ့သောကြောင့် ခင်မင်ရင်းနှီးနေခဲ့ကြောင်း
ဦးဘသောင်းကပြောပြ၏။ ရစ်ချတ်ဒ်ယုခင်မှာ ရန်ကုန်တက္ကသိုလ်
မော်ကွန်းထိမ်းဟောင်း ဦးယုခင်၏သားဖြစ်သည်။
ကျွန်တော် စာကိုဖတ်ပြီး၊
ကိုယ့်မျက်စေ့ကိုယ်မယုံနှိုင်ဖြစ်ခဲ့ရ၏။ ယင်းစာမှာ
ကျွန်တော်ကန့်ကွက်ရေးသားခဲ့သော စာနှင့်ပါတ်သက်
လျှက်ချေပရေးထားသောစာဖြစ်နေ၏။
သို့ရာတွင်ကျွန်တော့ထံလိပ်စာတပ်ရေးထားသောစာမဟုတ်ဘဲ
ရစ်ချတ်ဒ်ယုခင်ကိုတိုင်တည်ထား သောစာတစောင်ဖြစ်၏။
စာထည်း၌ ကျွန်တော်၏ စိတ်ဓါတ်ပြင်းပြသော်လည်း
မြန်မာ့နိုင်ငံရေးနှင့်ပါတ်သက်ပြီး အရည်မလည်ပုံကို ရေးသားထားကာ၊
ဒေါ်အောင်ဆန်းစုကြည်မှာ အရာမဝင်၊ ပြည်သူ့
ကိုယ်စားလှယ်အဖြစ်ပင်အရွေးခံရသူမဟုတ်ဟု ဖေါ်ပြထား၏။ “အောင်ဆန်းစုကြည်
အချုပ်မှလွတ်၍၊ မြန်မာပြည်ဒီမိုကရေစီမရနှိုင်၊ ဒီမိုကရေစီရလျှင်
အောင်ဆန်းစုကြည်လွတ်လာလိမ့်မည်” ဟုတိတိပပ ဝေဖန်ရေး သားဖေါ်ပြထား၏။
သို့ဆိုလျှင် မည်သူကဦးဆောင်၍ စစ်အစိုးရကိုဖြုတ်ချမည်နည်း။ ဗေဒင်မမေးနှင့်၊
ဆန်ကုန်ယုံသာရှိမည်။ စင်ပြိုင် အစိုးရက
မကြာမှီအောင်ပွဲခံတော့မည်ဟုရဲရဲဝန့်ဝန့် နိမိတ်ဖတ်ထားသည်။ ထို့ကြောင့်ပင်
နိုင်ငံတကာမှပေးလာမည့် အထောက်အပံ့ အားလုံးကို၊ စင်ပြိုင်အစိုးရမှတဆင့်သာ
ပေးအပ်ဖြန့်ဝေရမည်ဟုတောင်းဆိုထားလေ၏။ ကိုယ့်ကလားဖန်ကိုယ်ထိုး၍ ကိုယ်တိုင်
ဖဲချိုး သော အစီအမံပေပင်။
ကျွန်တော့ကို လိပ်စာတပ်၍
ရေးထားသည့်စာမဟုတ်သောကြောင့်၊ ကျွန်တော်အနေနှင့်
ပြန်စာရေးရန်လည်းမဖြစ်နှိုင်။ ထို့ကြောင့် ၁၉၉၃ခုနှစ်
နှစ်ကုန်ပိုင်းတွင်ထုတ်ဝေသော ငါးနှစ်မြောက် The Burma Review စာစောင်၌
ဆောင်းပါးတစောင် ရေးလိုက်ပါသည်။
“အချို့တကိုယ်ကောင်းဆန် အဖွဲ့အစည်းနဲ့
ပုဂ္ဂိုလ်များလုပ်နေကြတာကတော့၊ စိတ်ပျက် စက်ဆုတ်ဖွယ်ရာ အလွန်ကောင်းပါတယ်။
သူတို့သာလျှင် တရားဝင် ဒီမိုကရေစီခေါင်းဆောင်တွေဖြစ်ပြီး၊
ဒေါ်အောင်ဆန်းစုကြည်တောင် ခေါင်းဆောင်မဟုတ်သလို ပြောနေ ကြတယ်။
“ကျွန်တော်တို့ကတော့
တိုင်းရင်းသားလူမျိုးပေါင်းစုံက ချစ်ခင်လေးစား ကြည်ညိုသူခေါင်းဆောင်ဟာ
ဒေါ်အောင်ဆန်းစုကြည် တဦး တည်းသာ ဖြစ်တယ်လို့ယုံကြည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကသာ တိုင်းရင်းသားအားလုံးကို ညီညွတ်အောင်စည်းရုံးပြီး
ဒီမိုကရေစီလှုပ်ရှားမှုကိုဦးဆောင်နှိုင်မှာပါ။ ဒါကြောင့်
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်တွေ၊ အနိုင်နိုင်ငံမှ
ဒီမိုကရေစီအင်အားစုတွေနဲ့အတူ၊ ဒေါ်အောင်ဆန်းစုကြည်ကို
ချွင်းချက်မရှိချက်ချင်းလွှတ်ဘို့ စစ်အစိုးရကို
ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလို့
ဘာမှမပြောင်းလဲလာနှိုင်ဘူးပြောနေတဲ့ သူတွေရဲ့လုပ်ရပ်တွေဟာ
စစ်အစိုးရကိုဝမ်းသာ အားရရှိစေပြီး ကျွန်တော်တို့
ဒီမိုကရေစီတိုက်ပွဲတွေအတွက် အလွန်ဘဲအန္တရာယ်ကြီးလှပါတယ်။”
အပိုင်း (၅) ကိုဆက်လက်ဖေါ်ပြပေးသွားပါမည်။
(ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယုံကြည်ပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ)
(ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယုံကြည်ပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ)
Category:



