ကချင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းအချို့၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်

White Star | 金曜日, 9月 21, 2012 |



လွယ်ဂျယ်ရှိ ပခါးတွမ်ကယ်ဆယ်ရေးစခန်းမှ ဆုတောင်းပွဲမြင်ကွင်း Photo: Wunpawng Ninghtoi
ကချင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းအချို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့(International Peace Day) အထိမ်းအမှတ် ဆုတောင်းပွဲကို ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်၊ မန်စီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် လွယ်ဂျယ်တို့ရှိ ကယ်ဆယ်ရေးစခန်းအချို့တွင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပခါး တွမ်၊ နာခေါင်ပါ၊ ဘွမ်စစ်ပါ၊ လနာဇွပ်ဂျာ စသည့်စခန်းများတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး ညနေပိုင်း၌ မန်ဝိန်းကြီးနှင့် အခြားသော ကယ်ဆယ်ရေးစခန်းများ၌လည်း ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
''ကျွန်မတိုက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်တဲ့ နောက်ခံအကြောင်းအရာကိုပဲ ရှင်းပြတယ်။ စခန်းမှာနေတဲ့သူတွေက သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့ကြတာပါ။ ကမ္ဘာအတွက်၊ မြန်မာနိုင်ငံအတွက်၊ ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေး ဆုတောင်းကြတယ်။ လူငယ်တွေက ငြိမ်းချမ်းရေးသီချင်း ဆိုတယ်။ အားလုံးအတူ ဆုတောင်း ကြတယ်။ ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းခဲ့ကြပါတယ်''ဟု ကယ်ဆယ်ရေးစခန်းများ၌ လူမှုကူညီရေး လုပ်ဆောင်နေသော Wunpawng Ninghtoi အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ် ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။
လက်ရှိကာလသည် စစ်ဖြစ်ပွားသည့်ကာလ တစ်နှစ်ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကာ လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရသူဦးရေမှာ တစ် သိန်းဝန်းကျင် ရှိနေသည်။
''ကယ်ဆယ်ရေးစခန်းမှာ နေချင်တဲ့သူဆိုတာ မရှိပါဘူး။ စခန်းတွေမှာ ရှိနေတဲ့သူအားလုံးဟာ ငြိမ်းချမ်းရေးကို လိုချင်နေကြပါတယ်။ သူတို့တွေ အိမ်ပြန်ချင်နေကြပါပြီ။ အိမ်တွေမှာ သူတို့မိသားစုနဲ့အတူ လုံလုံခြုံခြုံ ပြန်နေချင်နေကြပါပြီ''ဟု Wunpawng Ninghtoi အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆုတောင်းပွဲမှ ဒေသခံများ၏ ပြောကြားချက်အချို့ကို ပြန်လည်ပြောပြခဲ့သည်။
 

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ