အစိုးရအာဘော် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြ

White Star | 金曜日, 9月 21, 2012 |


Myanmar Government Mouthpiece Myanmar Ahlinn Newspaper (Sept 12, 2012) ၂၀၁၂ စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
၂၀၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာအစိုးရအာဘော်သတင်းစာများ ဖြစ်ကြတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The New Light of Myanmar သတင်းစာများရဲ့ နောက်ကျောဖုံးသတင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကွန်ဂရက် ရွှေတံဆိပ် ဆု (Congressional Gold Medal) လက်ခံ ရယူတဲ့သတင်းကို ဖော်ပြထားပါတယ်။ ၁၉၈၈၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် အာဏာသိမ်းခဲ့တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစရှိတဲ့ စစ်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာများ၌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မကောင်းသတင်းနဲ့ အပုတ်ချသတင်းများကိုသာ အသားပေး ဖော်ပြခဲ့ပါတယ်။ ထိုသို့ ဖော်ပြခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုလိုနီလက်သစ် အနောက်နိုင်ငံများရဲ့ ရုပ်သေးရုပ်အဖြစ် ပုံဖော်ခဲ့သလို အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဆုပေးအပ်ခြင်းများကို သေးသိမ်အောင် ရေးသားခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းများ ချုပ်ကိုင်ထားတဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းများအား အစိုးရအာဘော်သတင်းစာများတွင် ဖော်ပြမှု မရှိသလောက် နည်းပါးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့သတင်းကို အမှောင်ချထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံတဲ့ ခရီးစဉ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ အမည်ကို Burma (ဘားမား) အစား မြန်မာစစ်အာဏာရှင်တွေ ပြောင်းလဲထားတဲ့ Myanmar (မြန်မာ) ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းဖို့ အာဏာပိုင်များဘက်က အကြပ်ကိုင်တဲ့ ပုံသဏ္ဍာန်မျိုး ရှိခဲ့တယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စုလွှတ်တော်က ပေးအပ်တဲ့ အမေရိကန် ကွန်ဂရက် ရွှေတံဆိပ် ဆု လက်ခံတဲ့ အခမ်းအနားသတင်းကို ၂၀၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာများတွင် ဖော်ပြခဲ့ပါတယ်။ ထိုသို့ ဖော်ပြရာတွင် ထို အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်များဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်လာတယ်ဆိုတဲ့ စကားကို အလေးထား ဖော်ပြထားတာ တွေ့ရပါတယ်။ ထို အခမ်းအနားကို မြန်မာဝန်ကြီး ဦးအောင်မင်း တက်ရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမှု၊ ဒဏ်ခတ် ပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနည်းငယ် ပျော့ပြောင်းတဲ့သဘောထားကို အစိုးရသတင်းမှာ ရေးသားထားပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ