၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

White Star | 土曜日, 9月 29, 2012 |

မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်က မိမိ၏ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ