တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (၂၄)နှစ်ပြည့် အခမ်းအနား ကျင်းပ

White Star | 月曜日, 9月 24, 2012 |



တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၂၄)နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်နေစဉ် ဓာတ်ပုံ- ကျော်ဇင်ဝင်း
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၂၄)နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ပါတီဗဟိုကော်မတီဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသူများ၊ ပါတီဝင်များ စုစုပေါင်း လူဦးရေခြောက်ရာကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ပါတီ (၂၄) နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် ပါတီ၏ သဘောထားရပ်တည်ချက် ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။
အဆိုပါ သဘောထားရပ်တည်ချက်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးအနက်အသိပြုမှုနှင့်အတူ လူထု လူတန်းစား နယ်ပယ်အသီးသီးတွင် အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဏ္ဍိုင်ပြု၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတို့တွင် ပါတီ၏ ကိုယ်ပိုင်ရပ်တည်ချက်များဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သဘောဆန္ဒတူမျှသည့် အမျိုးသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ  အမျိုးသားရေး ရည်မှန်းချက်များ နှောင့်နှေးပျက်ပြားစေရန် ဖန်တီးလုပ်ဆောင်ချက် အဖျက်လုပ်ရပ်မှန်သမျှကိုလည်း ပြည်သူများနှင့်အတူ ဆန့် ကျင်ရင်ဆိုင် ကျော်လွှားသွားမည်ဖြစ်ကြောင်း စသည့်ဖြင့် ဖော်ပြပါရှိခဲ့သည်။
ထို့အပြင် နိုင်ငံအ၀ှမ်း အထူးသဖြင့် တိုင်းရင်းသားများ၏ ဒေသအသီးသီးတွင်ထာဝရ ငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများဖြစ် ထွန်းရေးတို့ကို တိုင်းရင်းသားပြည် သူများနှင့်အတူ စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှု အရပ်ရပ်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရန် နိုင်ငံတော်၏ ပထ၀ီနိုင်ငံရေး၊ ပထ၀ီစီးပွားရေး အချက်အခြာဒေသအဖြစ် ဖြစ် တည်နေမှုကို အလေးဂရုပြုခြင်းနှင့်အတူ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရေးအတွက် အခွင့်အလမ်းများရယူ ညှိနှိုင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဌ၏ သ၀ဏ်လွှာ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆွေးနွေးချက်များ၊ ပါတီသဘောထား ရပ်တည်ချက်များနှင့် စပ်လျဉ်း၍ အခမ်းအနားသို့ တက်ရောက်လာသူများ၏ သဘောထားရယူခြင်း၊ ပါတီ သို့ အလှူငွေများ ပေးအပ်ခြင်း၊ အခမ်းအနားအား ကြွေးကြော်သံများဖြင့် ရုတ်သိမ်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ