ယုဇနဦးဌေးမြင့်ကို မကျေနပ်သဖြင့် သာကေတ ဒေသခံများ ဆန္ဒထုတ်ဖော်မည်

သာကေတ ဒေသခံများ၏ နေအိမ်များအတွင်း လွင့်လာသည့် ယုဇနဆီအုန်း စက်ရုံမှ လွင့်လာသည့် ပြာမှုန်များကို တွေ့ရစဉ် (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)
ယုဇန စားအုန်းဆီ စက်ရုံမှ ထွက်ရှိနေသည့် အနံ့အသက်များဒဏ်ကို ခံနေရသည့် သာကေတ မြို့နယ် ဒေသခံများနှင့် ယုဇန စက်ရုံပိုင်ရှင် ဦးဌေးမြင့်တို့ ညှိနှိုင်းကြရင်း စကားအခြေအတင် ဖြစ်ကာ ဦးဌေးမြင့်က ထထွက်သွားသည့်အတွက် ပွဲပျက် သွားသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ဆီအုန်းစက်ရုံမှ ထွက်နေသည့် အနံ့အသက်ဆိုးများ ကိစ္စကို ဒေသခံများနှင့် စက်ရုံပိုင်ရှင်တို့ စက်တင်ဘာ ၁၅ ရက်နေ့က ညှိနှိုင်းကြကြောင်း၊ သာကေတ ဒေသခံများ တောင်းဆိုသည့် အချက် ၃ ချက်ကို ဦးဌေးမြင့်က လိုက်လျောပေးခြင်း မရှိသည့် အပြင် စကားအခြေအတင် ပြောဆိုပြီး ပြန်သွားခဲ့သည့်အတွက် ပွဲပျက်သွားခဲ့ရပြီး ကျေနပ်မှု မရခဲ့သည့်အတွက် ဒေသခံများ အနေဖြင့် ယခင်က စီစဉ်ထားသည့် အတိုင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် သွားတော့မည် ဖြစ်ကြောင်း ဆီအုန်းအနံ့ဆိုး လုံးဝ ပပျောက်ရေး အကျိုးဆောင်အဖွဲ့မှ ဦးစန်းလှိုင်က ပြောသည်။
“အရင်တုန်းကလည်း နှုတ်ကတိတွေ အကြိမ်ကြိမ်ပေးပြီး ဘာမှ ဖြစ်မလာခဲ့ဘူး။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ညှိပေးမယ်ဆိုလို့ ကျနော်တို့က စောင့်နေခဲ့တာ၊ ခုသူက ဒီလိုလုပ်သွားတာက ပြည်သူတွေကို ဂရုမစိုက်တာဘဲ။ ဆန္ဒထုတ်ဖော်ခွင့် စာကို ထပ်တင်မယ်၊ အနံ့ဒဏ်ကို အခံရဆုံး သာကေတ ၆ အရှေ့ ရပ်ကွက် အပါအဝင် ရပ်ကွက်တွေထဲမှာ လမ်းလျှောက်မယ်။ ကျနော်တို့ လုံးဝ မကျေနပ်ဘူး” ဟု သူကဆိုသည်။
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ အကြံဉာဏ်ကိုယူပြီး သာကေတ ဒေသခံများနှင့် အကျိုးဆောင်အဖွဲ့က ဦးဌေးမြင့်ကို တောင်းဆိုလိုက်သည့် အချက်များမှာ စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး စက်ရုံမှ မီးခိုး၊ ပြာမှုန်များနှင့် အနံ့ဆိုးများ လုံးဝ မထွက်စေရန်၊ စက်ရုံတည်ဆောက် ခဲ့မှုကြောင့် ရပ်ကွက်များအတွင်းရှိ ရေစီးရေလာ စနစ်များ ပျက်စီး ခဲ့ရမှုကို ပြန်လည် ကောင်းမွန်လာအောင် ပြုလုပ်ပေးရန်နှင့် အထက်ပါ အချက်နှစ်ချက်ကို ကတိပေးပြီး နောက်ပိုင်း ယင်းပြဿနာများ ပြန်ပေါ်လာမည် ဆိုပါက စက်ရုံအနေဖြင့် တရားစွဲဆို ခံပါမည်ဆိုသည့် တရားဝင် ကတိဝန်ခံချက် ပေးရန်တို့ ဖြစ်သည်။
ဒေသခံများ၏ တောင်းဆိုချက် ၃ ချက်ကို ဦးဌေးမြင့်က လိုက်လျောကြောင်း ကတိခံဝန်ချက် မပေးဘဲ ယင်းစက်ရုံကို ဒေါ်လာ ၁ သန်း အကုန်အကျခံပြီး စင်ကာပူမှ ပညာရှင်များဖြင့် ပြုပြင်သွားရန် လက်မှတ်ထိုး ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ပြာမှုန်များ မထွက်စေရန်ကိုလည်း ပြာများ ရွှေ့ပြောင်းရန် လုပ်ဆောင်နေသည်မှာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သောကြောင့် အချိန်ကို စောင့်စေလိုကြောင်းသာ ပြောဆို ခဲ့သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ အော်ဟစ် ပြောဆိုကြသည့် အတွက် အခြေအတင် စကားများကြပြီး ဦးဌေးမြင့် ပြန်သွားရာ ဆွေးနွေးညှိနှိုင်းပွဲ ပျက်သွားကြောင်း သိရသည်။
“နည်းပညာ ရှာနေရတာ၊ လုပ်ပေးနိင်တဲ့လူတွေ ငါတို့ ခေါ်ရတယ်၊ အရင်ကလည်း လုပ်နေတယ်။ ငါတို့အနေနဲ့က အနံ့ ၁၀၀ ရာခိုင်နှုန်း ပျောက်စေမယ်ဆိုတာ လူတွေက လက်မခံဘူး။ ဒီကိုလာတာ ရန်ဖြစ်ဖို့ မဟုတ်ဘူး၊ တယောက်နဲ့ တယောက် ငြင်းခုန်နေရင် ပြီးမှာကို မဟုတ်တော့ဘူး” ဟု ဦးဌေးမြင့်က ပြောသည်။
စက်ရုံကို ပြန်လည်ပြင်ဆင်ပြီးပါက ယခုပြဿနာများ ပြေလည်သွားနိုင်သည် ဆိုသည့် ဦးဌေးမြင့်၏ စကားအပေါ် ဒေသခံများက ယင်းကဲ့သို့ လုပ်ဆောင်နိုင်ပါလျှက်နှင့် ၆ နှစ် လုံးလုံး နှုတ်ကတိများသာ ပေး၍ ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း၊ ယခုလည်း နှုတ်ကတိ ထပ်ပေးသည်ဟု ထင်မြင်ကြောင်း ပြောဆိုကြသည်။
စက်ရုံမှထွက်သည့် အနံ့ဆိုးများအား မခံနိုင်တော့သည့် ဒေသခံများသည် စုပေါင်းလတ်မှတ် ၈၀၀ ကျော်ထိုးကာ နိင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၃ ရက်နေ့က တင်ထားခဲ့ပြီး ဖြစ်ကြောင်း၊ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခွင့်ကို သာကေတ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ၁၄ ရက်နေ့မှ စတင်ခဲ့သော်လည်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ယင်းစာကို ပြန်လည်စိစစ်တင်ရန် ပြောဆိုကာ လက်မခံသေးကြောင်း သိရသည်။
သာကေတ မြို့နယ် ၆ အရှေ့ရပ်ကွက် နတ်မောက် ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ညှိနိုင်းပွဲသို့ သာကေတ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊မြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်များ၊ ဒေသခံ နိုင်ငံရေး ပါတီအသီးသီးမှ ပါတီဝင်များနှင့် ဒေသခံ အရပ်သားများ အပါအ၀င် လူအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
“အရင်က ဒီကိစ္စကို လွှတ်တော်မှာ တင်ပြဖို့ လုပ်တုန်းက ယုဇန ဦးဌေးမြင့်က သူ့စက်ရုံ အနံ့မထွက်အောင် လုပ်ပါမယ်ဆိုလို့ အချင်းချင်း ညှိနှိုင်းဆိုပြီး ကျနော် နောက်ဆုတ်ပေးခဲ့တာ။ အခု အခြေအနေ အရတော့ ပြည်သူတွေက ဆန္ဒပြင်းပြနေတော့ ဒီကိစ္စကို လွှတ်တော်မှာ တင်တော့မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြောသည်။
၎င်းညှိနှိုင်းပွဲ ရလဒ်ကြောင့် ဒေသခံများဘက်က ဆန္ဒဖော်ထုတ်ရန် စိတ်အားထက်သန် နေကြပြီး ဦးဌေးမြင့်၏ ပြောဆိုချက်များအပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
ညှိနှိုင်းပွဲသို့ တက်ရောက်လာသည့် သာကေတ ၁၄ ရက်ကွက်သား ဦးသက်ဝင်းကလည်း “ပြည်သူလူထု ခံစားနေရတာကို ဂရုစိုက်ပေးတဲ့ ပုံစံမရှိဘဲ ဒေါသထွက်ပြီးပြန်သွားတယ်။ သူ့ရဲ့ သဘောထား ပြောသွားချက်ကိုလည်း လုံးဝလက်မခံနိုင်ဘူး ကျနော်တို့အတွက် ဘာအာမခံချက်မှ ပေးမသွားဘူး” ဟု ဆိုသည်။
ယုဇန စားအုန်းဆီ စက်ရုံကို ၂၀၀၆ ခုနှစ်၌ စတင်လည်ပတ်ခဲ့ပြီး ယင်းအချိန်ကတည်းက စတင်၍ အနံ့ဆိုးထွက်ခြင်း၊မိုးရွာပါက ရေထွက်ပေါက်များ ပိတ်ဆို့နေသဖြင့် ရေစီးရေလာမရှိဘဲ ရေကြီးမှုများ ဖြစ်ပေါ်ခြင်းတို့အပြင် ယခုနှစ်ပိုင်းအတွင်း ပြာမှုန်များ လွင့်ပျံ့၍ အနီးအနား ရပ်ကွက်အတွင်းရှိ အိမ်များအတွင်းသို့ ၀င်ရောက်သဖြင့် အသက်ရှုလမ်းကြောင်းနှင့် ပတ်သတ်သည့် ရောဂါ ဖြစ်ပွားသူများ ရှိလာသည်အထိ ဖြစ်လာကြောင်း သိရသည်။
ယင်းစက်ရုံကြောင့် ခံစားနေရသည့် အခက်အခဲများကို အစိုးရ တာဝန်ရှိသူများထံသို့ အကြိမ်ကြိမ် စာတင်ခဲ့သော်လည်း ယနေ့အချိန်အထိ တုန့်ပြန်မှု တစုံတရာ မရှိခဲ့သည့်အတွက် နောက်ဆုံးအဆင့် အနေဖြင့် တရားဝင် ဆန္ဒ ထုတ်ဖော်ရန် စာတင် လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်Category:



