မြန်မာပြည်၏ ပညာရေးစနစ် (အိုးဝေ မဂ္ဂဇင်း ၁၉၃၅)

မြန်မာပြည် ပညာရေးဌာနကြီးသည် အိပ်ဟန်ဆောင်နေလေသည်။ ဤပညာရေးဌာနကြီး သည် အခြားနိုင်ငံများတွင်းရှိ ပညာရေးဌာနများနှင့် ကွာခြား၍နေသည်။ ဤဌာနကြီးကို ချို့တဲ့နေ သော အရည်အချင်းများ ရှိနေသည်ကို သိလျက်ပင် ဇွတ်မှိတ်၍ ဖွဲ့စည်းခါ တည်ထောင် ထားကြလေသည်။
ပညာရေးဘက်တွင် မြန်မာပြည်ရှိ လူများသည် အခြားနိုင်ငံများထက် အောက်ကျနောက်ကျရှိ ခြင်း၊ စာပေများမှတပါး ပညာထူး အဖုံဖုံတို့ကို သင်ရန် အခွင့်မပြုခြင်း အလိုရှိသည့်စာပေ ပညာများကို ပင် စရိတ်မတတ်နိုင်၍ အများမသင်နိုင်အောင် ပြုလုပ်ထားခြင်းများကို တွေးလေ တွေးလေ ဆွေးမပြေ ရှိတော့၏။ မည်သည့် အချိန်ကာလများမှ ၀မ်းသာရတော့မည်နည်း။
ပညာရေးဘက်တွင် လူအများ အောက်ကျနောက်ကျ ရှိနေလေပြီ။ ယခုအခါ ဈေးရှိသည် ဈေး ကောင်းသည် ထင်ရသော မဟာဝိဇ္ဇာ-၀ိဇ္ဇာ သိပ္ပံအစရှိသော ဘွဲ့ထူးများမှာ အဆင့်အတန်းများသာဖြစ် ကြ၍၊ ထိုကဲ့သို့ ၀ိဇ္ဇာမထိုရ်သော်လည်း ပညာရနိုင်ပါ၏။ လေအတတ်၊ ရေအတတ်၊ စစ်အတတ်၊ အ ထည်အလိပ် ရက်လုပ်နည်း၊ အိုးခွက် ပုဂံအစရှိသည်တို့ လုပ်ငန်း၊ စက်ကရိယာ တန်ဆာပလာများ လုပ်ငန်းစသည့် ဂျပန်ပြည်ရှိ အတတ်မျိုးစုံများကဲ့သို့ မြန်မာပြည်တွင် တည်ထောင်၍ မြန်မာမိန်းက လေး၊ ယောက်ျားလေးများအား သင်ကြားစေလျှင် ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် မြန်မာဆိုသည့်အ လျောက် မြန်မြန်နှင့်ပင် တတ်သိနားလည်စရာ အကြောင်းရှိ၏။ ယင်းသို့ ပြုလုပ် တတ်မြောက်သော အခါမှသာလျှင် မြန်မာလူမျိုးတို့သည် ပညာအရပ်ရပ်ကို တဘက်ကမ်းခတ်တတ်သည်ဟု ဆိုနိုင်တော့မည်။ ယခုခေတ်အလျောက် တက္ကသိုလ် ဘွဲ့ထူးများသည် နောင်တွင် အလုပ်ပေးနိုင်စွမ်းသော သတ္တိမရှိ။ အလုပ် ပေးစွမ်းနိုင်သော်ငြားလည်း လက်အောက်ခံ အလုပ်များကိုသာ ပေးစွမ်းနိုင်ပေ၏။
အထက်ပါ ပညာ အရပ်ရပ်များကို သိရှိထားပါက ကိုယ့်ဒူး ကိုယ်ချွန်၍ မိမိပိုင် လုပ်ငန်းကြီးတွေ တည်ထောင် နိုင်တော့မည်။ ယခုအခါ ဆေးအတတ်နှင့် စက်မှုလက်မှု ပညာများသာလျှင် တဦးသောသူကို မိမိကိုယ် မိမိပိုင်စေသော ပညာများဖြစ်၏။ ဆေးကောလိပ်မှထွက်၍ အစိုးရဘက်တွင် အလုပ်မလုပ်လိုသော် မိမိ ပိုင်ဆေးဆိုင်ဖွင့်၍ လုပ်ကိုင်နိုင်၏။ စက်မှုလက်မှု အတတ်တို့သည်လည်း ထိုနည်းပင် ဖြစ်လေသည်။
ဂျပန်နှင့် ဂျာမဏီတို့တွင် တက်လူကလေးများအား မိမိတို့ကိုယ်တိုင် အသက်မွေးဝမ်းကြောင်း လွယ်စေရန် ကျောင်းမှဘွဲ့ထူးပညာများ အပြင် အခြား ပညာအရပ်ရပ်ကို သင်ကြား၍ တတ်မြောက် သောအခါ လွတ်လွတ်လပ်လပ်နှင့် တတ်ပြီးသောပညာများနှင့် အသက်မွေးစေရန် အခွင့်ပြု၏။ မြန်မာ ပြည်နှင့်ကွာခြားလှ၏။ တခါတရံ မြန်မာ အမျိုးသားထဲမှ မိမိထိုးတွင်းဉာဏ်နှင့် လုပ်၍ဖြစ်သော ကရိယာ တန်ဆာပလာများကိုပင် မလုပ်ရန် တားမြစ်ထား၏၊ ၀မ်းနည်းဘွယ်၊ ကိရိယာ တန်ဆာ ပလာဆိုရာ၌ မူးစေ- မတ်စေ့လုပ်သော စက်များကို မဆိုလိုပါ။
အထူးအရေးကြီးသော အချက်တခုမှာ မြန်မာပြည်ရှိ ကလေးလူငယ် များစွာတို့သည် ကကြီး ခခွေးကိုမှ မသိသောသူများ မရှားပေ။ ဘုန်းကြီးကျောင်းများ မရှိပါက မြန်မာစာ အလျှင်းမတတ်သူ တွေကား များပြားလှမည်ကားမလွဲချေ။
သို့သော် ယခုလိုခေတ်အခါတွင် အင်္ဂလိပ်စာကသာ မင်းမူနေပါလျက် အင်္ဂလိပ်စာတတ်သူများ နည်းနေခြင်းမှာ အခြားမဟုတ်၊ အချို့သော နိုင်ငံများကဲ့သို့ `မသင်မနေရ ဥပဒေ´ မရှိခြင်းကြောင့် တည်။ `မသင်မနေရ ဥပဒေ´ ရှိသော နိုင်ငံများ၌ ကလေးလူငယ်များအား အယုတ်အလတ် အမြတ်မရွေး အရွယ်ရောက်သည့် နေ့ကစ၍ ပညာ သင်ကြားစေသည့်ပြင် ကျောင်းစရိတ်များ မတတ် နိုင်သူများအား အခလွတ် သင်ပေးလေသည်။ မြန်မာပြည်တွင်လည်း မိဘမဲ့ကျောင်းများ ရှိသည်။ အခ လွတ်သင်ပေးသော ကျောင်းများ မဟုတ်ပါလောဟု မေးစရာရှိ၏။ အဖြေရှာလျှင် ဟုတ်ဂါသည် ပြောရ တော့မည်။ သို့သော် မိစုံဘစုံနှင့် ဈေးကြီးသော ၁၀- တန်းပညာ၊ တက္ကသိုလ်ပညာများကို ၀ယ်ယူခြင်း ငှာ မတတ်နိုင်သော မြန်မာ ယောက်ျားလေး မိန်းမလေးများကား - အနန္တ။ သို့ဖြစ်ပါလျက် `မသင်မနေရ ကလေးတိုင်း သတ်မှတ်ထားသည့် အရွယ်ရောက်လျှင် ကျောင်းသို့ပို့ရမည်။ စားစရိတ် မရှိကြောင်း ထင်ရှားပါက ထိုသူတို့အား စရိတ်ထောက်မည်။ အရွယ်ရောက်လျှင် ကလေးများကို ကျောင်းမပို့သော မိဘများအား အပြစ်ဒဏ် မည်ကဲ့သို့´ အစရှိသော ဥပဒေကြီးကား မည်သည့် အခါတွင် ဖြစ်ပေါ်လာ မည်နည်း။ ပညာရေးဌာနက `ဤကဲ့သို့ ဥပဒေတည်ကြစို့´ ဟု အိပ်မက်မှ မက်သေးဟန်မတူပေ။
ဤကား မြန်မာပြည်၏ ပညာသင်ကြားရေး အခြေအနေပင် ဖြစ်ပေ၏။
စိန်မျက်မှန်
ပင်းယ။
(မြန်မာပြည်တွင် လွန်ခဲ့သည့် ၄-၅ နှစ်ခန့်က မြန်မာစာပညာကို
မသင်မနေရဟူသော ဥပဒေ ကြမ်းကို အတည်ပြုလိုက်လေသည်။ သို့သော်လည်း ယခုတိုင်
ထိုအရေးနှင့် ပတ်သက်၍ ပြည်ပိုင်အစိုး ရတို့ လုပ်ကိုင်ဆောင်ရွက်သည်ကို
မတွေ့ရသေးပေ။ အယ်ဒီတာ)(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ၁၉၃၅ မှ)
Category:



