အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာ့လူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက်ရိုဟင်ဂျာဟု အမည်ခံထားသူ ဘင်္ဂါလီများက နိုင်ငံရေးအရ ဖိအားပေးကာ ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ
စက်တင်ဘာလ ၂၂
ရက်နေ့က နယူးယောက်မြို့ရှိ Queens College တွင် ပြုလုပ်သော
မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား
တွေ့ရစဉ်
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Queens College တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံထားသူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ ရခိုင်ပြည်နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ အနည်းငယ်သာပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများက ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က ပြောကြားခဲ့သည်။
ဆန္ဒပြမှုအပေါ် အမေရိကန်လူမျိုးများ၏ အမြင်သဘောထားနှင့် ပတ်သက်၍ ''အမေရိကန် လူမျိုးတွေရဲ့ မုန်းတီးမှုကို ခံလိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လစ်ဗျားမှာ သံအမတ်စတီဗင်နဲ့ သုံးဦးသေသွားတာ ပူပူနွေးနွေးပဲ ရှိတာကတစ်ကြောင်း၊ ဒေါ်စုကို ချစ်ခင်စိတ်ကြောင့်လည်းကောင်း သူတို့ကို မုန်းတီးသွားပြီး သူတို့လုပ်ဆောင်ချက်တွေကို မယုံကြည်ရုံမက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတချို့ဆိုရင် ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။ မြန်မာ တွေ သူတို့အပေါ် မုန်းတီးမှုကတော့ ပြောဖွယ်မရှိပါဘူး။ ဥပဒေကို လေးစားလို့ ငြိမ်နေကြပါတယ်။ အံကြိတ်ပြီး တက်တခေါက်ခေါက် ရှိကြပါတယ်။ မခံနိုင်သူတချို့က တုံ့ပြန်မယ်အလုပ် ဘေးက ၀ိုင်းထိန်းခဲ့ကြပါတယ်''ဟု နယူးယောက်မြို့တွင် နေထိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့သည်။
|
ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ် . . . |
''အခုကျွန်မတို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံး ၀ိုင်းစဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမှာပါ။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာလည်းဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။ ပြဿနာရဲ့ ဇစ်မြစ်ကိုတွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပဋိ ပက္ခတွေ ဖြစ်နေတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးတာ ဟိုဘယ်လက်ညှိုးထိုးတာ ဒီဘက်လက်ညှိုးထိုးတာ အဲဒါတွေလုပ်မယ့်အစား တကယ့်ပြဿနာက ဘာလဲ။ တစ်ချိန်ကတစ်ဘက်က လွန်မယ်။ တစ်ချိန်မှာ နောက်တစ် ဖက်ကလွန်မယ်။ တစ်ဖက်တည်းက အမြဲတမ်းလွန်မယ်ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့် သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကို ရှာရမှာပါ။ အခုဆိုရင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ မကျေနပ်တာက တစ်ဖက်ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။ ကိုယ့်မကြိုက်တဲ့ဘက်နဲ့ ပတ်သက်လို့ ကျွန်မက ဘာဖြစ်လို့ အဲဒီဘက်မှာ အပြစ်ရှိတယ်။
နယူးယောက်ရှိ
Queen College တွင် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံနေစဉ် ပြည်ပရောက် ရိုဟင်ဂျာအမည်ခံများက ကန့်ကွက် ဆန္ဒပြနေကြစဉ်
Photo:CJ
တကယ် အဆင်ပြေချင်သလားဆိုတာ တကယ်စဉ်းစားရင် တချို့က အဆင်မပြေစေချင်ဘူးဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်။ အဲလိုဆိုရင် ဘာဖြစ်လို့ အဆင်မပြေစေချင်တာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်သုံးသပ်ဖို့ လိုပါတယ်။ အဆင်မပြေခြင်းဟာ ရေရှည်မှာ ဘယ်သူ့ကိုမှ အကျိုးပြုမှာ မဟုတ်ပါဘူး။ ရေတိုမှာကြတော့ အကြောက်တရားအရ ဆော်လိုက်မယ်။ တိုက်လိုက်မယ်။ ခိုက်လိုက်မယ်။ ဒီလိုပြောလိုက်မယ်။ ဆိုလိုက်မယ်။ လက်ကလည်းပါမယ်။ နှုတ်ကလည်း ပါမယ်ပေါ့။ ကာယကံ၊ ၀စိကံ၊ မနောကံတတ်နိုင်သမျှအားလုံးနဲ့ ဆော်တော့မယ်ဆိုတဲ့စိတ်တွေဟာ ရေတိုမှာတော့ ကိုယ့်အတွက် ကျေနပ်မှုရချင်ရမယ်။ ဒါပေမယ့် မကောင်းတဲ့ ကျေနပ်မှုမျိုးပေါ့။ ကိုယ့်ဒေါသအရ ကျေနပ်မှု ရ ချင်ရမယ်။ ရေရှည်မှာတော့ ကျွန်မတို့ကိုယ့်အတွက်လည်း မကောင်းဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကျွန်မတို့ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူပြည်သားများဟာ ကိုယ့်နိုင်ငံ ကို ပြန်ကြည့်လိုက်ရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင် ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို အဲဒီကစဉ်းစားကြပါ။ ဘယ်လို တို့မီး ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစား ကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်''ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
|
အချိန်တိုလေးအတွက်ပဲ စဉ်းစားလို့ မဖြစ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့် ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး . . |
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
ဇွန်လ ၈ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အပါအ၀င် မြို့နယ်ပေါင်း ခုနစ်မြို့နယ်ရှိ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီနှစ်ဖက် လူ့အဖွဲ့အစည်းမှ အိမ်ခြေပေါင်း ၅၃၃၈ လုံးနှင့် အခြားအဆောက်အအုံ ၁၃၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ သေဆုံးမှုစုစုပေါင်း ၈၉ ဦး၊ အိမ်ထောင်စုပေါင်း ၁၂၂၄၂ စုနှင့် လူဦးရေပေါင်း ၇၅၀၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterre ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက်(Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက (၁၉၄၈) ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ထို ကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြောခဲ့သည်။
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ရာတွင် ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ် ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာနှစ်ခုအကြား ဖြစ်ပွားသော ပဋိပက္ခမဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း မဟုတ်ကြောင်း၊ ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာ ဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၅၇ ဦးစုစုပေါင်း ၈၈ ဦးအသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း'' ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် စက်တင်ဘာလ ၂၂ နှင့် ၂၃ ရက်နေ့များက ကျင်းပခဲ့သည်။
Category:



