၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ဟိုတယ်အခန်းပေါင်း ၁၆၇၀ ခန်း အသစ်ဖွင့်လှစ်နိုင်မည်
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ရန်ကုန်မြို့၌ ဟိုတယ်အခန်းပေါင်း ၁၆၇၀ အား အသစ်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
''ရန်ကုန်မှာ လာမယ့် ၂၀၁၃ မှာ တည်ဆောက်ဆဲနဲ့ တိုးချဲ့နေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံတဲ့ ဟိုတယ်သုံးလုံးက အခန်းပေါင်း ၆၇၀ နဲ့ ပြည်တွင်းဟိုတယ်တွေက အခန်းပေါင်း ၁၀၀၀ နဲ့ စုစုပေါင်း အခန်းပေါင်း ၁၆၇၀ ကို အသစ် ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါဟိုတယ်အခန်းများမှာ ရန်ကုန်မြို့၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ဆဲနှင့် တိုးချဲ့နေသည့် ဟိုတယ်သစ်လေးလုံးမှ အခန်းပေါင်း ၆၇၀ နှင့် ပြည်တွင်းဟိုတယ်လုပ်ငန်းရှင်များမှ တိုးချဲ့လုပ်ကိုင်လျက်ရှိသော ဟိုတယ် အခန်းပေါင်း ၁၀၀၀ တို့ ဖြစ်သည်။
လက်ရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ဆဲနှင့် တိုးချဲ့နေသည့် ဟိုတယ်သစ်လေးလုံးမှာ ရှန်ဂရီလာကွန်းပလပ်စ်၊ ရိုစ့်ဂါးဒင်းဟိုတယ်၊ န၀ရတ်ဟိုတယ်နှင့် စင်တာပွိုင့်တို့ ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့်ဖက်စပ်ဟိုတယ် ၂၆ ခု၊ ပြည်တွင်း ပုဂ္ဂလိပိုင်ဟိုတယ် ၇၃၁ ခု၊ နိုင်ငံပိုင်ဟိုတယ်ခြောက်ခု စုစုပေါင်း ၇၆၃ ခုရှိပြီး နိုင်ငံခြားနှင့် ဖက်စပ်ဟိုတယ်များတွင် အိပ်ခန်းပေါင်း ၄၁၅၄ ခန်း၊ ပြည်တွင်းပုဂ္ဂလိကပိုင် ဟိုတယ်များတွင် ၂၂၄၂ ခန်း၊ နိုင်ငံပိုင်ဟိုတယ်များတွင် အခန်းပေါင်း ၁၁၉ ခန်း စုစုပေါင်း ၂၆၆၉၅ ခန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကခရီးသွားဝင်ပေါက်ဖြစ်သည့် ရန်ကုန်မြို့တွင်မှု လက်ရှိ၌ ဟိုတယ်နှင့်တည်းခိုခန်းပေါင်း ၁၉၅ လုံး၌ အခန်းပေါင်း ၈၃၅၆ ခန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ခရီးသွားများ ၀င်ရောက်မှုသည် ၂၀၁၁ ခုနှစ်မှစတင်ကာ တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအပြီး၌ နိုင်ငံတကာ၏ အာရုံစိုက်မှု မြင့်တက်လာသည်။ ခရီးသွားများပြားလာ၍ ဟိုတယ်အခန်းရရှိရန် ခက်ခဲမှု၊ အခန်းခနှုန်းထားများ မြင့်တက်မှုတို့ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံခြားခရီးသွားများ အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ အခြားသောဒေသများထက် ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်း ရန်ကုန်မြို့အတွင်း ဟိုတယ်အခန်းမလုံလောက်မှုကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့လယ်ရှိ နိုင်ငံပိုင် သမိုင်းဝင် အဆောက်အုံများကို တင်ဒါပေးခဲ့သည်။
Category:



