Road to Mandalay ဇိမ်ခံသင်္ဘောလိုင်း ဆွဲသည့် Orient Express ကုမ္ပဏီက ၂၀၁၃ ဇူလိုင်လတွင် ဧရာဝတီမြစ်ကြောင်းအတွင်း ဇိမ်ခံသင်္ဘောလိုင်းသစ် ဆွဲရန်စီစဉ်

White Star | 水曜日, 9月 19, 2012 |

5252

မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း Road to Mandalay ဇိမ်ခံ သင်္ဘောလိုင်းကို ပြေးဆွဲလျက်ရှိသည့် Orient Express ကုမ္ပဏီက ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် နောက်ထပ်ဇိမ်ခံ သင်္ဘောလိုင်းသစ်ဆွဲရန် စီစဉ်နေသည် ဟု သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားဦးရေ တိုးတက်လာမှုနှင့် အတူခရီးသွားဆိုင်ရာ တောင်းဆိုမှုများ မြင့်တက်လာသည့်အတွက် ယခုကဲ့သို့ ဇိမ်ခံသင်္ဘော လိုင်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

“မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က တူရကီနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ခဲ့ပုံမျိုးနဲ့တူပါတယ်။ မတို့မထိ ရသေးပါဘူး။ လူတွေကလည်း စစ်မှန်ပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးဌာနမှ ဒါရိုက်တာ မာကိုရိုဆာက Wall Street Journal သို့ ပြောကြားခဲ့သည်။

ယင်းသို့ပြေးဆွဲမည့်ဇိမ်ခံသင်္ဘော ခရီးစဉ်တွင် ပုဂံမြို့အထိ အကွာအဝေးကို ခုနစ်ညဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ ညကြာမြင့်မည့် ခရီးစဉ်များလည်း ရှိသည်ဟု ဆိုသည်။ သင်္ဘောပေါ်တွင် ယောဂသင်တန်းများ၊ ဓာတ်ပုံပညာနှင့် ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားမှုများလည်း ပါဝင်မည်ဖြစ်သည်ဟု မစ္စတာရိုဆာ က ပြောကြားခဲ့သည်။

ခရီးစဉ်များမှာ ဈေးပေါသည့် ခရီးစဉ်များမဟုတ်ဟု ၎င်းကပြောကြားခဲ့သော်လည်း ခရီးစဉ်အတွက် လတ်မှတ်ဈေးနှုန်းကို ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါ ကုမ္ပဏီသည် ထိုင်းနိုင်ငံဘန်ကောက်နှင့် စင်ကာပူနိုင်ငံ ကို Eastern& Orient Express ရထားလိုင်း ပြေးဆွဲလျက်ရှိပြီး ၎င်းခရီးစဉ်အတွက် ဈေးအသက်သာဆုံး နှစ်ညအိပ်ခရီးစဉ်အတွက်ပင် အမေရိကန် ဒေါ်လာ ၂၅၀၀ ကျော် ကျသင့် သည်ဟု ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၎င်းတို့ကုမ္ပဏီက Road to Mandalay အမည်နှင့် ဇိမ်ခံသင်္ဘောလိုင်းကို ဧရာဝတီမြစ်အတွင်း ပြေး ဆွဲနေသည်မှာ ၁၇ နှစ်ခန့်ရှိသွားပြီ ဖြစ်ပြီး သုံးရက်မှ ခုနစ်ရက်ခရီးစဉ် အထိရှိသည်ဟု သိရသည်။ ခုနစ်ည အိပ် ရှစ်ရက်ခရီးစဉ်အတွက် ကုန်ကျ စရိတ်မှာအမေရိကန်ဒေါ်လာ ၃၄၄၀ မှ ၈၀၀၀ အထိရှိကြောင်း သိရသည်။

“မြန်မာ့နိုင်ငံရေး အခြေအနေ ပြောင်းလဲလိုက်တာနဲ့ ကျွန်တော်တို့လည်း သိသိသာသာ အခြေအနေ ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ တောင်းဆိုမှုတွေ တိုးလာခဲ့ပြီး ကျွန်တော်တို့ကလည်း ထူးခြားတဲ့ ၀န်ဆောင်မှုတွေပေးအပ်မှာ ဖြစ်ပါတယ်” ဟု မစ္စတာရိုဆာက ပြောကြားသွားခဲ့သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ