စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် မြန်မာနှင့် စင်ကာပူ နားလည်မှု စာချွန်လွှာငါးခု ရေးထိုး

White Star | 木曜日, 4月 04, 2013 |



Myanmar-Singaporesigning-april4
မြန်မာ-စင်ကာပူ စီးပွားရေး ဖိုရမ်တွင် နှစ်နိုင်ငံလုပ်ငန်းရှင်များ လက်မှတ် ရေးထိုးနေစဉ်
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာ ငါးခုအား ဧပြီ ၄ ရက်နေ့ ရန်ကုန်မြို့ Sedona Hotel တွင် ပြုလုပ်သော စင်ကာပူ-မြန်မာ စီးပွားရေးဖိုရမ်တွင် အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။
ယင်းကဲ့သို့ လက်မှတ်ရေးထိုးရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် Singapore Business Federation-SBF၊ Youth Force Construction နှင့် Amara Hospitality Capital၊ Lighting Specialist နှင့် Krislite၊ Myanmar Food for thought နှင့် Yu Kum International၊ Alnoor International နှင့် Singapore Telecommunication တို့အကြား လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ International Enterprise(IE) စင်ကာပူသည် နိုင်ငံခြားဌာန ခွဲတစ်ခုကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး IE စင်ကာပူသည် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီများ နိုင်ငံတကာတွင် အထောက်အကူ ပေးနိုင်သော စင်ကာပူ အစိုးရ ကိုယ်စားလှယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
"စင်ကာပူ ကုမ္ပဏီတွေ မြန်မာဈေးကွက်ကို ၀င်လာမှာ ဖြစ်တဲ့အတွက် အခုလို IE စင်ကာပူရဲ့ နိုင်ငံခြား ဌာနခွဲကို မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဌာနခွဲကနေတစ်ဆင့် စီးပွားရေးအရ ဖက်စပ်လုပ်ကိုင်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ" ဟု IE စင်ကာပူ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Teo Eng Cheong က ပြောပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စင်ကာပူသမ္မတ တိုနီကင်ရန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပိုမိုလေးနက် ခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ