သင်္ကြန်တွင်း မန္တလေးနှင့် ရခိုင်ခရီးစဉ်များသို့ ခရီးသွားလာမှု နည်းပါးနေပြီး ရှမ်းပြည်နယ်နှင့် ထားဝယ်ခရီးစဉ်များတွင် ခရီးသွား များပြားနေ
ယခုနှစ် မန္တလေးမဟာသင်္ကြန်အတွက် ဆောက်လုပ်လျက်ရှိသော မဏ္ဍပ်အချို့
သင်္ကြန်တွင်း ခရီးစဉ်များအဖြစ် နှစ်စဉ်နှစ်တိုင်းပင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ညောင်ရွှေ စသည့်ရှမ်းပြည်နယ်နှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ သွားရောက် လည်ပတ်မှုများ ရှိနေသည့်အပြင် ယခုနှစ်တွင် တနသာင်္ရီတိုင်း ဒေသကြီး၊ ထားဝယ်ဘက်သို့ ခရီးသွားများ သွားရောက်မှု များပြားနေကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ သိရှိရသည်။
“ရာသီဥတုကပူတော့ တောင်ကြီးတို့ အင်းလေးတို့လို အေးတဲ့နေရာတွေကိုတော့ နှစ်တိုင်းသွားကြတာပါပဲ။ ဒါပေမယ့် အခုနှစ်မှာတော့ ထားဝယ်ဘက်ကို ပုံမှန်ထက် အသွားများလာကြတယ်” ဟု OD Tour ကုမ္ပဏီမှ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။
ယခင်နှစ်များတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဘက်သို့ သွားလာမှု သိသိသာသာ များပြားမှု မရှိသော်လည်း ယခုနှစ် ခရီးသွားရာသီမှ စတင်ပြီး ထားဝယ်ရှင်ကိုးရှင် ခရီးစဉ်ကို လူသိများလာကြောင်းလည်း သိရသည်။
“အခုသင်္ကြန်တွင်းကို ထားဝယ်ရှင်ကိုးရှင် ခရီးစဉ်ကို ပန်းဆိုးတန်းက ဂိတ်တွေလည်း အကုန်နီးပါးလောက်ကို ထွက်ဖြစ်ပါမယ်။ အန်ကယ်သိသလောက် ပြောရရင်တော့ သန်းဌေးနှင့် ရောင်းရင်းများက ခြောက်စီး၊ အန်ကယ်တို့ သုခမိန်စာပေက ခြောက်စီး၊ နန်းဦးလှိုင်ကငါးစီး၊ ပြီးတော့ ရပ်ကွက်ဂိတ် လေးတွေကလည်း တော်တော်များများ သွားဖြစ်ပါမယ်” ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးယာဉ်လိုင်းမှ ဦးမျိုးကြီးက ပြောသည်။
ထို့ပြင် ရာသီဥတု အခြေအနေ ပူပြင်းသောကြောင့် ရှမ်းပြည်နယ် ခရီးစဉ်များအဖြစ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ စသည့်ခရီးစဉ်များသို့ ခရီးသွားများ ရွေးချယ်မှု ပိုမိုများပြားကြောင်းနှင့် ခရီးသွားများသည် မိမိတို့သွားလာရမည့် နေရာဒေသများနှင့် လမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချမှု ရရှိမည့် ခရီးစဉ်များကိုသာ ရွေးချယ်သွားရောက်ကြ ကြောင်းလည်း သိရှိရသည်။
“ဒီနှစ်သင်္ကြန်ခရီးစဉ်ကို တောင်ကြီးတို့၊ မော်လမြိုင်တို့ပြီးတော့ ကမ်းခြေတွေကို အသွားများပါတယ်။ မော်လမြိုင်မှာ ဆိုလည်း ကျိုက္ခမီ၊ စက်စဲတို့ အသွားများပါတယ်။ အသွားနည်းသွားတာက မန္တလေးဘက်ကိုပေါ့။ မုံရွာ၊ အလောင်းတော်ကသာပ၊ ရွှေစက်တော်တို့ ဒီနှစ်သွားတာ နည်းနည်းကျဲသွားတယ်။ ခရီးသွားတွေကတော့ အရင်ဆုံး ဘယ်လမ်းကြောင်းက သွားမလဲ အရင်မေးကြတယ်။ ပြီးမှသာ ခရီးစဉ်ကို ရွေးချယ်ကြတယ်” ဟု Dream Paradise ခရီးသွား ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်မြတ်သူက ပြောသည်။
ထို့ပြင်ခရီးသွားများက ခရီးလမ်းကြောင်းကို ကြည့်ပြီးမှသာ ခရီးစဉ်တွေကို ရွေးချယ်ကြပြီး အထက်မြန်မာပြည် ခရီးစဉ်များတွင် အလောင်းတော်ကဿပ၊ ရွှေစက်တော်အပြင် မန္တလေး၊ မုံရွာ အစရှိသည့် ခရီးစဉ်များမှာ နှစ်စဉ်နှစ်တိုင်း ခရီးသွား များပြားခဲ့သော်လည်း ယခုနှစ်တွင် မိတ္ထီလာ ပဋိပက္ခများကြောင့် ခရီးသွားများ နည်းပါးသွားကြောင်း သိရသည်။
Category: