ကမ္ဘောဒီးယား . . . ဘရူနိုင်း ပြီးတော့ မြန်မာ

White Star | 土曜日, 4月 27, 2013 |


aseansummit-april26
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တွေ့ရသော အာဆီယံ ​ခေါင်းဆောင်များ
၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ( 2015 ASEAN Community) အလွန် အာဆီယံ၏ ရှေ့ခရီးနှင့် မပြီးဆုံးနိုင်သေးသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုများ အကြောင်းကို အများဆုံး ဆွေးနွေးခဲ့သည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသည် ဧပြီ ၂၅ ရက်နေ့  ညနေပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
“retreat မှာတော့ ၂၀၁၅ အလွန် အာဆီယံ community ထူထောင်တဲ့ အခါမှာ ဆက်ပြီးတော့ အာဆီယံကို ဒီထက်ပိုပြီးတော့ သွက်လက်လာအောင်၊ ထက်မြက်လာအောင် အာဆီယံထဲက ရှိနေတဲ့ ပြည်သူတွေ အချင်းချင်း ဆက်ဆံမှုတွေ တိုးပွားလာအောင် ဘယ်လို ရှေ့ဆက် လုပ်ရမလဲဆိုတဲ့ ဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် Eleven Media Group သို့ ပြောသည်။
အချက်လေးချက်ကို အခြေခံ၍ ပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ၊ အာဆီယံ၏ အချက်အချာကျမှုနှင့် ဒေသဆိုင်ရာ ဗိသုကာ၊ အာဆီယံ၏ အနာဂတ် အလားအလာနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများအပေါ် အမြင်ဖလှယ်ခြင်း အစရှိသည့် အချက်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
“အာဆီယံရဲ့ ရှေ့ခရီးအတွက် ချိတ်ဆက်မှုတွေ ပိုမိုလုပ်ဆောင်ကြဖို့ ပြောကြတယ်။ ခေါင်းဆောင်တွေကလည်း ဒါကို သဘောတူခဲ့ကြပါတယ်” ဟု  ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ Permanent Secretary မစ္စတာ Sihasak Phuangketkeow သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကြေညာချက်တွင် အချက် ၆၅ ချက်ကို ဖော်ပြခဲ့ပြီး အာဆီယံ၏ ဖြစ်ထွန်းမှု၊ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားမှုများနှင့် ဆွေးနွေးပွဲ ရလဒ်ကို အခြေခံခဲ့သော အချက်များကို ဖော်ပြခဲ့သည်။
အာဆီယံ စီးပွားရေး အသိုက်အမြုံ ဖြစ်ထွန်းရေးအတွက် ၇၇ ဒသမ ၅၄ ရာခိုင်နှုန်းခန့်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ကျန်ရှိနေသော အပိုင်းကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် လုပ်ဆောင်နိုင်ရေး၊ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံရန်ကို ဆွေးနွေးခဲ့ကြခြင်း၊ အာဆီယံ- ဟောင်ကောင် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ရန် စီစဉ်ခြင်း၊ အရှေ့တောင်အာရှ နျူကလီးယား ကင်းမဲ့ဇုန် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးနှင့် မပြီးဆုံးနိုင်သေးဘဲ ဆက်လက် အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
"တောင်တရုတ်ပင်လယ် အကြောင်းကို အများကြီး ဆွေးနွေးဖြစ်တယ်။ ခေါင်းဆောင်တွေအားလုံး သဘောတူတာက တရုတ်နဲ့ ပိုပြီးနီးကပ်စွာ ဆက်လက် ဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်ဖြစ်တယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတလီဂါဝါက ဧပြီ ၂၅ ရက်တွင် သတင်းထောက်များကို ပြောသည်။
တောင်တရုတ်ပင်လယ် အငြင်းပွားမှုများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်း လုပ်ဆောင်ပြီး Declaration on the Conduct(DOC) ကို အပြည့်အ၀ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ အခြေခံမူ ခြောက်ချက်ဖြင့် ချမှတ်ထားပြီး ဖြစ်သော တောင်တရုတ်ပင်လယ်အရေး Code of Conduct(CoC) ဆိုင်ရာ ကြေညာချက်ကို အပြည့်အ၀ အကောင်အထည် ဖော်သွားနိုင်ရေး ကိစ္စကိုလည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထို့အပြင်  တောင်တရုတ်ပင်လယ် အရေးဆိုင်ရာ Code of Conduct(CoC) ကိစ္စကို တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများအကြား ဆွေးနွေးရန် ရှိသော်လည်း ဆွေးနွေးရမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း မာတီနာတလီဂါဝါက ပြောသည်။
တောင်တရုတ်ပင်လယ် အရေးသည် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အကြား ဖြစ်ပေါ်နေသည့် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပါသည်။
ထိုအငြင်းပွားမှုကို နိုင်ငံတကာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန်အတွက် ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့က ဘရူနိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ တွန်းအားပေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
သို့သော် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“မိထ္ထီလာကိစ္စတို့၊ ရခိုင်ကိစ္စတို့က ကျွန်တော်တို့ရဲ့ ပြည်တွင်းရေး ဖြစ်တဲ့အတွက် အစည်းအဝေးမှာ မပြောဖြစ်ကြဘူး” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်မြို့၊ ၀န်ကြီးချုပ်ရုံး အဆောက်အဦတွင် ပြုလုပ်ခဲ့ပြီး ယခုဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက ရယူခဲ့ပြီး ပထမဆုံးအကြိမ် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ ဖြစ်သည်။
ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းက ဘရူနိုင်းနိုင်ငံ၊ ၀န်ကြီးချုပ်ရုံး အဆောက်အုံတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေါင်းဆောင်များက ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ပြောကြားလိုက်သည်။
ထို့ပြင် ယင်းနေ့  နံနက်က ပြုလုပ်သော ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ Retreat Meeting တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အားပေးသွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောသည်။
ထို့ပြင် မြန်မာ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူခွင့် ရရှိသည့်အတွက် မြန်မာအစိုးရအနေဖြင့် ကျေနပ်ပျော်ရွှင်နေကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ရပိုင်ခွင့်များကို ခံစားခွင့် ရရှိစေမည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ပြောသည်။
"မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတလီဂါဝါနာတလီက ဧပြီလ ၂၅ ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အာဆီယံသည် ရှင်သန်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံသည် အာဆီယံ ပြည်သူများ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမည့် အာဆီယံဖြစ်ကြောင်း ကမ္ဘာကို ပြသရန် လိုအပ်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧပြီလ ၂၅ ရက်နေ့ နံနက်က ပြုလုပ်သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေဟာ အရေးကြီးဆုံးနှစ်များ ဖြစ်ပါတယ်။ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ အဖွဲ့ဝင် အားလုံးနဲ့အတူ အပြည့်အ၀ အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
 ယင်းနောက် သမ္မတကြီးကပင် အာစီယံနိုင်ငံ အများစုနှင့် တရုတ်နိုင်ငံအကြား တင်းမာမှု ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများ အရေးနှင့် ပတ်သက်၍ ပြောကြားခဲ့ရာတွင်လည်း အာစီယံ၏ တူညီသော ဆန္ဒနှင့် တစ်သားတည်း ရှိမည်ဟု ပြောကြားလိုက်သည်။
အာဆီယံအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနှင့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုများ
(၁) ၁၉၆၇ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အပါအ၀င် နိုင်ငံ ၅ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
(၂) ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်လာခဲ့သည်။
(၃) ပထမဆုံး အကြိမ်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃-၂၄ ရက်များတွင် ကျင်းပခဲ့သည်။
(၄) (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုမူ ကမ္ဘောဒီးယားနို်င်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည်။
(၅) ယခု ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်မြို့တွင် ဧပြီ ၂၄ -၂၅ ရက်နေ့များတွင် ကျင်းပခဲ့သည်။
(၆) မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရယူကာ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည် ဖြစ်သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ