လက်ပံတောင်းအရေး ကူညီသူတွေ ပြန်လွှတ်ပေးဖို့ ရန်ကုန်မှာ ဆန္ဒပြ

White Star | 火曜日, 4月 30, 2013 |


lpt-protest-ygn-305.jpg
လက်ပံတောင်းသပိတ်ဖြိုခွဲမှု ၅ လပြည့် အထိမ်းအမှတ် ရန်ကုန်မြို့လယ်မှာ ဆန္ဒပြနေကြစဉ်
photo: RFA/ Nay Myo Htun
ဖမ်းဆီးခံထားရတဲ့ လက်ပံတောင်းတောင်အရေး ကူညီဆောင်ရွက်ပေးသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူတွေကို ပယ်ဖျက်ပေးဖို့ အခွင့်အရေးလှုပ်ရှားသူတချို့ ရန်ကုန်မြို့လယ်မှာ ဒီကနေ့စုဝေးပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၅ လပြည့် အထိမ်းအမှတ်အနေနဲ့ မြို့တော်ခန်းမရှေ့မှာ တစ်နာရီကြာ ဆန္ဒပြခဲ့ကြပါတယ်။
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့အစိုးရအဖြစ် အသိအမှတ်ပြုစေလိုတယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ လက်ပံတောင်းတောင်အရေး ဆောင်ရွက်နေတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့က ကိုမိုးသွေးက ဒီကနေ့ ဆန္ဒပြပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီဆန္ဒပြပွဲမှာ လက်ပံတောင်းတောင်အရေး လှုပ်ရှားနေတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခနဲ့ လက်ပံတောင်းတောင် သံဃာတော်များအဖွဲ့တွေကပေးပို့တဲ့ သဘောထားကြေညာချက်တွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် လယ်ယာမြေအငြင်းပွားမှု ပြဿနာတွေ ပြေလည်မှုမရရှိသေးတာကြောင့် ကြေးနီစီမံကိန်း လုပ်ငန်း ဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းထားဖို့နဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတာတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အပါအဝင် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး လွတ်လပ်ရေးကျောက်တိုင်စိုက်ထူထားတဲ့ မဟာဗန္ဓုလပန်းခြံကို တစ်ပတ်လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ လူဦးရေ ၂၀ ကျော် ပါဝင်ခဲ့ပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ