မြန်မာနိုင်ငံတွင် ကြုံတွေ့ရသည့် သဘာဝ ဘေးများအနက် မီးလောင်မှု ဖြစ်စဉ်မှာ အများဆုံးဖြစ်ကြောင်း သိရ

မတ်လအတွင်းက လှိုင်သာယာ စက်မှုဇုန်ရှိ ဆီသိုလှောင်ကန်များ မီးလောင်ကျွမ်းမှုကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရာယ်များအနက် မီးလောင်မှုဖြစ်စဉ်မှာ အများဆုံးဖြစ်ကြောင်း မတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေး လျှော့ချရေးဆိုင်ရာ ဆွေးနွေးပွဲတွင် စာတမ်းရှင် ဒေါ်လတ်လတ်အေး (Programme Analyst (DRR), UNDP) ၏ ပြောကြားချက်အရ သိရှိရသည်။
"မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ်တွေက ငလျင်၊ ဆိုင်ကလုန်း မုန်တိုင်း၊ သစ်တောမီးလောင်မှု၊ ရေကြီးရေလျှံဖြစ်မှု၊ ဆူနာမီ၊ မိုးခေါင်ရေရှားဖြစ်တာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးတွေထဲမှာ မီးလောင်မှုဖြစ်စဉ်ဟာ အများဆုံးပဲလို့ သိရပါတယ်" ဟု UNDP မှ Programme Analyst ဒေါ်လတ်လတ်အေးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ယခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း မီးလောင်ကျွမ်းမှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ရာ အိမ်ခြေအဆောက်အဦ ၄၂ ခု၊ ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ၇၂၅ ဦး မီးဘေးဒုက္ခရောက်ကာ လေးဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မီးလောင်မှု ဖြစ်စဉ်များတွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်မှု၊ ဈေးမီးလောင်မှု၊ တောမီးကြောင့် လူနေအိမ်ခြေများ မီးလောင်မှုများပင် ပါဝင်ကြောင်းလည်း သိရှိရသည်။
ဈေးမီးလောင်မှုများ မကြာခဏ ဖြစ်နေသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ စည်ပင်ပိုင်ဈေးများတွင် လခစား သီးသန့်မီးသတ်တပ်ဖွဲ့များ ထားရှိပြီး မီးလောင်မှုအပေါ် အချိန်ပြည့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဈေးမီးလောင်မှုများတွင် ၂၀၀၈ ခုနှစ် မန္တလေးမြို့ရှိ ရတနာပုံဈေး မီးလောင်မှု၊ ၂၀၁၀ ပြည့်နှစ်တွင် မင်္ဂလာဈေး မီးလောင်မှုနှင့် ယခုနှစ် ၂၀၁၃ ခုနှစ် သိမ်ဖြူဇရပ်၊ မြို့မစည်ပင်ဈေး မီးလောင်မှုတို့မှာ ဆုံးရှုံးမှု ကြီးမားသော မီးလောင်မှုများ ဖြစ်ခဲ့သည်။
ယခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် အကြိမ် ၂၀၊ ကယားပြည်နယ်တွင် နှစ်ကြိမ်၊ ကရင်ပြည်နယ်တွင် ၁၀ ကြိမ်၊ ချင်းပြည်နယ်တွင် ငါးကြိမ်နှင့် တနသာင်္ရီတိုင်း ဒေသကြီးတွင် ၁၃ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၂ ကြိမ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၄ ကြိမ်၊ မကွေးတိုင်း ဒေသကြီးတွင် ၄၇ ကြိမ်၊ နေပြည်တော်၌ ၁၂ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၅၁ ကြိမ်နှင့် မွန်ပြည်နယ်တွင် ကိုး ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၂၈ ကြိမ်၊ ရန်ကုန်တိုင်း ဒေကြီးတွင် ၄၅ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၇ နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၃ ကြိမ် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၂၇၂၈ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကာ ၂၂ ဦး သေဆုံးခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၁၃၉၅ ခု၊ စက်ရုံအလုပ်ရုံ၊ ငါးရုံနှင့် ဂိုဒေါင်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း သန်း ၉၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
Category: