သတင်းစာကျင့်ဝတ်နှင့် နိုင်ငံပိုင်မီဒီယာ အပြောင်းအလဲ

ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အလေ့အကျင့်နဲ့ လိုက်လျောညီထွေ ရှိလာစေဖို့ အစိုးရက မီဒီယာကဏ္ဍမှာ အပြောင်းအလဲတွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။
မကြာမီက မီဒီယာကဏ္ဍမှာ ဖြေလျှော့မှုအနေနဲ့ ပုဂ္ဂလိက မီဒီယာတွေကို သတင်းစာတွေ ထုတ်ဝေခွင့်တွေ လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ ဒီလိုခွင့်ပြုချက် ပေးမယ်လို့ ထုတ်ပြန်ခဲ့ရာမှာ ယခင်အပတ်စဉ်သာ ထုတ်ဝေခဲ့တဲ့ ဂျာနယ်တွေဟာ နေ့စဉ်ထုတ်အဖြစ် ထုတ်ဝေနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ လူသားအရင်းအမြစ် ရှာဖွေစုဆောင်းတာကအစ ဂုဏ်သိက္ခာရှိတဲ့ သတင်းစာတွေအဖြစ် ထွက်ရှိလာအောင် အရှိန်မြှင့်ပြီး ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီလို ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်တွေ ချထားပေးဖို့ သတင်းတွေ ထွက်နေတဲ့ အချိန်မှာပဲ နိုင်ငံပိုင် သတင်းစာတွေကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲဆောင်ရွက်မယ်ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနက တရားဝင် ထုတ်ပြန်ပြီးတော့ နိုင်ငံပိုင် သတင်းစာတွေကို ထုတ်ဝေခွင့် မရသေးတဲ့ ပုဂ္ဂလိက သတင်းစာတွေရဲ့ရှေ့ကို ကြိုပြေးစေခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာ အစိုးရ တာဝန်ရှိသူတွေ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတဲ့ သတင်းတွေကို လျှော့ပြီး အရင်တုန်းက မထည့်ခဲ့တဲ့ သတင်းမျိုးတွေကို ဦးစားပေး ထည့်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြိုင်ဘက်မရှိတဲ့ နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာတွေဟာ ကြော်ငြာတွေ အများအပြား ရရှိခဲ့ကြရာ အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ ဈေးကွက်ဝေစုကိုပါ သက်ရောက်ခဲ့တဲ့ အနေအထား ရှိခဲ့ပါတယ်။
နိုင်ငံပိုင် သတင်းစာတွေဟာ အစိုးရနဲ့ ပတ်သက်ထားတဲ့ သတင်းတွေအပြင် စာဖတ်ပရိသတ် စိတ်ဝင်စားပေမယ့် သတင်းတွေကို တင်ဆက်လာရာမှာ အရင်က မတွေ့ခဲ့ရတဲ့ အမှားပြင်ဆင်ချက်တွေကိုလည်း ထည့်သွင်းလာရတဲ့အထိ သတင်းတွေကို စုံလင်စွာ ထည့်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံပိုင် သတင်းစာတွေမှာ ဒီလိုအမှားပြင်ဆင်ချက်တွေ ထည့်လာရာခဲ့ရာ နိုင်ငံပိုင် သတင်းစာတစ်စောင်မှာ မကြာမီက ဖော်ပြခဲ့တဲ့ မိန်းကလေးငယ်တစ်ဦးကို အနိုင်အထက် ပြုကျင့်တဲ့ သတင်းက အနိုင်အထက် ပြုကျင့်ခံခဲ့ရသူရဲ့ နာမည်၊ လိပ်စာအတိအကျနဲ့ ဖော်ပြခဲ့တဲ့ သတင်းကတော့ ဝေဖန်မှုတွေ ရှိခဲ့တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းဖော်ပြမှုဟာ သတင်းစာ ကျင့်ဝတ်အရ လိုက်နာရမယ့် စံနှုန်းတွေနဲ့ဆိုရင် လိုအပ်ချက်တွေ ရှိနေတဲ့ သတင်းတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ သတင်းစာ ကျင့်ဝတ်အရ ဒီလို အနိုင်အထက် ပြုကျင့်တဲ့ သတင်းတွေကို ဖော်ပြမယ်ဆိုရင် ကာယကံရှင်ရဲ့ ရုပ်ပုံ၊ နာမည်၊ မိဘ၊ နေရပ်လိပ်စာတွေကို မဖော်ပြဖို့ သတင်းစာ ပညာရပ်တွေမှာ အတိအကျ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ သတင်းရဲ့ လိုအပ်ချက်အရ မဖြစ်မနေ ရုပ်ပုံကို ဖော်ပြမယ်ဆိုရင်လည်း မျက်နှာတွေကို ၀ါးထားဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ နိုင်ငံပိုင် သတင်းစာက အဲဒီသတင်းနဲ့ ပတ်သက်ပြီး အမှားပြင်ဆင်ချက်ကို နောက်ရက်တွေမှာ ထည့်ပေးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ကတော့ သတင်းစာတွေကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲသလို နိုင်ငံပိုင် ရုပ်သံတွေကိုလည်း အများပြည်သူ ၀န်ဆောင်မှု လုပ်ငန်းတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သတင်းစာတွေမှာ ပုဂ္ဂလိကထက် အရင်ပြောင်းလဲမှုတွေ လုပ်ခဲ့သလို နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှာလည်း သတင်းအစီအစဉ်တွေကို တိုးချဲ့ထုတ်လွှင့်မှုတွေကို သတင်းစာတွေနဲ့ တစ်ပြိုင်နက်ဆိုသလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံမှာ သတင်းတွေ တိုးချဲ့ရာမှာ ယခင်က တင်ဆက်ပုံတွေနဲ့ကွဲတဲ့ သတင်းတင်ဆက်ပုံတွေနဲ့ တင်ဆက်ခဲ့သလို သတင်းတွေမှာလည်း ယခင်က မတင်ဆက်ခဲ့တဲ့ သတင်းမျိုးတွေကိုလည်း တင်လာခဲ့တာ ဖြစ်ပါတယ်။ အစိုးရပိုင် ဖြစ်တာကြောင့် အစိုးရ ၀န်ကြီးဌာနတွေကလည်း သတင်းတွေကို ပြန်လည်ဖြေကြားမှုတွေ အပါအ၀င် သတင်းကဏ္ဍတွေကို အင်နဲ့အားနဲ့ လုပ်လာနိုင်တာ ဖြစ်ပါတယ်။
အဲဒီလို ရုပ်သံသတင်းတွေ တင်ဆက်လာသလို သတင်းနဲ့ ဆက်စပ်တဲ့ ရုပ်သံအစီအစဉ် တချို့ကိုလည်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ညပိုင်းက ၈ နာရီ သတင်းအစီအစဉ်အပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှာ ထုတ်လွင့်သွားတဲ့ ရုပ်သံအစီအစဉ် တစ်ခုမှာတော့ သတင်းစာ မီဒီယာကျင့်ဝတ်အရ အငြင်းပွားဖွယ်ရာ တင်ဆက်မှုပုံစံ တစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။
အဲဒီရုပ်သံ အစီအစဉ်ဟာ MRTV မှာ နေ့စဉ်ထုတ်လွှင့်နေတဲ့ အစီအစဉ် ဖြစ်တယ်လို့ဆိုပြီး တင်ဆက်တဲ့ ပုံစံက အင်တာဗျူး အတိုလေးတွေနဲ့ မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ အဲဒီနေ့ အစီအစဉ်မှာတော့ တောင်းရမ်းစားသောက်တဲ့ ကလေးငယ်တွေရဲ့ အကြောင်းကို မေးမြန်းတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်မှာတော့ တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ်တွေကို အင်တာဗျူး မေးထားသလို တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူတွေရဲ့ အမြင်တွေကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ အမြင်တွေကို အများအပြား မေးမြန်းတင်ဆက်ထားပြီး လူမှုဝန်ထမ်းကဲ့သို့ ဌာနဆိုင်ရာကိုလည်း တောင်းရမ်းစားသောက်တဲ့ ကလေးတွေအပေါ် ဘယ်လိုဆောင်ရွက်ပေးနေတယ် ဆိုတာကို ပြည့်ပြည့်စုံစုံ တင်ပြပေးတာကို ကြည့်ရှုခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်မှာ ဘ၀င်မကျတာကတော့ တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ်တွေကို မေးမြန်းတဲ့ အခါမှာ ကလေးငယ်တွေရဲ့ မျက်နှာတွေကို ဘာမှဖုံးကွယ်ပေးထားတာ မရှိဘဲ ဖော်ပြတင်ဆက်ခဲ့တာ ကိုပါ။ ကလေးသုံးလေးယောက်ကို မေးမြန်းတာဖြစ်ပြီး အရွယ်က အသက် ၁၀ နှစ်ဝန်းကျင်သာ ရှိနိုင်တဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ မိန်းကလေး ကလေးငယ်တစ်ယောက်ကို မေးမြန်းရာမှာ မိန်းကလေးက မျက်နှာကို ပုဆိုးစနဲ့ သူ့ဟာသူ ရှက်တဲ့အနေနဲ့ ဖုံးထားပေမယ့် ကင်မရာ ရိုက်ချက်ကနေတော့ မလွတ်မြောက်ခဲ့ပါဘူး။ ဒီနေရာမှာ ရုပ်သံအစီအစဉ်ကို စီစဉ်တင်ဆက်တဲ့သူတွေ အနေနဲ့ မေ့လျော့ခဲ့တာက သတင်းစာ မီဒီယာ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။
စံနှုန်းပြည့်တဲ့ သတင်းစာ မီဒီယာ ကျင့်ဝတ်တွေအရတော့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ ရေးသားရိုက်ကူး တင်ဆက်မယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေ အများကြီး ရှိပါတယ်။ ကလေးသူငယ်တွေဟာ နုနယ်ပြီး သူတို့ရဲ့ အနာဂတ်ကို ထိခိုက်နစ်နာစေမယ့် သတင်းရေးသား တင်ဆက်မှုတွေကို ဂရုစိုက်ရမှာပဲ ဖြစ်တယ်လို့ သတင်းစာ မီဒီယာ ကျင့်ဝတ်တွေမှာ ပါရှိပါတယ်။ အခုထုတ်လွှင့်သွားတဲ့ ရုပ်သံအစီအစဉ်မှာတော့ တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ်တွေရဲ့ မျက်နှာတွေကို ဘာမှအခုအခံ မရှိတာတွေက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့တွေရဲ့ အနာဂတ်အတွက် ကောင်းကျိုး မဖြစ်စေပါဘူး။ တကယ်ဆိုရင် အဲဒီကလေးတွေကို မေးမြန်းရိုက်ကူးမယ်ဆိုရင် သူတို့ရဲ့ မျက်နှာတွေကို ရှေ့ကမပြဘဲ နောက်ကျောမှဖြစ်စေ ဘေးတစောင်းဖြစ်စေ မျက်နှာကို ပေါ်လွင်မှု မရှိစေတဲ့ ရိုက်ကူးတင်ဆက်တဲ့ တင်တက်မှုတွေကသာ ကျင့်ဝတ်နဲ့ညီမှာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ သတင်းစာမီဒီယာ ကျင့်ဝတ်လို လူမှုပတ်ဝန်းကျင်အတွက် အရေးကြီးတဲ့ သတင်းစာ မီဒီယာ အတတ်ပညာကို စနစ်တကျ သင်ပေးနိုင်တဲ့ အခြေတွေနည်းခဲ့လို့ အခုလို နိုင်ငံပိုင် မီဒီယာတွေမှာတောင် အမှားနဲ့မကင်းနိုင်တဲ့ ဖြစ်ရပ်တွေကို တွေ့နေရသလို ပုဂ္ဂလိက မီဒီယာလောကမှာလည်း သတင်းကူးချမှုတွေ၊ ကျင့်ဝတ်နဲ့ မလျော်ရေးသားမှု အချို့ ရှိနေတာ တွေ့နေရဆဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အများပြည်သူ အများအပြား ဖတ်ရှုကြည့်ရှုနေကြတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုပေးဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတဲ့ နိုင်ငံပိုင် မီဒီယာတွေ အနေနဲ့လည်း သတင်းစာမီဒီယာ ကျင့်ဝတ်တွေကို ယခုထက်ပိုပြီး လေ့လာရေးသားကြမယ် ဆိုရင်ဖြင့် အတိုင်းအထက်အလွန် ရှိမယ်လို့ ထင်မြင်မိပါကြောင်း. . .
Category: