ဒေါ်လှကြည် သုံးယောက်အကြောင်း

White Star | 月曜日, 5月 06, 2013 |



dawhlakyi1-may6
ဒေါ်လှကြည် (၁)
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတူမရှား၊ နာမည်တူ မရှားဆိုတာ ရှိပါတယ်။ ရုပ်ချင်းတူတဲ့လူတွေ နာမည်ချင်း တူကြတဲ့လူတွေ ငယ်ငယ်က ကျောင်းမှာ စာသင်ခန်း တစ်ခုထဲမှာ နာမည်တူနှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက် ပိုပြီးရှိနေရင် ဆရာ၊ ဆရာမတွေက နာမည်နောက်မှာ နံပါတ် (၁) (၂) တပ်ပြီး ခေါ်ကြတာ မှတ်မိပါတယ် ဆိုပါတော့ အောင်ဒင်နှစ်ယောက်ရှိရင် တစ်ယောက်က အောင်ဒင်တစ် ဖြစ်လာပြီး နောက်တစ်ယောက်က အောင်ဒင်နှစ် ဖြစ်လာပါတယ်။ အဲဒီလို ခေါ်တာဟာ အသက်ကြီးလို့ အတန်းတွေ ကြီးလာတဲ့အထိ နောက်ပိုင်းလုပ်ငန်းခွင်ထဲ ရောက်တဲ့အထိအောင် သူငယ်ချင်းများ၊ ကျောင်းနေဖက်များကြားမှာ အမည်တွင်နေတတ်ပါတယ်။ မိသားစုနာမည်ကို နောက်ဆုံးတပ်ပြီး အမည်ပေးတဲ့ အစဉ်အလာ မရှိတာမို့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ နာမည်တူပုဂ္ဂိုလ် အများဆုံးနိုင်ငံလည်း ဖြစ်မည်ထင်ပါတယ်။ ကျွန်တော့်ဘ၀ တစ်လျှောက်မှာလည်း နာမည်တူ ပုဂ္ဂိုလ်တွေ အများကြီး သိကျွမ်း ရင်းနှီးခဲ့ရပါတယ်။ အဲဒီမှာ ထူးထူးခြားခြား ကျွန်တော်အင်မတန် ချစ်ခင်လေးစား ကြည်ညိုရတဲ့ အမျိုးသမီးကြီး သုံးယောက်က "ဒေါ်လှကြည်" အမည်တူများ ဖြစ်နေပါတယ်။ တစ်ယောက်ကတော့ ကျွန်တော့်မွေးသမိခင်ကြီး ဒေါ်လှကြည်ပါ။ နောက်တစ်ယောက်က ကိုသူရ (ခေါ်) ကိုဇာဂနာရဲ့ မိခင်ကြီး ဒေါ်လှကြည်ပါ၊ နောက်တစ်ယောက်ကတော့ ကိုမင်းကိုနိုင် (ခေါ်) ပေါ်ဦးထွန်းရဲ့ မိခင်ကြီး ဒေါ်လှကြည်။ ကျွန်တော့်ရဲ့ အမေသုံးယောက် ဖြစ်သလို ကျွန်တော်၊ ကိုသူရ၊ မင်းကိုနိုင်တို့ အားလုံးရဲ့ အမေများလည်း ဖြစ်ကြပါတယ်။ ကိုသူရရဲ့အမေ ဒေါ်လှကြည်က သုံးယောက်ထဲမှာ အသက်အကြီးဆုံးမို့ ဒေါ်လှကြည် (၁) ဆိုပါတော့။ မင်းကိုနိုင်အမေ ဒေါ်လှကြည်က အလတ်မို့ ဒေါ်လှကြည် (၂) ဆိုရင် ကျွန်တော့်အမေ ဒေါ်လှကြည်က အငယ်ဆုံးမို့ ဒေါ်လှကြည် (၃) ဖြစ်မှာပေါ့။ ဒီအမေကြီးသုံးယောက် အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်၊

ဒေါ်လှကြည် (၁)
အမေကြီး ဒေါ်လှကြည် (၁)က ခင်ပွန်းသည် အဘနန်းညွန့်ဆွေနဲ့အတူ ရန်ကင်းဆယ့်နှစ်လုံးတန်းမှာ နေပါတယ်။ သူက လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ တို့ဗမာ အစည်းအရုံးဝင် သခင်မကြီးဖြစ်ခဲ့ပြီး "ကြည်ဦး" ဆိုတဲ့ အမည်နဲ့ ထင်ရှားတဲ့ စာရေးဆရာမကြီးလည်း ဖြစ်ပါတယ်။ အဘနန်းညွန့်ဆွေကလည်း ထင်ရှားတဲ့ စာရေးဆရာ၊ မြန်မာပညာရှိကြီး၊ ကဗျာဆရာကြီး တစ်ဦးပါ။ သူ့အမည်အရင်းက ဦးအောင်သိန်းဖြစ်ပြီး ကျွန်တော့်ဖေဖေ ဦးကျော်ရှိန်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ခင်မင်ရင်းနှီးသူပါ။ ဖဆပလ အစိုးရခေတ်က ဦးညာဏ ဦးစီးတဲ့ အစိုးရရုပ်ရှင်နဲ့ ပြဇာတ်ဌာနမှာ အတူလုပ်ခဲ့ကြဖူးတယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ကျွန်တော်ငယ်ငယ်က ဖေဖေ ရန်ကင်းဆယ့်နှစ်လုံးတန်းကို စနေ၊ တနင်္ဂနွေလို နေ့တွေမှာ သွားရောက်ပြီး အဘနန်းညွန့်ဆွေနဲ့ အဲဒီအနားမှာပဲနေတဲ့ ဆရာကြီး ဦးရန်အောင်တို့ထံ လည်ပတ်စကားဝိုင်း ဖွဲ့တတ်ပါတယ်။ ကျွန်တော်က တစ်ခါတစ်ရံ ဖေဖေနဲ့ လိုက်သွားလို့ အဘနန်းညွန့်ဆွေ၊ အမေကြီး ဒေါ်လှကြည် (၁) တို့ကို ငယ်ငယ်ကတည်းက သိကျွမ်းရင်းနှီးခဲ့ပါတယ်။ အမေကြီးက အင်မတန် ခင်ဖို့ကောင်းသလို အခြားသူတွေကိုလည်း ထိထိမိမိ ဝေဖန်တတ်ပါတယ်။ ကျွန်တော့်ကျောင်းနာမည်က "ချစ်ကိုကို" မို့ အမေကြီးက ဖေဖေ့ကို "ဟင့်၊ ကွန်မြူနစ်က သူ့သားကို ပေးတဲ့နာမည်က ကနွဲ့ကလျနိုင်လိုက်တာ" လို့ ဝေဖန်ပြီး ကျွန်တော့်ကိုလည်း "ကိုကျော်ရှိန်သား"၊ "ဗိုလ်ကျော့်သား" လို့ပဲ ခေါ်တတ်ပါတယ်။ ကျွန်တော့် အမည်ရင်းကို ခေါ်လေ့မရှိပါ။ ဒီအမေကြီးက သူ့သားသုံးယောက်ကိုလည်း ကိုသူရ၊ ကိုဝဏ္ဏ၊ ကိုတေဇဆိုပြီး ခန့်ခန့်ညားညား မှည့်ထားတာပါ။ ဖေဖေကတော့ အမေကြီး ဝေဖန်တာကို ပြုံးပြုံးလေးနားထောင်ပြီး အဘနန်းကိုသာ အပြင်လက်ဖက်ရည် ထွက်သောက်ကြဖို့ ခေါ်ပါတယ်။ အဘနန်းကလဲ နှစ်ခါမခေါ်ရပါ။ သူ့ခမျာလဲ အမေကြီးရဲ့ ဝေဖန်မှုကို နေ့စဉ်ခံနေရတော့ အပြင်ထွက်ဖို့ အခွင့်အရေး စောင့်နေသူပါ။

ဒီအမေတွေကြောင့် ဒီသားတွေ လူလားမြောက်ခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ဒီသားတွေ လူ့လောကအကျိုး တစ်စုံတစ်ရာ စွမ်းဆောင်နိုင်ခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော်တို့တွေ တော်လှန်ရေးဆိုတဲ့ အန္တရယ်ကြီးမားတဲ့လမ်းကို လျှောက်လှမ်းရဲခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ ယုံကြည်မှုနဲ့ ကျွန်တော်တို့တွေ အကျဉ်းထောင်ထဲမှာ မယိမ်းမယိုင် ကြံ့ခိုင်ခဲ့ကြတာပါ။ ဒေါ်လှကြည်သုံးယောက်လို မိခင်တွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများကြီး ရှိနေတာက ကျွန်တော်တို့အားလုံးအတွက် မင်္ဂလာတစ်ပါးပါပဲ....
၁၉၈၈ အရေးတော်ပုံကြီးအပြီး စစ်တပ်က အာဏာသိမ်းပြီးချိန် အောက်တိုဘာလ ၂ ရက်နေ့မှာ အမေကြီးရဲ့သား ကိုသူရ အဖမ်းခံရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကလဲ ရှောင်တိမ်းနေရတော့ အမေကြီးဆီရောက်ပြီး အားမပေးနိုင်ပါ။ ဖေဖေကတော့ သတင်းကြားကြားချင်း သူတို့အိမ်ကို သွားရောက်ပြီး အားပေးစကား ပြောပါတယ်။ နောက် ၁၉၈၉ ဧပြီ ၂၃ ရက်နေ့မှာ ကျွန်တော်အ ဖမ်းခံရပါတယ်။ ကျွန်တော့်ကို မဖမ်းခင် ဧပြီ ၂၁ ရက်နေ့မှာ ကိုသူရနဲ့ ကိုဇင်ဝိုင်းတို့ အကျဉ်းထောင်က ပြန်လွတ်လာကြပါတယ်။ သူတို့လွတ်မြောက်ပြီးပြီးချင်းပဲ အမေကြီး ဒေါ်လှကြည်ရဲ့ တိုက်တွန်းချက်အရ ကိုသူရနဲ့ သူ့အနုပညာ သူငယ်ချင်းများ၊ ကိုဇင်ဝိုင်း၊ ကိုအောင်သန်းဦး (အရိုင်း)၊ ကိုမိုးဝင်းတို့အိမ်ကို ရောက်လာပြီး ဖေဖေနဲ့မေမေကို အားပေးကြပါတယ်။ ငွေကြေးအထောက်အပံ့တွေလဲ ပေးကြပါတယ်။
ကျွန်တော် ၁၉၉၃ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ သရက်ထောင်ကနေ ပြန်လွတ်ပြီးတဲ့နောက် ဖေဖေနဲ့အတူ အမေကြီးတို့ အိမ်ကိုသွားရောက် နှုတ်ဆက်ပါတယ်။ အဲဒီအချိန်မှာ ကိုသူရက ၁၉၉၀ ပြည့်နှစ်ကတည်းက ထောင်ထဲပြန်ရောက်နေပါပြီ။ ဖေဖေပြောပြလို့ ကျွန်တော်တို့ ထောင်ထဲမှာ ရှိနေစဉ်အတွင်း အမေကြီးဒေါ်လှကြည်နဲ့ အဘနန်းတို့က ကျွန်တော်တို့ မိသားစု၊ မင်းကိုနိုင် မိသားစု အပါအ၀င် အကျဉ်းကျ ကျောင်းသားများရဲ့ မိသားစုများကို ကူညီထောက်ပံ့တာ၊ ထောင်ဝင်စာပို့ရေး ကိစ္စတွေမှာ တိုင်ပင်ဆောင်ရွက်ရင်း အမေကြီး ဒေါ်လှကြည်နဲ့ မင်းကိုနိုင်အမေ ဒေါ်လှကြည်(၂)၊ ကျွန်တော့်အမေ ဒေါ်လှကြည် (၃) တို့ ညီအစ်မ အရင်းအချာတွေလို အင်မတန် ရင်းနှီးခင်မင်နေကြတာတွေ သိရပါတယ်၊ အမေကြီး ၁၉၉၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တာကိုတော့ကို အရိုင်းပြောပြလို့ ထောင်ထဲမှာကတည်းက သိခဲ့ပါတယ်။ တကယ်တော့ အမေကြီးဒေါ်လှကြည် ၁၉၉၀ ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ အာဏာလိုချင်လို့၊ အမတ်ဖြစ်ချင်လွန်းလို့ မဟုတ်ပါ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို အသုံးပြုမဲဆွယ်ပြီး ရန်ကင်းမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြု ၀င်ပြိုင်သူက ရန်ကင်းမြို့နယ်ရဲ့ မဆလပါတီ ခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်နေလို့ပါ။ မဆလပါတီကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် ဖြစ်လာတဲ့ ပါတီစုံ ရွေးကောက်ပွဲမှာ မဆလဟောင်းတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလံနဲ့ ရွေးကောက်ပွဲဝင်တာကို မခံချင်စိတ်နဲ့ ၀င်ပြိုင်ဖြစ်တာပါ။ အမေ့ကိုချစ်တဲ့သား ကိုသူရက အမေ့အတွက် ရွေးကောက်ပွဲ မဲဆွယ်ရာမှာ မဆလအရေခွံချွတ်ပြီး ဒီမိုကရေစီ အရေခြုံလို့ အာဏာရရှိရေး ကြိုးပမ်းသူတွေကို လှောင်ပြောင်တဲ့ မိန့်ခွန်းတွေ ပြောမိလို့ သူ့သူငယ်ချင်းကို အရိုင်း (အောင်သန်းဦး) နဲ့အတူ အဖမ်းခံရပြီး ထောင်ငါးနှစ် အပြစ်ပေးခံရတာပါ။
အမေကြီးတို့အိမ်ကို ရောက်တော့ ကျွန်တော်အံ့သြရတာက သူတို့အိမ်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများ စုဝေးပြီး ထောင်ကျနေဆဲ ကျောင်းသားများကို ရန်ပုံငွေ ရှာဖွေထောက်ပံ့ရာ ဗဟိုဌာနတစ်ခု ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ထက်စောပြီး အကျဉ်းထောင်က ပြန်လွတ်ကြတဲ့ ကျောင်းသားလေးများဟာ အမေကြီး ဒေါ်လှကြည်ရဲ့ ဦးဆောင်မှုနဲ့ နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာဖွေပြီး ထောင်အသီးသီးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားတွေကို အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့နေကြပါတယ်။ အမေကြီး ဒေါ်လှကြည်ကို ဗဟိုပြုလို့ပဲ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်လည်း အထူးတလည် မစည်းရုံးရဘဲ အမေကြီး ဒေါ်လှကြည်ရဲ့ နိုင်ငံရေးအကျဉ်းသား ထောက်ပံ့ရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်လွတ်ပြီး သိပ်မကြာခင် ၁၉၉၄ ခုနှစ်အတွင်းမှာ ကိုသူရနဲ့ ကျွန်တော့်ညီ ရွှေဘုန်းလူတို့ အကျဉ်းထောင်က လွတ်မြောက်လာကြပါတယ်။ မင်းကိုနိုင်ကတော့ အကျဉ်းကျနေဆဲမို့ ဒေါ်လှကြည် (၁) နဲ့ ဒေါ်လှကြည် (၃) တို့ခမျာ ဒေါ်လှကြည် (၂) ကို စာနာသနားပြီး အပြည့်အ၀ မပျော်ရွှင်နိုင်ခဲ့ကြရပါ။
dawhlakyi23-may6
ဒေါ်လှကြည် (၂) နှင့် ဒေါ်လှကြည် (၃)
ဒေါ်လှကြည် (၂)
မင်းကိုနိုင်အမေ ဒေါ်လှကြည် (၂) က သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမကြီးအပေါ်က ရှည်မျောမျောအိမ်ကလေးမှာ နေပါတယ်၊ ခင်ပွန်းသည်က ပန်းချီဆရာကြီး ဦးသက်ညွန့်ပါ။ မင်းကိုနိုင် အကျဉ်းကျနေချိန်မှာ သမီးသုံးယောက်နဲ့အတူ နေရင်း အိမ်ဆိုင်ကလေးတစ်ခု ဖွင့်လှစ်ထားပါတယ်။ ကျွန်တော် ထောင်ကလွတ်လွတ်ချင်းမှာပဲ သူတို့ရဲ့ အိမ်ကလေးကို မေမေဒေါ်လှကြည် (၃) နဲ့အတူ ကျွန်တော်ရောက်ပါတယ်။ တွေ့တွေ့ချင်းပါပဲ။ အမေဒေါ်လှကြည်နဲ့ အဘဦးသက်ညွန့်တို့ကို မိဘအရင်းများသဖွယ် ချစ်ခင်မိပါတယ်။ အမေနဲ့ အဘကလည်း ကျွန်တော့်အပေါ် တူညီသော မေတ္တာထားကြပါတယ်။ အမေဒေါ်လှကြည် (၂) က ကျွန်တော့်ကို "သား" လို့ခေါ်ပြီး သူ့ကိုလည်း "အမေ" လို့ ခေါ်ဖို့ ပြောပါတယ်။ မကြီး၊ မငယ်၊ မီးငယ် ညီအစ်မသုံးယောက်ကလည်း ကျွန်တော့်ကို ကွဲကွာနေတဲ့ မောင်လေးတစ်ယောက်၊ အစ်ကိုတစ်ယောက် ပြန်ရောက်လာသလို ချစ်ခင်ရင်းနှီးကြပါတယ်။ ကျွန်တော့်အတွက် အင်မတန် ချစ်စရာကောင်းတဲ့ ဒုတိယမိသားစု တစ်ခုကို ရရှိလိုက်တာပါ။ သူတို့ကို ကျွန်တော်က ၁၉၉၀ ပြည့်နှစ်က အင်းစိန်အကျဉ်းထောင်ထဲမှာ မင်းကိုနိုင်နဲ့ နောက်ဆုံးတွေ့ခဲ့ရပုံကို ပြန်ပြောပြတော့ သူတို့အားလုံး ကြေကွဲဝမ်းနည်းကြရပါတယ်။
ကျွန်တော်ထောင်ကလွတ်တဲ့ ၁၉၉၃ ခုနှစ် ဇူလိုင်လကနေ စင်ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွာတဲ့အချိန် ၁၉၉၅ ခုနှစ် မတ်လထိ အမေဒေါ်လှကြည် (၂) ရဲ့ သင်္ဃန်းကျွန်း၊ ဝေဇယန္တာလမ်းမပေါ်က အိမ်ကလေးဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ် ဖြစ်ခဲ့ပါတယ်။ အဘဦးသက်ညွန့်ကတော့ သူ့သားကို လွမ်းတဲ့စိတ်နဲ့ အခန်းကျဉ်းကျဉ်းကလေးထဲမှာ ပန်းချီကားတွေပဲ ဆက်တိုက်ရေးဆွဲနေပါတယ်။ အမေဒေါ်လှကြည် (၂) ကတော့ မင်းကိုနိုင် အဖမ်းခံရတဲ့ အချိန်ကစလို့ ယောဂီဝတ်စုံကိုပဲ ၀တ်ပါတော့တယ်၊ တရားစခန်း မကြာခဏ ၀င်ပါတယ်။ သူ့သားသူ့ကိုမြင်ရင် ၀မ်းနည်းပြီး စိတ်ဓာတ်ပျော့မှာစိုးလို့ ထောင်ဝင်စာ ဘယ်တော့မှ လိုက်မတွေ့ပါ။ မင်းကိုနိုင်အတွက် ထောင်ဝင်စာကိုတော့ ဒေါ်လှကြည်သုံးယောက် စုပေါင်းချက်ပြုတ်ကြပြီး မကြီး၊ မငယ်၊ မီးငယ်တို့ ညီအစ်မတွေက အလှည့်ကျ ထောင်ဝင်စာ သွားတွေ့ကြပါတယ်။
ကျွန်တော့်လိုပဲ ကိုသူရကလည်း ထောင်ကလွတ်လာပြီးတဲ့နောက် အမေဒေါ်လှကြည် (၂) ရဲ့အိမ်ကို ရောက်လာပါတယ်။ သူက မင်းကိုနိုင်နဲ့ အင်းစိန်ထောင်၊ အထူးတိုက်မှာ အချိန်အတော်ကြာကြာ အတူနေခဲ့ရလို့ သူ့မှာမင်းကိုနိုင်အကြောင်းတွေ ပြန်ပြောစရာတွေ အများကြီး ပါလာခဲ့ပါတယ်။ မင်းကိုနိုင်ထောင်ထဲမှာ ရေးစပ်တဲ့ သီချင်းတွေ၊ ကဗျာတွေကိုလဲ သူက နှုတ်တိုက် ကျက်မှတ်လာခဲ့ပြီး ပြန်ရွတ်ပြတော့ ဒေါ်လှကြည် (၂) မျက်ရည်ကျရပါတယ်။ ကိုသူရ အနုပညာလုပ်ငန်းတွေ ပြန်လုပ်တော့ မင်းကိုနိုင် ထောင်ထဲမှာ နှုတ်နဲ့ဖန်တီးခဲ့တဲ့ တ္ထုဇာတ်လမ်းအချို့ကို ဗီဒီယိုဇာတ်လမ်းအဖြစ် အသက်သွင်းခဲ့ပါသေးတယ်။
ကျွန်တော် စင်ကာပူကို မထွက်ခွာခင်မှာ အဘဦးသက်ညွန့်ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲတစ်ခုကို စီစဉ်ကျင်းပပေးခဲ့ပါတယ်။ အန်ကယ်ဦးဝင်းနိုင် (အမျိုးသားရေး ဦးဝင်းနိုင်) က ရွှေတောင်ကြားက သူ့အိမ်မှာ ပန်းချီပြပွဲ လုပ်ခွင့်ပေးပါတယ်။ ပန်းချီကို ၀သုန်၊ ကိုတင်မောင်ဝင်း၊ မသိင်္ဂီ၊ မစန်းစန်းတင်၊ ရန်မျိုးသိမ်း၊ ချိုချိုထွန်းငြိမ်း၊ ဥမ္မာနဲ့ရွှေဘုန်းလူတို့ ၀ိုင်းဝန်းကူညီကြပါတယ်။ မင်းကိုနိုင်ကို ချစ်ခင်သူတွေနဲ့ သံရုံးတချို့က သံတမန်တွေ လာရောက်ကြည့်ရှူကြပေမယ့် ကျွန်တော်မျှော်လင့်သလောက် ပန်းချီကား များများ မရောင်းရပါ။ အစိုးရဘက်က ဖိအားပေးလို့ ပန်းချီ၊ ပန်းပုကောင်စီကနေ ဒီပြပွဲကို အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ပေးပါတယ်။ အဲဒီအချိန်က ပန်းချီပြပွဲ လုပ်မယ်ဆိုရင် ပန်းချီ၊ ပန်းပုကောင်စီ (ရိုးရာပန်းပညာရှင်များ အစည်းအရုံးလို့ ခေါ်တယ်ထင်ပါတယ်) ကို ခွင့်ပြုချက် တောင်းရပါတယ်။ ပြပွဲမစခင် ကောင်စီလူကြီးတွေက ခင်းကျင်းပြသထားတဲ့ ပန်းချီကားတွေကို လာရောက်စစ်ဆေးပြီး သူတို့မကြိုက်တဲ့ကားကို ဖြုတ်ခိုင်းတတ်ပါတယ်။ ဆင်ဆာလုပ်တာပါ။ သူတို့ခွင့်ပြုမှ ပြပွဲပြခွင့် ရှိပါတယ်။ ကျွန်တော်က ဒီပြပွဲအတွက် ဘယ်သူ့ထံမှာမှ ခွင့်ပြုချက် မတောင်းခဲ့ပါ။ ဒီတော့ အဘဦးသက်ညွန့်ကို ပန်းချီပန်းပုကောင်စီကနေ "ဘာကြောင့် ဒီပြပွဲလုပ်ဖို့ ခွင့်ပြုချက် မတောင်းရသလဲ" ဆိုပြီး ဖုန်းဆက်မေးပါတယ်။ အဘကတော့ "ဒါပန်းချီပြခန်းမှာ လုပ်တဲ့ပြပွဲ မဟုတ်ဘူး၊ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာ လုပ်တဲ့ ပန်းချီကား ရောင်းပွဲ၊ ဒါကြောင့် ခွင့်ပြုချက် တောင်းစရာ မလိုဘူး" လို့ ပြန်ဖြေလိုက်ပါတယ်၊ အိမ်ရှင်ဦးဝင်းနိုင်ကိုလဲ မြို့နယ် အာဏာပိုင်နဲ့ ထောက်လှမ်းရေးက "ခင်ဗျားအိမ်မှာ မင်းကိုနိုင်ရဲ့အဖေနဲ့ အောင်ဒင်ကို ဘာကြောင့်လက်ခံ ထားတာလဲ" လို့ လှမ်းမေးပါသေးတယ်၊ ဦးဝင်းနိုင်ကလဲ "ကျုပ်အိမ်မှာ ကျုပ်ဘယ်သူ့ကို လက်ခံလက်ခံ ခင်ဗျားတို့နဲ့ ဘာဆိုင်သလဲ" လို့ ဘုပြန်တောလိုက်ပါတယ်။
ပြပွဲနောက်ဆုံးနေ့က ကားတစ်စီးငှားလို့ ပန်းချီကားတွေကို သိမ်းဆည်းပြီး အိမ်ပြန်အရောက်မှာ ကျွန်တော့်မျက်နှာ မကောင်းလို့ အမေဒေါ်လှကြည် (၂)က "သား၊ နေမကောင်းဘူးလား" လို့ မေးပါတယ်။ ကျွန်တော်က "အမေရယ်၊ ကျွန်တော်က ဒီ့ထက်မက ရောင်းရလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ အခုတော့ ကျွန်တော်အဘနဲ့ အမေကို မျက်နှာပူလို့ပါ" လို့ ဖြေလိုက်တော့ အမေက ရယ်ပါတယ်၊ "ဘာလို့ စိတ်မကောင်း ဖြစ်ရတာလဲ သားရယ်၊ အခုရတဲ့ငွေတောင် ဒီပြပွဲကို သားစီစဉ်မပေးရင် အမေတို့ရမှာမှ မဟုတ်တာ၊ အမေတို့က သားကို အရမ်းကျေးဇူးတင်နေရတာပါ" လို့လည်း ပြောပါသေးတယ်။ ပြီးတော့ ကျွန်တော့်ကို ပိုက်ဆံထုပ်ထဲက ကျပ်နှစ်သောင်း ထုတ်ပေးပါတယ်။ "သားစင်ကာပူသွားဖို့ကိစ္စ ပိုက်ဆံလိုလိမ့်မယ်၊ ယူသွားပြီး နောက်သားအဆင်ပြေမှ ပြန်ပေး" လို့ ပြောပါတယ်။ ကျွန်တော်လည်း အင်မတန် အံ့သြကြည်နူးရပါတယ်။ တကယ်လည်း စင်ကာပူသွားဖို့အတွက် ပိုက်ဆံလိုနေတာပါ။ မငြင်းဆန်ဘဲ ယူလိုက်ရပါတယ်။ တော်ပါသေးတယ်၊ စင်ကာပူရောက်ပြီး နှစ်လအကြာမှာ အမေ့ပိုက်ဆံကို ကျွန်တော် ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်။

ဒေါ်လှကြည် (၃)
ဒေါ်လှကြည် (၃) ကတော့ ကျွန်တော့်မိခင်ကြီးပါ။ ကျွန်တော့်အဖေ ဦးကျော်ရှိန်၊ ကိုသူရအဖေ အဘနန်းနဲ့ မင်းကိုနိုင်အဖေ အဘဦးသက်ညွန့်တို့ အဖေကြီးသုံးယောက်က အသက်မတိမ်းမယိမ်း ရှိကြပေမည့် ဒေါ်လှကြည်သုံးယောက်မှာတော့ ကျွန်တော့်အမေ ဒေါ်လှကြည် (၃)က အငယ်ဆုံး ဖြစ်ပါတယ်။ ဖေဖေက အသက်ကြီးမှ အိမ်ထောင်ကျတာဖြစ်ပြီး မေမေက ဖေဖေ့ထက် အသက် ၂၀ လောက် ငယ်လို့ပါ။ ဒါပေမဲ့ အမေသုံးယောက်ထဲမှာ ဒေါ်လှကြည် (၃) ဟာ လောကဓံတရားကို အဆိုးရွားဆုံး ခံစားခဲ့ရသူတစ်ယောက် ဖြစ်မယ်ထင်ပါတယ်။
မေမေက ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်အပိုင် ကျူံမငေးဆိုတဲ့ မြို့ကလေး ဇာတိပါ။ သူကလေးဘ၀မှာပဲ သူ့အမေ ဆုံးပါးခဲ့ပါတယ်။ အဲဒီတုန်းက မြစ်ဝကျွန်းပေါ် ဒေသမှာ တိုက်ခိုက်နေတဲ့ သူပုန်တပ်ဖွဲ့တစ်ဖွဲ့က မေမေ့အမေ (ကျွန်တော့်အဘွားနဲ့) သားသမီးနှစ်ယောက် (မေမေနဲ့မေမေ့မောင်လေး) ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့အင်မတန် မုန်းတဲ့ ကျွန်တော့်အဘိုး၊ စစ်ရဲတပ်ရင်း အမှတ် (၂၂) ရဲ့ တပ်ရင်းမှူး ဗိုလ်ကြီးသန်းတင်ကို မုန်းတီးလွန်းလို့ ကလဲ့စားချေဖို့ပါ။ မေမေက အဲဒီအချိန်က အသက်လေးနှစ်အရွယ်ဖြစ်ပြီး မေမေ့မောင်လေးက လသားကလေးပဲ ရှိပါသေးတယ်။ ပထမဆုံး မေမေ့အမေကို သူပုန်တွေက သတ်ပစ်လိုက်ပါတယ်။ ဒုတိယနေ့မှာ မေမေ့မောင်ကလေးကို သတ်လိုက်ပြန်ပါတယ်။ နှစ်ယောက်စလုံးကို မေမေ့ရှေ့မှာပဲ သတ်တာပါ။ သတ်ပုံသတ်နည်းကလဲ အင်မတန် ကြမ်းကြုတ် ရက်စက်လွန်းလို့ ဒီစာစုမှာ မဖော်ပြချင်ပါ။ နောက်တစ်ရက် မေမေ့ကို သတ်တော့မည့်အလှည့် မရောက်ခင်မှာ သူပုန်တပ်ထဲက စာနာတတ်တဲ့ အဘိုးကြီးတစ်ယောက်က အမေ့ကိုကယ်တင်ပြီး လှေကလေးတစ်စီးနဲ့ ထွက်ပြေးခဲ့ကြပါတယ်။ ချောင်းကြိုချောင်းကြားမှာ ငါးရက်လောက် ခိုးချောင်ခိုးဝှက် လှော်ခတ်ပြီးမှပဲ အဘိုးရှိရာ တပ်စခန်းကိုရောက်ပြီး ဒေါ်လှကြည် (၃) တစ်ယောက် အသက်ဘေးက လွတ်မြောက်ရပါတယ်။ ဒါပေမဲ့ သူ့အမေနဲ့ သူ့မောင်လေး သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတာကို သူ့ဦးနှောက်ထဲက သူ့နှလုံးသားထဲက ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတော့ပါ။
ကျွန်တော့်အဘိုးက နောက်အိမ်ထောင် ပြုတဲ့အတွက်ကြောင့် မေမေ ဟာသူ့အဘိုး၊ အဘွားများနဲ့ ကြီးဒေါ်များရဲ့ လက်ထဲမှာ ကျုံမငေးမြို့မှာ ကြီးပြင်းရှင်သန်ခဲ့ရတာပါ။ ဖေဖေနဲ့ လက်ထပ်ပြီးမှပဲ ရန်ကုန်ကို ရောက်ပါတယ်။ အဘိုးလည်း နောက်အိမ်ထောင်နဲ့ သားတစ်ယောက်မွေးဖွားပြီး သိပ်မကြာခင် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ တိုက်ပွဲကျခဲ့ပါတယ်။ မေမေဟာ ခင်ပွန်းသည်နဲ့ သားသမီးတွေကို ချစ်စိတ်ကြီးတဲ့ သာမန်အမျိုးသမီးကြီး တစ်ယောက်ပါ။ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံတွေကို ကောင်းကောင်းနားလည်ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘကို ဆုံးရှုံးခဲ့ရလို့ မိသားစုဘ၀ကို အလွန်မြတ်နိုးပါတယ်။ နိုင်ငံရေးဆိုတာကို နားမလည်ပေမယ့် မတရားမှု မှန်သမျှကို ဆန့်ကျင်ပါတယ်။ ခင်ပွန်းသည်နဲ့ သားသမီးများရဲ့ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ လှုပ်ရှားမှုတွေကို အားပေးထောက်ခံပါတယ်။ ကျွန်တော် အဖမ်းခံရလို့ အင်းစိန်ထောင်ထဲ ရောက်ချိန်မှာ လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကနေ မေမေပို့လိုက်တဲ့ သတင်းစကားက "အကြီးကောင်ကြီး၊ လက်မှတ်ထိုးပြီး ထွက်မလာနဲ့နော်" တဲ့၊ အမေများနဲ့ သားများ ဒီအမေတွေကြောင့် ဒီသားတွေ လူလားမြောက်ခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ဒီသားတွေ လူ့လောကအကျိုး တစ်စုံတစ်ရာ စွမ်းဆောင်နိုင်ခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော်တို့တွေ တော်လှန်ရေးဆိုတဲ့ အန္တရယ်ကြီးမားတဲ့လမ်းကို လျှောက်လှမ်းရဲခဲ့ကြတာပါ။ ဒီအမေကြီးတွေရဲ့ ယုံကြည်မှုနဲ့ ကျွန်တော်တို့တွေ အကျဉ်းထောင်ထဲမှာ မယိမ်းမယိုင် ကြံ့ခိုင်ခဲ့ကြတာပါ။ ဒေါ်လှကြည်သုံးယောက်လို မိခင်တွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများကြီး ရှိနေတာက ကျွန်တော်တို့အားလုံးအတွက် မင်္ဂလာတစ်ပါးပါပဲ။
အခုတော့ အမေကြီးသုံးယောက်မှာ ဒေါ်လှကြည် (၁) က ၂၀၀၉ ခုနှစ်ကို သူရအကျဉ်းထောင်ထဲ ရှိနေစဉ်မှာပဲ ဆုံးပါးသွားခဲ့ပါပြီ။ ဒေါ်လှကြည် (၂)နဲ့ ဒေါ်လှကြည် (၃)တို့ပဲ ကျန်ပါတော့တယ်။ သားတွေအားလုံး အကျဉ်းထောင်က လွတ်ခဲ့ကြပြီဖြစ်ပေမယ့် ဒေါ်လှကြည် (၁)ရဲ့သား ကိုဝဏ္ဏနဲ့ ဒေါ်လှကြည် (၃)ရဲ့သား ရွှေဘုန်းလူ(ခေါ်) တာရာမင်းဝေတို့ ဆုံးပါးသွားကြပါပြီ။ ကျန်တဲ့သား သုံးယောက်ဖြစ်တဲ့ ကိုသူရ၊ မင်းကိုနိုင်နဲ့ ကျွန်တော်တို့မှာ ကျွန်တော်က အားလုံးနဲ့ မိုင်ပေါင်းထောင်ပေါင်းများစွာ ဝေးကွာတဲ့ အမေရိကန် ပြည်ထောင်စုမှာပါ။ ကျန်နေသေးတဲ့ အမေကြီးနှစ်ယောက်ကို အဝေးကနေ ကန်တော့ရင်း သူတို့ကို လူကိုယ်တိုင် ပြန်ဆုံဦးခိုက်နိုင်မည့် အချိန်ကိုပဲ မျှော်လင့်နေမိပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ