ရဲကားတစ်စီးပေါ်မှ အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးများ တွေ့ရှိ

hnm | 日曜日, 6月 09, 2013 |




စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကိုင်းကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသော ရဲကားပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးပစ္စည်း များကို ဖမ်းဆီးရမိကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးသန်းက ပြောကြားသည်။

တမူးမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ရဲတပ်ကြပ်ကြီး မျိုးသန့် မောင်းနှင်လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ တမူးခရိုင် ရဲတပ်ဖွဲ့ပိုင် ဟိုင်းလပ်ယာဉ်အပြာရောင် (ယာဉ်အမှတ်-၇ခ/၁၆၃၅) ပေါ်မှ အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ အိမ်သုံးဆေးဝါးများဖြစ်သော OXYPED တံဆိပ်ပါ အစာအိမ်ဆေးပြား ၂၃၀၄ ဘူး (ခြောက်ဖာ)ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ယင်းအပြင် ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသော Super Custom ယာဉ် (ယာဉ်အမှတ်-၈ဈ/၂၀၆၄) သည် ကလေးဝဆိပ်ကမ်း၊ ကူးတို့မှတစ်ဆင့် ကိုင်းကျေးရွာဘက်သို့ ဖြတ်ကူးစဉ် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကားများပေါ်မှ သင်းခွေချပ်အရေခွံ အစိုကိုးအိတ်၊ အလေးချိန် ၄၅ ပိဿာနှင့် တံဆိပ်ပါ မျက်စဉ်းခပ်ဆေးရည်ဆေး ၁၄ ဖာတို့ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအမှုများအတွက် ကလေးဝမြို့ နယ် အကောက်ခွန်ဦးစီးဌာနက တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်း၊ လိုင်စင်မဲ့ အိမ်သုံး ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

မြတ် (ကလေး) 

The Voice Weekly

Category: ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ