ကျွန်မ သိမီခဲ့တဲ့ သမ၀ါယမ

အရစ်ကျစနစ်ဖြင့် ၀ယ်ယူသော အနှေးယာဉ်ဆိုက်ကားကို သယ်ဆောင်လာသည့် အနှေးယာဉ် လုပ်သားတစ်ဦးအား ဇွန် ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ) ဇော်ဇော်အောင်
ဇွန် ၂ ရက်နေ့က သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကျေးလက်ဒေသနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးပွဲမှာ သမ္မတနဲ့ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းပြောတဲ့ ၀ိုင်းကြီးချုပ် စနစ်ဆိုတာတွေ သမ၀ါယမစနစ်နဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်မယ် ဆိုတာတွေကို ဖတ်ရတော့ စိတ်ထဲမှာ ငယ်ဘ၀က ဒုက္ခတွေကိုတောင် ပြန်မြင်မိသလို ခံစားရပါတယ်။
ကျွန်မကို မွေးဖွားခဲ့တဲ့ အချိန်က မြန်မာပြည်ကြီးကို ဆိုရှယ်လစ်စနစ်နဲ့ မောင်းနှင်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တွေဟာ ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်တွေ အဖြစ်နဲ့ သမဆိုင်တွေမှာ တန်းစီနေကြရတာပါ။ ဒါကြောင့် သမ၀ါယမရဲ့ အနက်အဓိပ္ပာယ်ကို လမ်းစဉ်ပါတီက ဖော်ဆောင်ခဲ့တဲ့ အတိုင်းပဲ နားလည်ပါတယ်။
ကျွန်မတို့ ငယ်စဉ်ခေတ်က ပြည်သူတွေဟာ သမဆိုင်တွေကပေးတဲ့ ဆန်တွေကိုပဲ စားကြရပါတယ်။ အပြင်မှာ ဆန်ဝယ်စားလို့ မရပါဘူး။ ဆန်လိုပစ္စည်းမျိုး အပြင်မှာရောင်းရင် ရာဇ၀တ်မှု မြောက်ပါတယ်။ နောက်ပြီး ဆန်ကို နယ်ကျော်သယ်ခွင့်တောင် မပြုပါဘူး။ ဧရာဝတီတိုင်းကဆန်ကို ရန်ကုန်တိုင်းမှာ စားဖို့အတွက် နည်းနည်းပါးပါးလေးတောင် သယ်ခွင့်မပြုပါဘူး။ ဒါကြောင့် ပုသိမ်ပေါ်ဆန်းမွှေးဆိုတာ နာမည်ကို ကြားသာကြားဖူးပြီး မစားဘူးတဲ့လူတွေ တော်တော်များပါတယ်။ သမ၀ါယမကပေးတဲ့ ဆန်ဆိုတာကလည်း ဆန်ကွဲရယ်၊ ဖွဲရယ်၊ စပါးလုံးရယ်က ဆန်တစ်ပြည်မှာ သုံးပုံပုံတစ်ပုံလောက်တော့ ပါပါတယ်။ တစ်ခါတလေ အမေက ဆန်ရွေးခိုင်းရင် ကျွန်မတို့ ညီအစ်မတွေက ''ရွေးကောက်ပွဲ'' ကျင်းပမယ်ဟေ့ လာကြဆိုပြီး အချင်းချင်း ခေါ်ကြတဲ့ အထိပါပဲ။
ရပ်ကွက်ထဲမှာ နေတဲ့လူတွေကို သန်းခေါင်စာရင်း တစ်ခုအတွက် ဆီစာအုပ်တစ်အုပ် ပေးပါတယ်။ လူဘယ်နှယောက်ရှိရှိ ဆီစာအုပ်ကတော့ တစ်အုပ်ပါပဲ။ လူဦးရေ အချိုးအစားအရတော့ ရတဲ့ Quota နဲ့ ခွဲဝေပါတယ်။ သမဆိုင်က တစ်ပတ်စာ တစ်ခါ ဆန်ပေးပါတယ်။ အများအားဖြင့် စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာ ပေးလေ့ရှိပါတယ်။ ကျွန်မတို့နေတဲ့ရပ်ကွက်က အစိုးရ ၀န်ထမ်းတွေများလို့ ဒီနေရာမှာ ၀န်ထမ်းတွေ အများစုနေတာဖြစ်လို့ ၀န်ထမ်းတွေအတွက် ရုံးပိတ်ရက်ဟာ တန်ဖိုးရှိပါတယ်။ သမဆိုင်မှာ ဆန်တန်းစီတယ် ဆိုတာကလည်း နေ့ဝက်လောက်နီးပါး အချိန်ကုန်တဲ့ အလုပ်ပါ၊ နံနက် ၉ နာရီ သမဆိုင် ဖွင့်တယ်ဆိုရင် နံနက် ၇ နာရီဝန်းကျင်ကတည်းက သမဆိုင်ရှေ့မှာ ဆီစာအုပ်ထပ်ရပါတယ်။ နံနက် ၉ နာရီမှာ သမဆိုင်က အရောင်းစာရေးမ ရောက်လာပါတယ်။ သူရောက်တာနဲ့ မပြီးသေးပါဘူး၊ ဆန်ချိန်ပေးမယ့် ၀န်ထမ်းကိုပါ ထပ်စောင့်ရပါတယ်။ ဆန်ချိန်မယ့် ၀န်ထမ်းပါ ရောက်လာပြီဆိုတော့မှ ဆန်စရောင်းပေးဖို့အတွက် ပြင်ဆင်ပါတယ်။ အဲဒီ့ခေတ်က သမဆိုင်ဝန်ထမ်းတွေရဲ့ မျက်နှာက ခပ်မာမာပါပဲ။ တစ်ရပ်ကွက်လုံးက သူ့ကိုမျက်နှာချို သွေးရပါတယ်။ သူနဲ့ မကြည်ရင် မကြည်သလို ပညာပြခွင့်လည်း ရှိနေပါတယ်။
ကျွန်မတို့ရပ်ကွက်က လူကြီးတွေက တော်ရုံနဲ့ သမဆိုင်မှာ အချိန်ကုန် မခံတော့ပါဘူး။ အိမ်မှာရှိတဲ့ ကလေးကို ဆီစာအုပ်ရယ်၊ ကျသင့်ငွေရယ်ကို ပေးလိုက်ပြီး ဆန်ထုတ်ခိုင်းလိုက်ပါတယ်။ ဆန်ထုတ်ပြီးပြီ ဆိုရင်တော့ သမဆိုင်ရှေ့က ဆိုက်ကားကိုခေါ်ပြီး အိမ်ပြန်လာလိုက်ရုံပါပဲ၊ အိမ်မှာ အသက် ၁၀ နှစ်လောက် ကလေးရှိရင် ခိုင်းလို့ရပါပြီ။ အဲဒီ့အရွယ် ကလေးမရှိသူတွေ အတွက် နောက်တစ်မျိုး ရှိပါသေးတယ်။ ဆန်မှောင်ခို ထုတ်ပေးတဲ့ လူတွေပါ၊ သူတို့ကို ပိုက်ဆံပေးရင်လည်း ထုတ်ခိုင်းလို့ ရပါတယ်။ အဲဒီ့နည်းက နည်းနည်းပိုက်ဆံ ပိုကုန်ပေမယ့် ဆန်ကောင်းကောင်းတော့ ရပါတယ်။ ဆန်မှောင်ခို ထုတ်သူတွေက သမဆိုင်ဝန်ထမ်းတွေကို ပေါင်းထားရပါတယ်။ သူတို့ရတဲ့ငွေထဲက သမဆိုင်ဝန်ထမ်းကိုလည်း ပြန်ခွဲပေးရပါတယ်။ ဒါကြောင့် သမဆိုင်ဝန်ထမ်းတွေဆီက အများပြည်သူ မရတဲ့ အခွင့်အရေးတွေကို ဆန်မှောင်ခိုတွေ ရပါတယ်။
မဲနှိုက်ရမယ့် ပစ္စည်းတွေထဲကမှ အကောင်းဆုံး ဆိုတာတွေကို ဥက္ကဋ္ဌပေါက်ပါတယ်၊ နောက်ထပ်ကောင်းတဲ့ ပစ္စည်းတွေကို သမ၀ါယမအဖွဲ့တွေ ပေါက်ပါတယ်။ သူတို့မလိုချင်တာတွေကို ပြည်သူတွေ ရပါတယ်။ ဒါကြောင့် ဘယ်သူကမှ အပင်ပန်းခံပြီး မဲမနှိုက်တော့ပါဘူး။ |
ကျွန်မသိသလောက်ကတော့ အစိုးရထံမှ သမ၀န်ကြီးဌာနကို ချပေးတဲ့ မူရင်းဆန်တွေမှာ အဲဒီလောက် ဆန်ကွဲနဲ့ စပါးလုံး မများပါဘူး။ ဆန်အိတ်တွေ ရန်ကုန်တိုင်း သမကို ရောက်တာနဲ့ ရန်ကုန်တိုင်းသမက ဆန်အိတ်တွေနဲ့ ဆန်ကွဲအိတ်တချို့ ရောလိုက်ပါတယ်။ ပိုထွက်လာတဲ့ ဆန်အိတ် အရေအတွက်ဟာ သမ၀န်ထမ်းတွေရဲ့ အပိုဝင်ငွေ ဖြစ်သွားပါတယ်။ ဆန်ကွဲရောပြီးသား ဆန်အိတ်တွေ မြို့နယ်ကိုရောက်တော့ မြို့နယ်သမ ၀န်ထမ်းတွေက ဆန်ကွဲတွေ၊ စပါးလုံးတွေ ထပ်ရောပါတယ်။ မြို့နယ်ကနေ ရပ်ကွက်တွေ ရောက်တော့လည်း ထပ်ရောတာပါပဲ၊ နောက်ဆုံးစားသုံးသူ လက်ထဲလည်း ရောက်ရော ဆန်နဲ့ဆန်ကွဲ သုံးပုံတစ်ပုံလောက် ဖြစ်သွားတာ မဆန်းပါဘူး။
အဲဒီ့ခေတ်က လူတွေဟာ သမဆိုင်တွေကိုပဲ မှီခိုနေရတာပါ။ သမဆိုင်ကနေ ဆီပေးတယ်၊ ဆပ်ပြာပေးတယ်၊ အစိုးရက ဘယ်လိုဝေပုံချတယ်ရယ်လို့ စားသုံးသူတွေ မသိရပေမယ့် စားသုံးသူတွေရဲ့ လက်ထဲကို ရောက်တဲ့အချိန်မှာ အားလုံးဟာ မလောက်မင ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စားသုံးသူတွေဟာ ဈေးကွက်ထဲကို ရောက်လာတဲ့ သမဆိုင်တွေက မှောင်ခိုထုတ်ထားတဲ့ ဒီပစ္စည်းတွေကိုပဲ ဈေးနှစ်ဆပေးပြီး ၀ယ်ယူသုံးစွဲကြရ ပြန်ပါတယ်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းနှစ်တွေရောက်တော့ သမဆိုင်တွေက ပေးနေကျ ရွှေဝါဆပ်ပြာအစား ကင်ပွန်းသီး ဆပ်ပြာလို့ခေါ်တဲ့ ဆပ်ပြာအမည်းတွေကို ပေးပါတယ်။ အဲဒီ့ဆပ်ပြာတွေက ရေထိတာနဲ့ နူးသွားပြီး အ၀တ်လျှော်လို့ မရတော့ပါဘူး။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ ရွှေဝါဆပ်ပြာတွေ လှိုင်လှိုင်ထွက်နေပါတယ်။ ဟိုးအရင်က ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ သမဆိုင်က မှောင်ခိုတွေ ခပ်စွာစွာ ခပ်ကျယ်ကျယ်နဲ့ နေနိုင်ပါတယ်။
ဆိုရှယ်လစ်ခေတ်မှာ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပါတယ်။ ရှားပါးတဲ့ လူသုံးကုန် ပစ္စည်းတွေကို သမဆိုင်ကနေ ရံဖန်ရံခါ မဲနှိုက်ရတတ်ပါတယ်။ တစ်နှစ်မှာ ၄၊ ၅ ကြိမ်လောက်တော့ မဲနှိုက်ရတာပေါ့။ မဲနှိုက်တိုင်းလည်း ကလေးတွေကိုပဲ လွှတ်ကြပါတယ်။ လူကြီးတွေက အားလုံးနားလည် ပြီးသားပါ၊ မဲနှိုက်ရမယ့် ပစ္စည်းတွေထဲကမှ အကောင်းဆုံး ဆိုတာတွေကို ဥက္ကဋ္ဌပေါက်ပါတယ်၊ နောက်ထပ်ကောင်းတဲ့ ပစ္စည်းတွေကို သမ၀ါယမအဖွဲ့တွေ ပေါက်ပါတယ်။ သူတို့မလိုချင်တာတွေကို ပြည်သူတွေ ရပါတယ်။ ဒါကြောင့် ဘယ်သူကမှ အပင်ပန်းခံပြီး မဲမနှိုက်တော့ပါဘူး။ ကလေးတွေကို လွှတ်တဲ့လူတွေက လွှတ်ပြီး မလွှတ်တဲ့ လူတွေကတော့ နောက်ဆုံးကျန်လို့ သမကပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ပဲ ကျေနပ်လိုက်တာပါပဲ။
နောက်ထပ်တစ်ခုကတော့ နှစ်စဉ်နှစ်တိုင်း ငွေစာရင်း ရှင်းတဲ့ပွဲပါပဲ။ အဲဒီ့ပွဲကိုလည်း ထုံးစံအတိုင်း လူကြီးတွေ မတက်ပါဘူး။ အိမ်မှာရှိတဲ့ ကလေးတွေကိုပဲ သွားခိုင်းလိုက်တာပါပဲ။ ပွဲစီစဉ်ထားတဲ့ နေရာကို ကလေးတွေ ရောက်လာပြီဆိုရင် ဥက္ကဋ္ဌက ကလေးတွေကို လက်ဖက်ရည်နဲ့ စမူဆာ ကျွေးပါတယ်၊ ပြီးရင်တော့ ထောက်ခံလားလို့မေးရင် ထောက်ခံပါတယ်လို့ ဖြေရမည်နော်ဆိုပြီး ကြိုတင်ပြောသွားပါတယ်။ တစ်ခါတစ်ရံ နည်းနည်းပါးပါးရစ်တဲ့ ကလေးတွေက ဒါဆိုရင် စမူဆာပိုကျွေးတို့ဘာတို့ လုပ်တတ်ပါသေးတယ်။ အဲဒီ့ အချိန်မှာတော့ ဥက္ကဋ္ဌဟာ အလွန်စိတ်ရှည်၊ သည်းခံပြီး ကလေးတွေ တောင်းဆိုသလို မုန့်ထပ်ကျွေး တတ်ပါတယ်။ ဒါမှလည်း ကလေးတွေက ထောက်ခံမှာကိုး။ ပြီးရင်တော့ အသင်းဝင်တွေရဲ့ အမြတ်ငွေနဲ့ ၀ယ်ထားတယ်လို့ပြောတဲ့ ဆပ်ပြာပိုင်းတွေကိုလည်း ပေးလိုက်ပါတယ်။ ကျွန်မမှတ်မိသမျှ ဘယ်သူကမှ ရှာရှာဖွေဖွေ ငွေစာရင်း တောင်းကြည့်တာမျိုး မလုပ်ပါဘူး။ လုပ်လို့လည်း အကျိုးမထူးလှဘူး ထင်လို့နေမှာပါ။
ဒါပေမဲ့ သမ၀ါယမဆိုင်တွေရဲ့ ထူးခြားချက်ကတော့ ဘဏ္ဍာနှစ်ကုန်လို့ စာရင်းစစ်တွေ ၀င်တော့မယ့် မတ်လဆိုရင်တော့ မီးလောင်တတ်ပါတယ်။ တစ်ခါတစ်ရံ မီးက စာအုပ်စာတမ်းတွေကိုပဲ လောင်တတ်ပါတယ်။ ဒီလိုနဲ့ သမ၀ါယမမှာ နေရာရတဲ့ လူတွေဟာ သူ့အလိုလိုနေရင်းက စီးပွားတွေ တက်ကြပါတယ်။ သမဥက္ကဋ္ဌလုပ်သူတွေက ဖယ်မီလီယာကားတွေ စီးသွားကြပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေက သမ၀ါယမကို အယုံအကြည် မရှိတာပါ။
သမ္မတကရော၊ သမ၀န်ကြီးကပါ သမ၀ါယမ မအောင်မြင်ရတာ စနစ်ကြောင့် မဟုတ်ဘူး လူကြောင့်လို့ ဆိုပါတယ်။ ကျွန်မ ဖြတ်သန်းခဲ့တဲ့ ခေတ်တွေထဲမှာ ဆိုရှယ်လစ်စနစ်ထက် စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်မှာ အဂတိတရားတွေ၊ ဘက်လိုက်မှုတွေ ပိုများခဲ့တာ သေချာပါတယ်။ အခုအချိန်မှာ သမ၀ါယမကို ပုံဖော်နေတဲ့ လူတွေဟာ အရင်ခေတ်က လူအချို့ ပါနေတာပဲမို့လို့ သမ၀ါယမစနစ်ကို ပြန်အသက်သွင်းတဲ့ အခါမှာ မအောင်မြင်မှာကို စိုးရိမ်မိပါတယ်။ ဆင်းရဲမွဲတေမှုကို ကျွန်မတို့လဲ လျော့နည်းစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အိမ် ရှေ့ကပူရင် အိမ်နောက်ကတော့ မချမ်းသာပါဘူး။ ဇွန်လ ၂ ရက်နေ့ နောက်ပိုင်းကတည်းက ကျွန်မတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရတော့ သမ၀ါယမစနစ် ပြန်လည်အသက်သွင်းချိန်မှာ ဘယ်သူတွေ ချမ်းသာသွားမလဲ ဆိုတာကိုတော့ အရမ်း စိတ်ဝင်စားနေပါတယ်။
Category:



