အစွဲကင်းဖို့ လိုပါတယ်
မိမိရဲ့ ကလောင်တစ်ချောင်းဟာ ဘ၀တစ်ခုကို ပျက်စေတတ်သလို ကုမ္ပဏီတွေ အဖွဲ့အစည်းတွေကိုလည်း ဆုံးရှုံးစေတတ်တယ်။
အကြောင်းအရာလေး တစ်ခု သို့မဟုတ် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။
တစ်ခါက သတင်းထောက် တစ်ယောက်ရှိတယ်။ သူဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ရောက်ရှိသွားတယ်။ သတင်းထောက်ဟာ အဲဒီဆောက်လုပ်ရေး လုပ်ငန်းခွင်မှာရှိတဲ့ လုပ်သားတွေရဲ့ ဘ၀နဲ့ သူတို့ရဲ့ လိုအပ်တာတွေကို လေ့လာပြီး သတင်းရေးဖို့ မေးမြန်းတာ ဖြစ်တယ်။
သူဟာ ပထမ အုတ်စီသမား တစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းတယ်။
"ဆောက်လုပ်ရေး လုပ်ငန်းမှာ အုတ်စီသမားအဖြစ် တာဝန်ထမ်းဆောင်ရတာ ဘယ်လိုခံစားရလဲ"
"ဘယ်လိုခံစားရသလဲ ဟုတ်လား။ ငရဲကို ရောက်နေသလိုပေါ့ဗျာ"
"ခင်ဗျာ"
"ကျွန်တော်တို့ဟာ လခနည်းတယ်။ နေပူမိုးရွာထဲမှာ အလုပ်လုပ်ရတယ်။ လက်တွေလည်း ပေကျံကုန်တယ်"
"ဟုတ်ကဲ့"
"အမြင့်တွေမှာ အလုပ်လုပ်ရတာ အန္တရာယ်ရှိတယ်။ တစ်ခါတစ်ခါ ပြုတ်ကျလို့သေတဲ့ အုတ်စီသမားတွေလည်း ရှိတယ်"
သတင်းထောက်ဟာ စိတ်မကောင်း ဖြစ်သွားတယ်။ သူတိုရဲ့ အလုပ်ချိန် စည်းမျဉ်းတွေကို မေးတယ်။ လူမှုရေး လိုအပ်ချက်တွေကိုလည်း မေးတာပေါ့။ ဒါနဲ့ တစ်နေကုန်သွားတာပဲ။ နောက်တစ်နေ့မှာတော့ အဲဒီလုပ်ငန်းခွင်ကိုပဲ ပြန်သွားပြီး နောက်အုတ်စီသမား တစ်ယောက်ကို သွားမေးတယ်။
သတင်းထောက်တွေဟာ တစ်ယောက်တည်းရဲ့ စကားတွေကို အတည်ပြု ကောက်ချက်ချလို့ မရဘူး။ ဒါကြောင့်လည်း သူဟာ နောက်အုတ်စီသမား တစ်ယောက်ကို သွားမေးရတာပေါ့။
"ခုလို ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီကြီးမှာ အုတ်စီသမားအဖြစ် တာဝန်ထမ်းဆောင်ရတာ ဘယ်လိုခံစားရလဲ"
"ဘယ်လိုခံစား ရသလဲဆိုတာ ပြောပြရင် ခင်ဗျားယုံမှာ မဟုတ်ဘူး"
"ပြောပါ ခင်ဗျာ"
"ကျွန်တော် အုတ်စီသမားအဖြစ် တာဝန်ထမ်းဆောင်ရတာ အင်မတန်ပျော်ရွှင်ပြီး ကျေနပ်မှုတွေ ရတယ်"
"ဒါနဲ့ ခင်ဗျားတို့ လခနည်းတယ်ဆို"
"ကျွန်တော်တို့ဟာ လခနည်းတယ်။ ဒါပေမဲ့ လုံလောက်ပါတယ်"
"ဒါနဲ့ ခင်ဗျားတို့ နေပူမိုးရွာထဲမှာ အလုပ်လုပ်ရတယ်။ လက်တွေလည်း စုတ်ပြတ်ပေကျံ ကုန်တယ်လို့ ဆိုကြတယ်"
"ဟုတ်ကဲ့။ ဒါအလုပ်ရဲ့ သဘောပဲ။ လက်တွေပေကျံ ကုန်ပေမယ့် ကျွန်တော်တို့ဆောက်တဲ့ အဆောက်အအုံတွေက ခံ့ညားထည်ဝါတယ်။ ခုဆို ကျွန်တော် ဘုရားကျောင်းတွေကို ဆောက်တဲ့ လုပ်ငန်းခွင်တွေကိုလည်း သွားရတယ်"
"အမြင့်တွေမှာ အလုပ်လုပ်ရတာ အန္တရာယ် ရှိတယ်ဆို"
"မှန်ပါတယ်။ လုပ်ငန်းခွင် စည်းကမ်းတွေ လိုက်နာရင် ဘာမှမဖြစ်ပါဘူး။ တစ်ခါတစ်ခါ ပြုတ်ကျလို့ သေတဲ့လူတွေ ရှိပါတယ်။ အဲဒီ အုတ်စီသမားတွေလည်း ရှိတယ်။ သူတို့ဟာ Rule and Regulation ကို မလိုက်နာကြ သူတွေပါပဲ"
သတင်းထောက်ဟာ ဒီနောက်ထပ် အုတ်စီသမား တစ်ယောက်ကို မေးမိတော့ ရတဲ့သတင်း အချက်အလက်တွေ တလွဲစီဖြစ်ကုန် တာပေါ့။ ဒါနဲ့သူဟာ သတင်းစာတိုက်ရှိရာ ရုံးခန်းကို ပြန်လာပြီး ငေးငိုင်နေတယ်။ ဒါနဲ့ အယ်ဒီတာချုပ်က သူ့ကို သတင်းဆောင်းပါး ဘာလို့မရေးတာလဲလို့ မေးတယ်။ သူက အဖြစ်အပျက်ကို ပြောပြတယ်။
"အုတ်စီသမား တစ်ယောက်က သူ့ရဲ့လုပ်ငန်းကို အပြစ်မြင်တယ်။ နောက်တစ်ယောက်က အကောင်းမြင်တယ်။ ဒီတော့ ကျွန်တော်ရေးချင်တဲ့ သတင်းဆောင်းပါးကို ရေးလို့မရဘူး"
တကယ်တော့ လောကမှာ မကောင်းတာနဲ့ ကောင်းတာနှစ်ခုတည်း ရှိတာမဟုတ်ဘူး။ မကောင်းတာနဲ့ ကောင်းတာအကြားမှာ အဆင့်တွေလည်း အများကြီး ရှိသေးတယ်။ အဲဒီတော့ ဖြစ်တာကို ဖြစ်တဲ့အတိုင်း မြင်တတ်ဖို့ အရေးအကြီးဆုံးပဲ . . . . . |
"မင်းက ဘယ်လိုဆောင်းပါးမျိုးကို ရေးချင်လို့လဲ"
"ကျွန်တော်က ဒီလိုကုမ္ပဏီတွေမှာ ရှိတဲ့ လုပ်သားတွေရဲ့ ဘ၀ကို ရေးပြချင်တာပါ"
"ဒီတော့ ...."
"ခုဘယ်လို ရေးရမှာလဲ။ အမြင်တွေက မတူတော့ ရေးလို့ မရဘူးပေါ့ဆရာ"
အယ်ဒီတာချုပ်ဟာ သတင်းထောက်ရဲ့ အမြင်ကို ဒီတော့မှ သဘောပေါက်တော့တယ်။
"အင်း၊ မင်းပြောတော့မှပဲ ငါသဘောပေါက်တယ်။ တကယ်တော့ မင်းအနေနဲ့ အစွဲတွေထားလို့ ခုလိုဆောင်းပါးတွေ မရေးနိုင်တာပါဘဲ"
"ဘာအစွဲလဲ။ ကျွန်တော်တို့ သတင်းစာ ဆရာတွေဟာ ဘက်မလိုက်ရဘူးလေ။ ကျွန်တော် အစွဲမရှိပါဘူး"
"မင်းက လောကမှာ မကောင်းတာနဲ့ ကောင်းတာ နှစ်ခုပဲ ရှိမယ်ဆိုတဲ့ အစွဲ ရှိနေတယ်လေ။ မင်းက ဘက်မလိုက်ပေမယ့် အစွဲရှိတယ်။ တကယ်တော့ လောကမှာ မကောင်းတာနဲ့ ကောင်းတာနှစ်ခုတည်း ရှိတာမဟုတ်ဘူး။ မကောင်းတာနဲ့ ကောင်းတာအကြားမှာ အဆင့်တွေလည်း အများကြီး ရှိသေးတယ်။ အဲဒီတော့ ဖြစ်တာကို ဖြစ်တဲ့အတိုင်း မြင်တတ်ဖို့ အရေးအကြီးဆုံးပဲ"
"ဘယ်လိုမျိုးလဲ ဆရာ"
"မင်းတွေ့တဲ့ အုတ်စီသမား နှစ်ယောက်ဆိုရင် အမြင်တွေ မတူဘူး။ သူတို့အမြင်တွေကို မင်းရေးပေါ့။ မင်းမြင်တဲ့ အမြင်တွေကို ဦးစားမပေးနဲ့။ အထူးသဖြင့် ကြိုတင်ကောက်ချက် မချထားပါနဲ့"
"ကျွန်တော်က ဘက်မလိုက်ရင် ရပြီလို့ ထင်ထားတာပါ ဆရာ"
"အေး ... ဘက်မလိုက်ရတာ မှန်တယ်။ ဒါပေမဲ့ အမြင်တွေဟာ အမျိုးမျိုးပဲ။ လူ့ဘ၀ဆိုတာ နှစ်မျက်နှာတည်းရှိတဲ့ ပိုက်ဆံတစ်ပြားလို မဟုတ်ဘူး။ စာမျက်နှာ အများကြီး ပါဝင်တဲ့ စာအုပ်တွေပါပဲ။ အထူးသဖြင့် လူတွေဟာ မိမိရဲ့စိတ်ကို တစ်နေရာမှာ အမှတ်ထားပြီး အစွဲအလမ်းတွေ ရှိတယ်။ ဥပမာ ယောက်ျားကို ဖောက်ပြန်တယ်လို့ ထင်တဲ့မိန်းမဟာ သူ့ယောက်ျားရဲ့ အပြစ်တွေ ဒါဇင်ပေါင်းများစွာ မြင်တယ်။ ဒီအတိုင်းပဲ သူတော်စင်တစ်ယောက်ကို ကြည်ညိုတယ်ဆိုရင် သူတော်စင်ပြောသမျှ မှန်နေတတ်တယ်"
"ဒါဆိုလောကကို အမြင်နဲ့ တည်ဆောက်ထားတာပေါ့။ ဟုတ်လားဆရာ"
"အဖြစ်အပျက်တွေဟာ တကယ်တော့ တကယ်ပါပဲ။ ဒါပေမဲ့ မင်းမြင်သလို မင်းဘ၀ကို မင်းတည်ဆောက်နေတယ်။ ငါလည်း ဒီလိုပဲပေါ့။ ဒါပေမဲ့ တစ်ခါတစ်ခါ သနားစရာကောင်းတဲ့ လူတွေရှိတယ်"
"ဘယ်လိုမျိုးလဲ"
"အရာရာကို အဆိုးတွေ မြင်တတ်တဲ့ သူတွေပဲပေါ့။ သူတို့ဟာ လောကကြီးကို ဆိုးဆိုးရွားရွားလို့ပဲ မြင်တယ်။ ဘ၀ကို အဆိုးလို့ပဲ မြင်တယ်။ တို့မြန်မာတွေက မိထွေးကို မြင်သလိုပေါ့"
"ကျွန်တော်လည်း ကြားဖူးပါတယ်။ မိထွေးဆိုရင် မိထွေးတော် ဂေါတမီကလွဲရင် ဘယ်မိထွေးမှ မကောင်းဘူးတဲ့"
"အေး၊ မူလကတည်းက အပြစ်ရှာတဲ့ လူတွေဟာ မိထွေးနဲ့ လင်ပါသားသမီးတွေအကြား ပြဿနာတွေ ကြီးထွားစေတာပဲပေါ့"
"ဟုတ်တယ်နော်။ ကျွန်တော်တို့လည်း ငွေရှင်ကြေးရှင် အရင်းရှင်ဆိုရင် ယုတ်မာတယ်လို့ချည်း ထင်နေကြတယ်"
"အေး၊ သတင်းရေးတဲ့ လူတွေဟာ အတော်လေး သတိထားရတယ်။ မိမိရဲ့ ကလောင်တစ်ချောင်းဟာ ဘ၀တစ်ခုကို ပျက်စေတတ်တယ်။ ကုမ္ပဏီတွေ အဖွဲ့အစည်း တွေကိုလည်း ဆုံးရှုံးစေတတ်တယ်"
"အမုန်းတရားကို အခြေခံတာကိုးနော်"
"အေး ဘက်မလိုက်ပေမယ့် အမုန်းကို အခြေခံတဲ့ သူတွေရဲ့ အစွဲတွေပါတဲ့ အမြင်ဟာ မမှန်တတ်ဘူး"
"ကျေးဇူးတင်ပါတယ် ဆရာ"
Category: