တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်နှင့် . . .

White Star | 木曜日, 6月 06, 2013 |

hlaingtharyar-june6
လှိုင်သာယာမြို့နယ်၊ အောင်ဇေယျ တံတားပေါ်မှ လှိုင်သာယာ တိုးဂိတ်အထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကို ဇွန် ၄ ရက် ည ၈ နာရီကျော်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အချိန်က ရုံးဆင်းတဲ့ ညနေ ၆ နာရီလောက် ဆိုတော့ လမ်းမတစ်ခုလုံး ကားတွေနဲ့ ပြည့်ကျပ်နေပြီး မီးပွိုင့်စောင့်နေတဲ့ ကားတန်းကြီးဟာ မပြီးနိုင်မစီးနိုင် ရှည်လျားလို့ နေပါတယ်။ ဒီအချိန်မှာ ဘတ်စ်ကားတစ်စီးဟာ မီးပွိုင့်တန်းစီနေတဲ့ ကားတွေအကုန်လုံးကို ဘယ်ဘက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းပြီး ကျော်ဖြတ်လာရာက တန်းစီနေတဲ့ ကားတန်းထဲကို ခေါင်းထိုးဝင်ရောက်ဖို့ ကြိုးစားတယ်။ သိပ်မကြာခင် မီးပွိုင့်လွှတ်တဲ့အချိန် တစ်ဖက်ယာဉ်ကြော ကားတွေဟာ လမ်းကြောပြောင်းပြန် မောင်းနေတဲ့ ဘတ်စ်ကားကြောင့် ဆက်သွားလို့ မရတော့ဘဲ ရပ်တန့်သွားပါတယ်။ ဘတ်စ်ကားဒရိုင်ဘာ တစ်ယောက်ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် နှစ်ဖက်ကားတန်းတွေ ရှေ့မဆက်နိုင်ကြတော့ဘဲ သိပ်မကြာခင် ကားတန်းကြီးတစ်ခုလုံး ဟွန်းသံတွေ ဆူညံပြီး ပိတ်ဆို့သွားရ ပါတော့တယ်။
ဒီအဖြစ်အပျက်ဟာ တစ်ကိုယ်ကောင်း ဆန်သူတွေကြောင့် နေ့စဉ်ကြုံတွေ့ နေရတဲ့ ပြဿနာပေါင်း များစွာထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်းမှာ တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေရဲ့ အတ္တတွေကို နေရာမျိုးစုံမှာ ပုံသဏ္ဌန် မျိုးစုံနဲ့ မြင်တွေ့နေကြရတယ်။ လူတစ်ယောက်ရဲ့ စိတ်အသွင်သန္တန်ဟာ မိမိတစ်ကိုယ်ကောင်းကိုသာ ကြည့်တဲ့ အတ္တစိတ်နဲ့ အများအကျိုးအတွက်ကြည့်တဲ့ ပရစိတ် အဲဒီနှစ်ခုရဲ့ မျှတစွာ ပုံသွင်းမှုအပေါ်မှာ မူတည်နေပါတယ်။ မိမိရဲ့ တစ်ကိုယ်ကောင်းကိုသာ ကြည့်တတ်တဲ့ အတ္တစိတ်ဟာ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းကို ၀ရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်စေပြီး ဆုတ်ယုတ်ပျက်စီး စေနိုင်ပါတယ်။ အပေါ်မှာ ရေးခဲ့တဲ့ ကားအဖြစ်အပျက်မျိုးကို ဥပမာအဖြစ် ယူနိုင်ပါတယ်။ ဘတ်စ်ကား ဒရိုင်ဘာရဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်သာ မရှိခဲ့ဘူးဆိုရင် ဒီလမ်းကြောင်းဟာ ပိတ်ဆို့သွားနိုင်စရာ မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတ္တစိတ်ကြောင့် အခြားသူတွေကို ပါထိခိုက်စေခဲ့ပြီး အကုန်လုံး ၀ရုန်းသုန်းကား အခြေအနေ ရောက်ရှိသွားရပါတယ်။ ဒီလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ငါ့အတွက်၊ ငါ့ဖို့ဆိုတဲ့စိတ်နဲ့ တစ်ကိုယ်ကောင်းသမားတွေ များလွန်းပါတယ်။ ဒီစိတ်ဓာတ်မျိုးတွေဟာ ဆင်းရဲချမ်းသာမှုနဲ့ မသက်ဆိုင်ဘဲ စိတ်အခံနဲ့သာ သက်ဆိုင်ပြီး ကောင်းမွန်စွာ သွန်သင်ဆုံးမမှု မခံခဲ့ရတဲ့ သူတွေမှာ ဒီအတ္တစိတ်ဟာ အားကောင်းနေတတ် ပါတယ်။
တစ်ကိုယ်ကောင်း သမားတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်း အဖွဲ့အစည်း တစ်ခုလုံးကိုပါ နောက်ပြန်ဆွဲစေနိုင်ခြင်းပဲ ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေဟာ အသေးအဖွဲ ကိစ္စလို့ ထင်ရပေမယ့် ဒီပြဿနာဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းကို တမြည့်မြည့် လှိုက်စားလာနေတဲ့ အဓိက လူမှုပြဿနာတစ်ခု ဖြစ်လာနေပါပြီ။ ဒီပြဿနာဟာ ဘယ်လိုစည်းမျဉ်း စည်းကမ်းမျိုး၊ ဥပဒေမျိုးနဲ့မှလည်း ထိန်းချုပ်နိုင်တဲ့ ပြဿနာမျိုး မဟုတ်ဘဲ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အသိစိတ်ကို ပြုပြင်ပေးနိုင်မှ ပြေလည်နိုင်မှာ ဖြစ်ပါတယ် . . . . .
ဒီအတ္တစိတ်နဲ့ ပြောင်းပြန်ကတော့ အများအကျိုးအတွက် ကြည့်တတ်တဲ့ ပရစိတ်ဓာတ်ပါ။ မြင့်မြတ်သူတွေမှာသာ ရှိတတ်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ အတ္တစိတ်ဟာ သွန်သင်ဆုံးမမှု မခံခဲ့ရတဲ့သူတွေ၊ ပင်ကိုအခံ မကောင်းတဲ့သူတွေမှာ အားကောင်းတတ်ပေမယ့် သွန်သင်ဆုံးမမှုနဲ့ ကောင်းမွန်တဲ့ စိတ်ထားအခံတွေကတော့ ပရစိတ်ကို အားကောင်းစေပါတယ်။ တစ်ကိုယ်ကောင်းစိတ်ဟာ လူမှု အသိုင်းအ၀ိုင်းကို ဆုတ်ယုတ်ပျက်စီး စေပေမယ့် အများအကျိုး ကြည့်တတ်တဲ့ စိတ်ကတော့ လူမှုအသိုင်းအ၀ိုင်းကို ဖွံ့ဖြိုးတိုးတက် စေနိုင်ပါတယ်။ ဒီအချက်ကို အားကောင်းစေတဲ့ ဆက်စပ်မှုကတော့ ပရဟိတ စိတ်ဖွံ့ဖြိုးပြီး ရက်ရောတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေ ဖြစ်နေကြပြီး တစ်ကိုယ်ကောင်းနဲ့ ဘယ်သူသေသေဆိုတဲ့ စိတ်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကတော့ ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသော နိုင်ငံတွေ ဖြစ်နေတာပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံကလူတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံကလူတွေ ဘယ်လိုမျိုး ကွာနေလဲဆိုတာကို အများကြီးလိုက် စဉ်းစားနေစရာ မလိုပါဘူး။ သူတို့ဆီက စနစ်တကျ တန်းစီနေတဲ့ ပုံစံနဲ့ ဒီက၀ရုန်းသုန်းကားနဲ့ တိုးဝှေ့နေကြတဲ့ ပုံစံကို နှိုင်းယှဉ်ကြည့်ရင်ပဲ သိသာထင်ရှားပါတယ်။ ဒီအချက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရုပ်ပိုင်းဆိုင်ရာတင် မကဘဲ နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း အရေးပါနေတယ်ဆိုတဲ့ အချက်ကို ပြဆိုနေပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဒွန်တွဲဖြစ်ပေါ်နေတဲ့ အရာကတော့ တာဝန်မဲ့မှု ဖြစ်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်သူတွေဟာ တာဝန်ဆိုတာလည်း မသိတော့တဲ့အတွက် အလိုလို တာဝန်မဲ့သူလည်း ဖြစ်သွားတတ်ပါတယ်။ ဥပမာ လုပ်ငန်းရှင်တစ်ယောက် သူ့ငွေကြေးတွေအတွက် တစ်ကိုယ်ကောင်း ဆန်စွာနဲ့ အခွန်ရှောင်တယ်။ သူအခွန် ရှောင်တဲ့အတွက် သူ့နိုင်ငံသားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်တယ်ဆိုတဲ့ အချက်ကို သူလျစ်လျူရှုတယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်မှုနဲ့ တာဝန်မဲ့မှု ဒွန်တွဲရခြင်း အကြောင်းရင်းပါ။ အဆိုးဆုံး အချက်ကတော့ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့တဲ့ သူတွေဟာ သူတို့ရဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေအတွက် ရှက်ရကောင်းမှန်း မသိကြတာပါ။ ဥပမာ လမ်းမှာ အမှိုက်ပစ်လိုက်တာကို ရှက်ရကောင်းမှန်း မသိတော့ဘူး။ သူများ တန်းစီတဲ့ကြားထဲ ဖြတ်စီလိုက်ရတာကို ရှက်စရာလို့ မထင်တော့ဘူး။
လုပ်ပိုင်ခွင့် ရှိတဲ့သူက လာဘ်ယူတာကို ရှက်စရာ မထင်တော့ဘူး။ ရင်းနှီးမှုနဲ့ အခွင့်အရေး ယူတဲ့သူက သူ့ကိုယ်သူ ရှက်ရကောင်းစေလို့ မသတ်မှတ်တော့ဘူး။ နိုင်ငံအတွက် လူမျိုးအတွက်ဆိုတဲ့ ပြည့်ဝတဲ့ နိုင်ငံသားစိတ်မျိုး မရှိတော့ဘဲ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးတွေနဲ့ ငါ့အတွက်၊ ငါ့ကိစ္စဆိုတဲ့ စိတ်မျိုးပဲ ရှိလာတယ်။ ဖြစ်နိုင်ခြေကတော့ သူတို့ရဲ့ သိမ်ဖျင်းတဲ့ စိတ်ဓာတ်အခံတွေဟာ လူမှုနီတိဆိုတာကို နားလည်နိုင်စွမ်း မရှိတော့ဘဲ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားမသိနိုင်တော့ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်နည်းအား ဖြင့်ကြည့်ရင်တော့ ဒီတကိုယ်ကောင်း ဆန်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ပြီး လူမှုတာဝန် ဆိုတာကို နားမလည်တဲ့ အတွက်ကြောင့် သနားစရာလည်း ကောင်းပါတယ်။ အဆိုးဆုံးကတော့ တစ်ကိုယ်ကောင်း သမားတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်း အဖွဲ့အစည်း တစ်ခုလုံးကိုပါ နောက်ပြန်ဆွဲစေနိုင်ခြင်းပဲ ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေဟာ အသေးအဖွဲ ကိစ္စလို့ ထင်ရပေမယ့် ဒီပြဿနာဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းကို တမြည့်မြည့် လှိုက်စားလာနေတဲ့ အဓိက လူမှုပြဿနာတစ်ခု ဖြစ်လာနေပါပြီ။ ဒီပြဿနာဟာ ဘယ်လိုစည်းမျဉ်း စည်းကမ်းမျိုး၊ ဥပဒေမျိုးနဲ့မှလည်း ထိန်းချုပ်နိုင်တဲ့ ပြဿနာမျိုး မဟုတ်ဘဲ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အသိစိတ်ကို ပြုပြင်ပေးနိုင်မှ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွံ့ဖြိုး လာဖို့အတွက် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် စီမှာပဲ တာဝန်ရှိနေတယ်လို့ မယူဆပါနဲ့။ လူတိုင်းလူတိုင်းဟာ မိမိနဲ့ မိမိပတ်ဝန်းကျင်အတွက် တာဝန်ရှိတဲ့ စိတ်မျိုးထားရ လိမ့်မယ်။ အသေးအဖွဲ လေးတွေကအစ ပြုပြင်ရလိမ့်မယ်။ အသေးအဖွဲ အပြုအမူလေးတွေပါ ပြုပြင်စရာ မလိုဘူး။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်နိုင်ဘူးလို့ အားလျှော့နေသူတွေ အကုန်လုံး ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် ခြေတစ်လှမ်းက စရတယ်ဆိုတဲ့ စကားကို သတိရပါ။ အသေးအဖွဲကစပြီး မပြုပြင်ဘူးဆိုရင် အကြီးအမားကြီးလည်း မပြုပြင်နိုင်ပါဘူး။ မြန်မာနိုင်ငံသားများ တစ်ကိုယ်ကောင်း ဆန်တဲ့စိတ်၊ တာဝန်မဲ့မှုနဲ့ မိမိရဲ့ အတ္တအတွက် ရှက်တတ်တဲ့စိတ်တွေ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ အချိန်အများကြီး မလိုအပ်တော့ပါဘူး။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ