ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပညာရှင်များ ပြင်စေလိုသည့်အချက်များ ပြုပြင်ထား

နိုင်ငံတကာစံချိန်စံညွှန်းမီသည့် အဆင့်တွင် ရှိဟုဆို
ဇူလိုင် ၂ရက်က အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အိုင်တီ
ပညာရှင်များက ပြင်ပေးစေလိုသည့်အချက်များကို ပြန်လည်ပြုပြင်ပေးထားသည်ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်း
ရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ရာ အကြံပြုလိုသူများသည် ပြည်သူ့
လွှတ်တော်ဥပဒေကြမ်း ကော်မတီရေးရာဆောင်သို့ ဇူလိုင် ၁၂ရက်မှ ၁၅ရက်အထိ လာရောက်ဆွေးနွေးနိုင်သည်
ဟု ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းများအနေဖြင့် သွားရောက်ဆွေးနွေးရာ ဥပဒေကြမ်းတွင် ပညာရှင်များ ပြင်ဆင်စေလိုသည့်အချက်များ ပြင်ထားပေးသည်ဟု သွားရောက်ဆွေးနွေးသူတစ်ဦးဖြစ်သည့် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
သွားရောက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌလည်း ပါဝင်သည်။ ဆွေးနွေးနေသည့်
ဥပဒေကြမ်းတွင် ပညာရှင်များက ဆွေးနွေးထောက်ပြထားသောအချက်များသာမက ဆက်သွယ်ရေးဝန်ကြီးဌာနက
လည်း ခေတ်နှင့်လျော်ညီစေရန် အချို့အချက်များကို ပြန်လည်ပြုပြင်ပေးထားသည်ကို တွေ့ရကြောင်းလည်း ဦးဇော်မင်းဦးက ဆိုသည်။
၎င်းက “ဥပဒေကြမ်း စတင်ရေးဆွဲတုန်းက အချက်တွေနဲ့ လက်ရှိဥပဒေကြမ်းနဲ့က တော်တော်ကွာသွားပြီ။ လက်ရှိ
ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့ ဆက်သွယ်ရေးဥပဒေကြမ်း အဆင့်မှာ ကွန်ပျူတာပညာရှင်တွေ ထောက်ပြ
ထားတဲ့အချက်တွေကို ပြည်လည်ပြုပြင်ပေးထားတာတွေ့တယ်” ဟု မဇ္ဈိမကို ပြောသည်။
ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက အများပြည်သူလေ့လာနိုင်စေရန် နိုင်ငံပိုင်သတင်းစာများတွင်
ဖော်ပြခဲ့ပြီးနောက်ပိုင်း အိုင်တီပညာရှင်များ၊ လုပ်ငန်းရှင်များက ပြင်ဆင်ရန်လိုအပ်သည်ဟု ယူဆသည့်အချက်များ
ကို ထောက်ပြဆွေးနွေးခဲ့သည်။
လက်ရှိဆွေးနွေးနေရာတွင် ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ကဏ္ဍတော်တော်များများ ဆွေးနွေးပြီးဖြစ်
သည်ဟုလည်း သိရသည်။ လက်ရှိဥပဒေကြမ်းအနေအထားမှာ နိုင်ငံတကာစံချိန်စံညွှန်းမီသည့်အနေအထား
ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးဇော်မင်းဦးက “ပြစ်မှုပြစ်ဒဏ်ပိုင်းနဲ့ အခြားအထွေထွေ Sector ပိုင်းနှစ်ခုကို ဒီနေ့ ဆက်လက်ဆွေးနွေးသွားမယ်။ လက်ရှိဥပဒေကြမ်းအရတော့ နိုင်ငံတကာစံချိန်စံညွှန်းမီတယ်လို့ ပြောလို့ရတယ်။ အဲဒီအတွက်လည်း ဥပဒေကြမ်းမှာ ပြင်ဆင်မှုအများကြီးလုပ်ထားတာ တွေ့ရတယ်” ဟု ဇူလိုင် ၁၄ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သော ဥပဒေကြမ်းတွင် ပြင်ဆင်ထားသည့် အချက်များရှိနေပြီး ယခင်က ဝက်ဘ်ဆိုဒ် တည်ထောင်ရာတွင် လိုင်စင်လိုအပ်သည် ဟု ဖော်ပြထားသော်လည်း ယင်းအချက်ကို ပြင်ဆင်လိုက်
သည်ဟု ဦးဇော်မင်းဦးက ပြောသည်။
ချိုကို
မဇ္ဈိမသတင်းဌာန



