ရန်ကုန်မြို့၏ တိုးပွားလာမည့် လူဦးရေအတွက် ရေလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် တိုးမြစ်နှင့် ကုက္ကိုဝမြစ် ရေအရင်းအမြစ် နှစ်ခုမှ တစ်နေ့ရေဂါလန် သန်း ၄၀၀ ကျော် ရယူသုံးစွဲမည်

White Star | 金曜日, 7月 19, 2013 |

7.18.9
ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း အဆင့် ၂ အတွက် သုဝဏ္ဏလမ်းဆုံ အနီးတွင် ရေပိုက်သွယ်တန်း နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)
ရန်ကုန်မြို့တော်တွင် လက်ရှိ လူဦးရေ ခြောက်သန်းခန့် နေထိုင်ပြီး နှစ်စဉ်လူဦးရေ တိုးနှုန်းမြင့်မားနေရာ လာမည့် ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ၁၁ သန်း နီးပါးအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းအချိန်တွင် ရန်ကုန်မြို့၏ ရေလိုအပ်ချက်မှာ တစ်နေ့ ရေဂါလန် သန်း ၆၀၀ ခန့် ရှိလာမည်ဖြစ်၍ သန်း ၄၀၀ ကျော်ကို တိုးမြစ်နှင့် ကုက္ကိုဝမြစ် ရေတင်စီမံကိန်းများမှ ရယူသုံးစွဲရန် စီစဉ်ထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာနမှ သိရသည်။
''လက်ရှိ ရန်ကုန်မြို့မှာ တစ်နေ့ရေဂါလန် သန်း ၁၆၀ ပေးဝေနေပါတယ်။ အဲဒီလို ပေးဝေနေတဲ့ ရေအရင်းအမြစ်တွေက ဆည်ရေ၊ အ၀ီစိတွင်းရေတွေ ဖြစ်ပါတယ်။ လူဦးရေ တိုးလာတာနဲ့အမျှ ရေလိုအပ်ချက်က တစ်နေ့ ဂါလန် သန်း ၆၀၀ ကျော် ဖြစ်လာမယ်ဆိုရင် ဘယ်ရေ အရင်းအမြစ်ကနေ ရယူမလဲ စဉ်းစားခဲ့တယ်။ အဲဒီမှာ နိုင်ငံတကာလိုပဲ မြစ်ရေ အရင်းအမြစ်ကိုယူပြီး ရေထုညစ်ညမ်းမှုနဲ့ လွတ်တဲ့နေရာ၊ ရေအရင်းအမြစ် ကောင်းတဲ့နေရာကနေ သန့်စင်မှု ပြုလုပ်ပြီးမှ အများပြည်သူကို ပေးဝေသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မြစ်ရေတင် စီမံကိန်း နှစ်ခုရှိပါတယ်။ အဲဒီကနေ တစ်နေ့ ရေဂါလန် သန်း ၄၀၀ ကျော် ရယူသုံးစွဲမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
တိုးမြစ်မှာ တွံတေးမြို့နယ်အနီး တည်ရှိပြီး ယင်းမြစ်ရေ အရင်းအမြစ်မှ တစ်နေ့ ရေဂါလန် ၂၀၈ သန်းအထိ ထုတ်ယူသုံးစွဲနိုင်ပြီး ကုက္ကိုဝမြစ်မှာမူ ရန်ကုန်-ညောင်တုန်း လမ်းမကြီးအနီး လှိုင်သာယာမှ ၁၈ မိုင်ခန့်ဝင်းကျင်၌) ရှိပြီး အဆိုပါ မြစ်ရေ အရင်းအမြစ်မှ တစ်နေ့ ရေဂါလန် ၂၂၅ သန်းအထိ ထုတ်ယူသုံးစွဲ နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် အကြိုဖြစ်နိုင်ခြေ လေ့လာမှုများကို ကိုရီးယား ကုမ္ပဏီတစ်ခုက ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
တိုးမြစ် ရေတင်စီမံကိန်းမှာ နွေရာသီ ရောက်တိုင်း ရေအခက်အခဲဖြစ်သော ရန်ကုန် တစ်ဖက်ကမ်းရှိ ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များအပြင် ရေလိုအပ်ချက်များသော ရန်ကုန်မြို့တွင်း Down Town မြို့နယ်များအား ရေပေးဝေ နိုင်မည်ဖြစ်ပြီး ကုက္ကိုဝမြစ် ရေတင်စီမံကိန်းမှ လှိုင်သာယာနှင့် ရန်ကုန် အနောက်ပိုင်းခရိုင် မြို့နယ်များ ဖြစ်သော မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ဒဂုံနှင့် မြို့တွင်း Down Town မြို့နယ်များအား ရေပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတင် စီမံကိန်းများကို လူဦးရေ တိုးပွားမှုအပေါ် မူတည်၍ ပထမအဆင့်၊ ဒုတိယအဆင့် စသည်ဖြင့် လုပ်ဆောင်သွား မည်ဖြစ်ပြီး ယင်းစီမံကိန်းများမှာ လက်ရှိ ရေးဆွဲနေသည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' ၏ လုပ်ငန်း တစ်စိတ်တစ်ပိုင်း အနေဖြင့် ပါဝင်မည် ဖြစ်သောကြောင့် ကုန်ကျစရိတ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA ၏ ကူညီမှုများအပြင် နိုင်ငံတော် အပိုင်းများဖြင့် ပူးပေါင်းလုပ်ဆောင် သွာမည်ဟုလည်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ