ယခုနှစ်အတွင်း အမျိုးသားပြတိုက်သို့ အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံများမှ ခရီးသွား အများဆုံး လာရောက်

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ အမျိုးသားပြတိုက်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ်အတွင်း အမျိုးသားပြတိုက်သို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များတွင် အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံများမှ ခရီးသွား အများဆုံးဖြစ်ကြောင်း အမျိုးသားပြတိုက်ရှိ စာရင်းများအရ သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ် ၁၅ ရက်အထိ အမျိုးသားပြတိုက်သို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် ၁၉၈၄၃ ဦးရှိရာ အမေရိကန်နိုင်ငံမှ ၂၉၆၅ ဦး၊ ပြင်သစ်နိုင်ငံမှ ၉၃၂ ဦး၊ ဂျာမနီနိုင်ငံမှ ၉၁၂ ဦး အသီးသီးရှိခဲ့ပြီး ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံတို့မှလည်း လာရောက်မှု များပြားကြောင်း၊ ပြည်တွင်းမှ လာရောက်လည်ပတ်မှုများ အနေဖြင့် ယခု ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်အထိ ၁၆၀၈၄ ဦးရှိကြောင်း သိရသည်။
"နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု အဆင့်အတန်း၊ စာပေအဆင့်အတန်း၊ သမိုင်းကြောင်းဆိုင်ရာ၊ စနစ်၊ အနုပညာ ဖြတ်သန်းမှု စတာတွေကို သိဖို့အတွက် National Museum က အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အမျိုးသား ပြတိုက်မှာလည်း မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းထားရှိ ပါတယ်။ ဒါကြောင့် ပြည်တွင်းက လေ့လာသူတွေ၊ ဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်။ လက်ရှိမှာလည်း ပြတိုက်အတွင်းမှာ နိုင်ငံတကာ အဆင့်မီ ပြတိုက်တစ်ခုဖြစ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ပြတိုက်ကို ပြုပြင်မှု လုပ်နေတဲ့အပြင် ပြတိုက်အတွင်းမှာရှိတဲ့ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းမှုပါ ပေါင်းလုပ်ရတဲ့အတွက် ပြတိုက်ကြီးရဲ့ တစ်ခန်းချင်းစီကို ပြုပြင်သွားတဲ့ စနစ်နဲ့ လုပ်နေပါတယ်။ ၀င်ကြေးတွေကတော့ ပြည်တွင်းတစ်ဦး ကျပ် ၅၀၀ နဲ့ နိုင်ငံခြားသားတွေကို တစ်ဦးကျပ် ၅၀၀၀ ကောက်ခံပါတယ်" ဟု အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့်က ပြောပြခဲ့သည်။
အမျိုးသားပြတိုက်တွင် ပြခန်းပေါင်း ၁၄ ခန်းဖြင့် ဖွဲ့စည်းထားသည်။
Category: