စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား အရေးတကြီး ကာကွယ်ရန် လိုအပ်နေသော်လည်း လုပ်ငန်းစတင်နိုင်မှု မရှိသေး

White Star | 火曜日, 9月 03, 2013 |



သန်း ၆၀ ကျော်ရှိသော မြန်မာပြည်သူများ အတွက် ယခင်အစိုးရ အဆက်ဆက် မျက်ကွယ်ပြုခဲ့သည့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေသော်လည်း လုပ်ငန်းစတင်နိုင်မှု မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။
စားသုံးသူ အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ဥပဒေများ ကာကွယ်မှုများအား အာဆီယံနိုင်ငံ အများစုတွင် ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပြီး ယင်းတို့၏ နိုင်ငံအတွင်း တင်သွင်းလာသည့် စားသောက်ကုန် အပါအ၀င် ကုန်စည်မျိုးစုံအား စားသုံးသူ အကာအကွယ်ပေးရေး သတ်မှတ်ချက် (National Standard) အရ စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြည်သူများ ဘေးအန္တရာယ် ထိခိုက်နိုင်သည့် စားသောက်ကုန်များအား နိုင်ငံအတွင်း ၀င်ရောက်မှုမရှိရန် ကြပ်မတ်မှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ မရှိသည့်အပြင် သွယ်ဝိုက်ဆက်နွှယ်နေသည့် ဥပဒေများဖြင့်ပါ ကြပ်မတ် အရေးယူမှု အားနည်းနေသဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ စသည့် အိမ်နီးချင်း နိုင်ငံများမှ အဆင့်မမီသည့် စားသောက် ကုန်စည်များအား သုံးစွဲနေရကြောင်း သိရသည်။

စားသုံးသူ အကာအကွယ်ပေးရေးဆိုတာ အလွန်ကြီးမား ကျယ်ပြန့်တယ်။ အရင်အစိုးရ တုန်းကလည်း မလုပ်နိုင်ဘူး၊ လက်တွန့်ခဲ့တယ်။ အခုအစိုးရ လက်ထက်မှာ စလုပ်နေပေမယ့် ဘာမှမလုပ်နိုင်သေးဘူး။ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အ၀န်းမှာ ကျွန်တော်တို့ စလုပ်နေပါတယ်ဆိုပြီး ပြောပြရုံအဆင့်ပဲရှိမယ်။ အခုနေ မလုပ်ရင် ၂၀၁၅ ခုနှစ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမယ်...


ထိုသို့ ဘေးကင်းလုံခြုံမှု မရှိသည့် စားသောက်ကုန်များကြောင့် မြန်မာနိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ အာဆီယံနိုင်ငံများ အနက် အနိမ့်ဆုံးဖြစ်နေပြီး လူသားဖွံ့ဖြိုး တိုးတက်မှု ညွှန်းကိန်းတွင်လည်း အနိမ့်ဆုံး အဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သုံးစွဲနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်များအတွက် အဓိက တင်သွင်းနေသည့် နိုင်ငံမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်နေပြီး အများစုမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွင့်ပြုချက် မပါဝင်ရုံသာမက တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များ ဖြစ်နေကြောင်း သိရသည်။
''စားသုံးသူ အကာအကွယ်ပေးရေးဆိုတာ အလွန်ကြီးမား ကျယ်ပြန့်တယ်။ အရင်အစိုးရ တုန်းကလည်း မလုပ်နိုင်ဘူး၊ လက်တွန့်ခဲ့တယ်။ အခုအစိုးရ လက်ထက်မှာ စလုပ်နေပေမယ့် ဘာမှမလုပ်နိုင်သေးဘူး။ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အ၀န်းမှာ ကျွန်တော်တို့ စလုပ်နေပါတယ်ဆိုပြီး ပြောပြရုံအဆင့်ပဲရှိမယ်။ အခုနေ မလုပ်ရင် ၂၀၁၅ ခုနှစ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား လုပ်ကိုင်ရန် သုတေသနများ အားနည်းမှု၊ ပညာရှင် မလုံလောက်မှု၊ အစိုးရအနေဖြင့် ခိုင်မာသည့် ဥပဒေများ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိမှုစသည့် ဖြစ်ရပ်များကြောင့် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ရေမြေသဘာဝ၊ ပေါက်ရောက်သည့် အပင်နီးစပ်သည့် စင်ကာပူနိုင်ငံတွင် စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းအား လိုက်မမီသည့် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် အဆိုပါစနစ်မှာ အောင်မြင်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် ထိုကဲ့သို့ အချိန်ယူ လုပ်ဆောင်ခြင်းထက် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များတွင် ကမ္ဘာ့နိုင်ငံများ၏ လုပ်ငန်းစဉ်များ လုပ်ထုံးလုပ်နည်းများ၊ မှားယွင်းခဲ့သည့် ဖြစ်စဉ်များအား အတုယူ၍ လုပ်ဆောင်သင့်ကြောင်း Chemical Engineering and Food Technology မှ ဒေါ်စိမ့်ရည်ထက်က ဆိုသည်။
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်ရာတွင် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်နေသည့် ကုန်စည်များအား တားမြစ်နိုင်မှုမရှိကြောင်း ထိုသို့တားမြစ်နိုင်မှု မရှိသည့်အတွက် အဆင့်မမီ ကုန်စည်များအား သုံးစွဲနေရကြောင်း ဦးတင်ရဲဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပေါ်ပေါက်လာရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ကာ ဥပဒေကြမ်းရေး ဆွဲနေကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ