မြင်းခြံမြို့နယ် နဘူးအိုင် ကျေးရွာတွင် ဆည်ရေမရ၍ နွေစပါးများ ပျက်စီး

နဘူးအိုင် ကျေးရွာအနီးရှိ ဆည်ရေမရသဖြင့် ခမ်းခြောက်နေသော ရေသွန်းမြောင်းများ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာတွင် စပါးစိုက် တောင်သူများ၏ စိုက်ပျိုးထားသော စပါးစိုက်ခင်းများသို့ ဆည်ရေထပ်မံ ပို့လွှတ်ခြင်း မရှိ၍ စိုက်ပျိုးထားသော စပါးပင်များ အပင်ပေါက်အရွယ် စပါးနှံသီးချိန်မှာပင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံ တောင်သူများ၏ ပြောပြချက်များအရ သိရသည်။
"ကျွန်တော်မှာ စပါးစိုက်ဧက ၂၀ ရှိပါတယ်။ ဒီနှစ်တော့ ဆည်ကနေ နောက်ထပ်ရေမပို့တော့ စိုက်ပျိုးထားတဲ့ စပါးတွေ အပင်ပေါက် အရွယ်မှာပဲ သေကုန်ပါတယ်။ အစကတည်းက ရေထပ်မပို့ဘူးပြောရင် စိုက်ဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ ထွန်ယက်စိုက်ပျိုးထားတဲ့ စရိတ်က တစ်ဧကကို အရင်းနှစ်သိန်းလောက် ရှိပါတယ်။ ရွာမှာကတော့ စပါးစိုက်ဧက ၇၀၀ ကျော်ကနေ နည်းလာတာ ၂၀၀ လောက်ပဲ ကျန်ပါတော့တယ်၊ တောင်သူတွေအနေနဲ့ စပါးတစ်ဧကလောက်မှ မစိုက်ရရင် စားဆန်အတွက် ၀ယ်ရရင် မလွယ်ပါဘူး" ဟု ပြောဆိုသည်။
နဘူးအိုင်ကျေးရွာ အတွင်းရှိ ဒေသခံ တစ်ဦးက "တောင်လယ်ဆည်က ရေကလာလိုက် မလာနဲ့ပါ။ လာတော့လည်း ရေအားက တော်တော်နည်းပါတယ်။ ဆည်နဲ့နီးတဲ့ စိုက်ကွင်းတချို့ပဲ ရေရတယ်။ ရေလာအား နည်းနေလို့ သတိထားမိလိုက်တော့ ဆည်ထဲကရေတွေကို ရိုးချောင်းတွေကနေ ရေတွန်းတင်စက်တွေသုံးပြီး ရေပိုက်လုံးကြီးတွေနဲ့ ကုက္ကဲတောင် စီမံကိန်းကို ရေပို့နေတာ တွေ့ရပါတယ်။ တကယ်ဆို ရွာကစိုက်ကွင်းတွေ ရေမပို့ရင်လည်း တောင်သူတွေကို ကြိုပြီးအသိပေးသင့်ပါတယ်" ဟု စိုက်ကွင်းများဆီသို့ ရေပို့လွှတ်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် ယခုနှစ်အတွင်း ဆည်ရေရရှိမှု အခက်အခဲများကြောင့် နွေစပါး စိုက်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ တောင်သူများ အနေဖြင့် မိုးစပါး စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း သိရသည်။
Category: