ခရီးသွားဝင်ရောက်မှုရှိသည့် မြောက်ဦးနှင့်သံတွဲ၌ ပုဒ်မ(၁၄၄) ပြန်လည်ရုပ်သိမ်းဖွယ်ရှိ

hnm | 木曜日, 9月 26, 2013 |




ရခိုင်ပြည်နယ်အတွင်း၌တစ်နှစ်ကျော်အကြာထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ခရီးသွားဝင်ရောက်မှု ရှိသည့် မြောက်ဦး နှင့်သံတွဲမြို့နယ်များတွင် လာမည့်ပွင့်လင့်ရာသီ၌ ဒေသတည်ငြိမ်းအေးချမ်းမှု အခြေအနေများကို သုံးသပ်၍ ရုပ်သိမ်းနိုင်ဖွယ်ရှိ သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
၂၀၁၂ခုနှစ်ဇွန်လကတည်းက ထုတ်ပြန်ခဲ့သည့် ပုဒ်မ(၁၄၄)မှာ ရခိုင်ပြည်နယ်အတွင်း၌ ရုပ်သိမ်းထားသည့်မြို့နယ်များ မရှိသေးဘဲ အရင်အတိုင်းသာ ထုတ်ပြန်ထားဆဲဖြစ်သည်။
 “အခု ပွင့်လင်းရာသီဖြစ်လာတော့ နယ်မြေတည်ငြိမ်မှုကိုကြည့်ပြီးတော့ သံတွဲနဲ့မြောက်ဦးတို့မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ-၁၄၄ကို စဉ်းစားရမယ်၊ ရုပ်သိမ်းမယ်လို့ စဉ်းစားထားတာကတော့ အဲဒီနှစ်မြို့နယ်ကို ကျွန်တော်တို့ စဉ်းစားပေးမယ်’’ဟု ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်း စုဆောင်းရေးဆပ်ကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်ပွားခဲ့သော မြို့နယ်များဖြစ်သည့် စစ်တွေ၊မောင်တော၊ကျောက်တော်၊မင်းပြား ၊မြောက်ဦး၊ ရမ်းဗြဲ၊ သံတွဲ၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူစသည့်မြို့နယ်တို့၌ ပုဒ်မ-၁၄၄ကို ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။
“မပျက်သေးရင် အသက်ဝင်တာပေါ့၊ နှစ်လတစ်ကြိမ်ပြန်လည်သုံးသပ်တယ်၊ ထပ်ပြီးတော့ ထုတ်သင့်မထုတ်သင့် ကိုတော့ သုံးသပ်တယ်’’ဟု ဦးလှသိန်းက ပုဒ်မ-၁၄၄ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ရှင်းပြသည်။
စစ်တွေမြို့တွင် ညမထွက်ရအမိန့်ကျူးလွန်သူများကို ဖမ်းဆီးရာ၌ ရခိုင်တိုင်းရင်းသားအများ အပြားဖမ်းဆီးခံရမှုအပေါ် ဝေဖန်ခံရ သံများကြားလာရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
ပုဒ်မကတော့ ရခိုင်ဘင်္ဂါလီလို့ မခွဲခြားထားဘူး၊ကျူးလွန်သူကိုတော့ ဖမ်းမှာပဲ၊ရခိုင်ကျတော့ ဖမ်းတယ်၊ ဘင်္ဂါလီကျတော့ မဖမ်း ဘူးလို့တော့ မဟုတ်ဘူး’’ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ကို ည၁၀ နာရီမှ နံနက် ၄နာရီ အထိ သတ်မှတ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
“ကျောက်ဖြူမှာလည်း ညမထွက်ရအမိန့် ထုတ်ထားပါတယ်၊ ဒီနောက်ပိုင်း ဖမ်းဆီးတာတော့ မရှိသေးဘူး’’ဟု ကျောက်ဖြူ ရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောသည်။
BY မိုးဝေ(ရခိုင်ပြည်နယ်)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ