လွှတ်တော်၏ ဆိုင်းငံ့မှုနှင့် ဆိတ်ဆိတ်နေသော ခုံရုံး

သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
ပြည်သူ့ဆန္ဒ သဘောထားကို ထင်ဟပ်သော လွှတ်တော်နိုင်ငံရေးတွင် လွှတ်တော်ကိုယ်စားလှယ်များသည် စံပြပုဂ္ဂိုလ်များ ဖြစ်နေရန် လိုအပ်သည်။ ကိုယ်စားလှယ်များ၏ အရည်အသွေးကို နည်းပေါင်းစုံနှင့် အစမ်းသပ်ခံနိုင်ရန် လိုအပ်သည်။ ပြည်သူလူထုသည် လွှတ်တော်တွင်း အပြင်းအထန်၊ အကြိတ်အနယ် ဆွေးနွေးမှုများကို သဘောကျပြီး တစ်လမ်းမောင်း၊ လှေကြီးထိုး လွှတ်တော်နိုင်ငံရေးမျိုးကို အော့နှလုံးနာမည်ကို မျက်ခြည်မပြတ်သင့်ပါ။ လွှတ်တော်နိုင်ငံရေးတွင် မုန်တိုင်းများ ရှိနိုင်သကဲ့သို့ မုန်တိုင်းကြားတွင် လေပြေများလည်း ရှိမည်ဖြစ်သည်။ လွှတ်တော်သိမ်းခါနီးအချိန် လွှတ်တော်တွင်း ဆိုင်းငံ့မှုအား အတည်ပြုခဲ့ခြင်းကို အကြောင်းပြုလျက် နိုင်ငံရေး အကဲခတ်များအကြား နိုးကြားလှုပ်ရွမှုအချို့ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာမူ ထူးထူးခြားခြား ဆိတ်ငြိမ်နေသည်ကို သတိပြုမိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်စွဲပါ စာဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၆ (ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် မူလမဲဆန္ဒရှင်များ၏ တစ်ရာခိုင်နှုန်းထက်မနည်း သူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြတိုင်တန်းမှုများ ရှိလာနိုင်ပါသဖြင့် ဥပဒေနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ နှင့်အညီ ဥပဒေပြဋ္ဌာန်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အကြောင်းပြုလျက် လွှတ်တော်နိုင်ငံရေးသည် အတော်အသက် ၀င်လာခဲ့သည်။ လွှတ်တော်အတွင်း အကြိတ်အနယ် ဆွေးနွေးမုန်တိုင်းဆင်မှုများသည် ပြည်သူလူထု၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ ဆန္ဒသဘောထားများကို လွှမ်းခြုံနိုင်မည်ဆိုလျှင် ပြည်သူလူထု၏ စိတ်ဝင်စား တန်ဖိုးထားမှုကို ရရှိမည်မှာ ဓမ္မတာပင် ဖြစ်သည်။ သြဂုတ် ၂၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်သော ဆွေးနွေးမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန်းစစ်လေ့လာမှု ပြုနေစဉ် ကာလအတွင်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်မှစ၍ လွှတ်တော်နိုင်ငံရေးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို သက်တမ်းမပြည့်မီ မဲဆန္ဒရှင်များက ကိုယ်စားလှယ်နေရာမှ ဖယ်ရှားရန်ကျင့်သုံးနိုင်သည့် တိုက်ရိုက်ဒီမိုကရေစီလုပ်နည်း လုပ်ဟန်တစ်ခု ဖြစ်သည်။ မဲဆန္ဒရှင်များသည် လွှတ်တော်သက်တမ်း ကုန်ဆုံးကာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပသည့် အချိန်အထိ သည်းခံစောင့်ဆိုင်းရန်မလို မဲဆန္ဒရှင်များ၏ သဘောဆန္ဒအလျောက် တာဝန်ရုပ်သိမ်းနိုင်သည့်အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပြည်သူလူထု၏ တိုက်ရိုက်ပါဝင်နိုင်မှုကို မြှင့်တင်ပေးသော နည်းနာဖြစ်သဖြင့် ကောင်းမွန်သင့်တော်သည်ကို တွေ့ရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆိုင်းငံ့ထားသင့်သည်ဟူသော အဆိုကို ဗိုလ်မှူးကြီး အဆင့်ရှိသူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့သည်။ ဗိုလ်မှူးကြီးသုံးဦး၏ ဆွေးနွေးမှုကို အကြောင်းပြုလျက် လွှတ်တော်အစည်းအဝေးများအပေါ် ပြည်သူလူထုနှင့် အကဲခတ်များ၏ စိတ်ဝင်စားမှုကို အတန်အသင့် မြှင့်တင်နိုင်ခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း သတ်မှတ်ထားသော စည်းကမ်းများကိုပင် လိုက်နာမှုအပိုင်း၌ အားနည်းမှုများကိုလည်း ထောက်ပြဆွေးနွေးခဲ့သည်။
အကယ်စင်စစ် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုခုအား ဆိုင်းငံ့နိုင်ခြင်း ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတွင် အဆုံးအဖြတ် ရယူရမည် ဖြစ်သည်။ လက်ရှိကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ငြိမ်သက်လွန်းနေခြင်းအပေါ် နိုင်ငံရေး အကဲခတ်များက အားမလို အားမရ ဖြစ်နေသည်ကိုလည်း သတိပြုမိသည် . . . . . |
လွှတ်တော်နှင့် ပတ်သက်ပြီး ပြည်သူလူထု၏ ယုံကြည်မှုကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးမြှင့်နိုင်ရန် အတွက်လည်းကောင်း၊ ပြည်သူ့လွှတ်တော် အပါအ၀င် လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ၌ ပြဋ္ဌာန်းထားခြင်း ရှိသည့်အတွက် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များကို စည်းကမ်းမသတ်မှတ်ဘဲ နေသည်ဆိုလျှင် မသင့်တော်သည့်အတွက် လည်းကောင်း၊ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီသည့်အတွက် လည်းကောင်း၊ ပြည်သူ၏ ဆန္ဒများ လိုလားချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည့်အတွက် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းမှုဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးခွင့် ပြုသင့်ပါကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနက် ဗိုလ်မှူးကြီးသုံးဦးက အဆိုပါဥပဒေကြမ်းကို အလျင်အမြန် ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးပြီးသည့်နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆိုင်းငံ့ထားရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ထားရန် ဆုံးဖြတ်နိုင်ခြင်း ရှိ၊ မရှိကို ပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။ ပြဋ္ဌာန်းချက် တစ်ခုကို ဆိုင်းငံ့နိုင်လျှင် အခြားပြဋ္ဌာန်းချက်များကိုလည်း ဆိုင်းငံ့နိုင်မည့်သဘော သက်ရောက်နေသည်။ ဆိုင်းငံ့မည့် ပုဒ်မသည် မဲဆန္ဒရှင် ပြည်သူများ၏ အခွင့်အရေး ရပိုင်ခွင့် လုပ်ပိုင်ခွင့်တို့နှင့် ဆက်စပ်နေလျှင် ပိုမိုသတိပြုသင့်သည်ဟု မှတ်ချက်ပြုလိုသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုနှင့် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သော်လည်း အဆိုပါ လုပ်ပိုင်ခွင့်ကို မည်သည့်ဥပဒေတွင်မှ ပြဋ္ဌာန်းဖော်ပြ ထားသည်ကို မတွေ့ရပေ။
ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဟူသော လွှတ်တော်ဆောင်ပုဒ်သည် ပြည်သူလူထုကို ဗဟိုပြုသော တိုက်ရိုက်ဒီမိုကရေစီ လုပ်ဟန်ကို အားပေးသည်ဟု မှတ်ယူနိုင်သော်လည်း လတ်တလော တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းကို ဆိုင်းငံ့မှုသည် လွှတ်တော်၏ မူလအသွင်သဏ္ဌာန် အနှစ်သာရတို့မှ အတန်အသင့် လမ်းကြောင်းပြောင်းရွှေ့ လာသည်ဟု ထင်မြင်မိသည်။ အကယ်စင်စစ် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုခုအား ဆိုင်းငံ့နိုင်ခြင်း ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတွင် အဆုံးအဖြတ် ရယူရမည် ဖြစ်သည်။ လက်ရှိကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ငြိမ်သက်လွန်းနေခြင်းအပေါ် နိုင်ငံရေး အကဲခတ်များက အားမလို အားမရ ဖြစ်နေသည်ကိုလည်း သတိပြုမိသည်။
တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အား ဆိုင်းငံ့မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိမရှိ သုံးသပ်ဆုံးဖြတ် ပေးပါရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တိုင်တန်းလျှောက်ထားမှုလည်း ဖြစ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင် ဥပဒေပြုရေး မဏ္ဍိုင်တို့၏ သြဇာလွှမ်းမိုးမှု မရှိသော သီးခြားကင်းလွတ်သော လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုကို ဆိုင်းငံ့မှုအား လွှတ်တော်အနေဖြင့် အတည်ပြုနိုင်ခြင်း ရှိမရှိကို အဆုံးအဖြတ်ပေးရန် လိုအပ်သည်။ လာမည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အခြားမဏ္ဍိုင်များမှ သီးခြားကင်းလွတ်လျက် ရပ်တည်နိုင်ရန် လိုအပ်သော ပြုပြင်မှုများ၊ ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန်ကိုလည်း ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား အမြင်သဘောထား ကွဲလွဲသည့်အသွင် ဆောင်ခဲ့သည်။ ဆွေးနွေးချက်များအပေါ် သုံးသပ်လျှင် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ခန့်အပ်ခံ ကိုယ်စားလှယ်များအကြား အမြင်သဘော ကွဲပြားသည့် အနေအထားအထိ ခရီးပေါက်ခဲ့သည်ကို တွေ့ရသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် တာဝန်ရုပ်သိမ်းနိုင်ရန် အခြေခံလိုအပ်သည့် တစ်ရာခိုင်နှုန်းအပေါ် ဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့သည်ကိုလည်း သတိပြုမိသည်။
လွှတ်တော်နိုင်ငံရေးတွင် အမြင်သဘော ကွဲလွဲခြင်းသည် လွှတ်တော်ကို အားကောင်းမောင်းသန်စေမည် ဖြစ်သည်။ သို့သော် အဆိုပါ အမြင်ကွဲလွဲမှု သဘောကွဲလွဲမှုကို အကြောင်းပြုလျက် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများအကြား အမြင်သဘော ကွဲလွဲနေသည်ဟု ကောက်ချက်ပြုမည်ဆိုလျှင် ရမ်းသမ်းတွက်ချက်မှုသာ ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများသည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်များဖြစ်ပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်နှစ်ခုကို အာဏာရပါတီ အနေဖြင့် မောင်းနှင်ရာတွင် အာဏာရပါတီ၏ မူဝါဒလမ်းစဉ် ဗျူဟာများနှင့်အညီ အကောင်အထည် ဖော်နေခြင်းဖြစ်သည့်အလျောက် နိုင်ငံရေးအရ ကွဲလွဲနေသည်ဟု ကောက်ချက်ပြုရန် ခက်ခဲသည်ဟု ဆိုနိုင်သည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပြဋ္ဌာန်းခဲ့သော ၁၉၇၅ ခုနှစ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကို မှီငြမ်းပြုစုထားသည်။ မူလမဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုန်းသည် တစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံများတွင် ဖြစ်နိုင်ရန် ခဲယဉ်းသော်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများအတွက်မူ ပြန်လည်သုံးသပ်သင့်သည်ဟု ဥပဒေကြမ်း ကော်မတီက ထောက်ပြခဲ့သည်။ အဆိုပါ ပြဋ္ဌာန်းချက်ကို ပြန်လည်သုံးသပ်နိုင်သော်လည်း ပြင်ဆင်မည်ဆိုလျှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုက လိုအပ်မည်မှာ ဧကန်မုချ ဖြစ်သည်။ ပြန်လည်သုံးသပ်နေသည့် ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော် အနေဖြင့် ဆိုင်းငံ့ထားမည် ဆိုပါက အတန်အသင့် အရုပ်ဆိုး အကျည်းတန်နိုင်သဖြင့် ဆင်ဆင်ခြင်ခြင် လျှောက်သင့်သည်ဟု ထင်မြင်မိသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မပြုမီ ကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလပြဋ္ဌာန်းချက် အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်ကို အကြောင်းပြုလျက် လွှတ်တော်တွင် မဆွေးနွေးနိုင်ခြင်းမှာ ကြောင်းကျိုးခိုင်လုံမှု အားနည်းသည်ဟု ကောက်ချက်ပြုနိုင်သည်။ နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ပြီးပါက အဆိုပါ ပြင်ဆင်မှုနှင့် လိုက်လျောညီထွေ တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေတွင်လည်း ပြင်ဆင်နိုင်မည် ဖြစ်သဖြင့် ကြောင့်ကြစိုက်နေရန် မလိုအပ်ဟု ထင်မြင်သုံးသပ်မိသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ အပိုဒ်ခွဲ (ခ)နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀ အပိုဒ်ခွဲ (ည)ပါ ပြဋ္ဌာန်းချက်များတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းဆိုသည့် စကားရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးကြခြင်း ဖြစ်သည်။ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းဟု သတ်မှတ်ခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် အပြုသဘောထက် အပျက်သဘောကို ပိုမိုအားပေးရာ ရောက်သည်ဟုလည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သုံးသပ်ခဲ့သည်။ အဆိုပါ သုံးသပ်ချက်ကို အကြောင်းပြုလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ပါ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ မပြင်ဆင်နိုင်မီ ကာလအထိ မူလပြဋ္ဌာန်းချက်အတိုင်း လိုက်နာကျင့်သုံးရမည်မှာ ဥပဒေ၏ တရားကိုယ်သဘောပင် ဖြစ်သည်ဟု မှတ်ချက်ပြုနိုင်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးပါရန် ပေါင်းတည်မြို့၌ ဆန္ဒပြ တောင်းဆိုနေသည့် ဖြစ်စဉ်နှင့် လွှတ်တော်တွင်း တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ခြင်းတို့သည် တိုက်ဆိုင်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာနိုင်မည့် လွှတ်တော်ပြင်ပ လွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ လက်တွေ့အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုဖြင့် ဆိုင်းငံ့နိုင်ခြင်း ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက အဆုံးအဖြတ် ပေးရမည် ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်သည် မဲဆန္ဒရှင်များ၏ အခွင့်အရေးနှင့် ဆက်စပ်နေသည့်အလျောက် စနစ်တကျ ချဉ်းကပ်ဖြေရှင်းနိုင်ရန် လိုအပ်သည်ဟု ထင်မြင်မိသည်။ လွှတ်တော်တွင်း နိုင်ငံရေး မုန်တိုင်းဆင်မှုများကို အကြောင်းပြုလျက် လွှတ်တော်ကို စိတ်ဝင်စားမှု မြင့်တက်လာနိုင်သော်လည်း နိုင်ငံရေးအရ ချဉ်းကပ်ဖြေရှင်းမှုများ အဆီအငေါ် မတည့်လျှင် အကျိုးထက် အဆိုးဖြစ်နိုင်သည်ကိုလည်း သတိပြုသင့်သည်။ တာဝန်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားနိုင်ငံရေး ပါတီများ၏ သဘောထားသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တစ်သားတည်း ဖြစ်နေသည့်အသွင် မြင်တွေ့နေရသည်။ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်သည်ကို လက်ခံနိုင်ဖွယ် ရှိသော်လည်း မပြင်ဆင်နိုင်မီ ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို လွှတ်တော်၏ အဆုံးအဖြတ်နှင့် ဆိုင်းငံ့ထားခြင်းသည် လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် ဆိုင်းငံ့နိုင်သည့်သဘော သက်ရောက်လာနိုင်သဖြင့် ပြန်လည်ဆင်ခြင် သုံးသပ်ပြင်ဆင်သင့်ပါကြောင်း မီးမောင်းထိုးဆော်သြ လိုက်ရပါသည်။
အချုပ်အားဖြင့်ဆိုသော် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးပါရန် ပေါင်းတည်မြို့၌ ဆန္ဒပြ တောင်းဆိုနေသည့် ဖြစ်စဉ်နှင့် လွှတ်တော်တွင်း တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ခြင်းတို့သည် တိုက်ဆိုင်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာနိုင်မည့် လွှတ်တော်ပြင်ပ လွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ လက်တွေ့အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုဖြင့် ဆိုင်းငံ့နိုင်ခြင်း ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက အဆုံးအဖြတ် ပေးရမည် ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်သည် မဲဆန္ဒရှင်များ၏ အခွင့်အရေးနှင့် ဆက်စပ်နေသည့်အလျောက် စနစ်တကျ ချဉ်းကပ်ဖြေရှင်းနိုင်ရန် လိုအပ်သည်ဟု ထင်မြင်မိသည်။ လွှတ်တော်တွင်း နိုင်ငံရေး မုန်တိုင်းဆင်မှုများကို အကြောင်းပြုလျက် လွှတ်တော်ကို စိတ်ဝင်စားမှု မြင့်တက်လာနိုင်သော်လည်း နိုင်ငံရေးအရ ချဉ်းကပ်ဖြေရှင်းမှုများ အဆီအငေါ် မတည့်လျှင် အကျိုးထက် အဆိုးဖြစ်နိုင်သည်ကိုလည်း သတိပြုသင့်သည်။ တာဝန်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားနိုင်ငံရေး ပါတီများ၏ သဘောထားသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တစ်သားတည်း ဖြစ်နေသည့်အသွင် မြင်တွေ့နေရသည်။ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်သည်ကို လက်ခံနိုင်ဖွယ် ရှိသော်လည်း မပြင်ဆင်နိုင်မီ ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို လွှတ်တော်၏ အဆုံးအဖြတ်နှင့် ဆိုင်းငံ့ထားခြင်းသည် လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် ဆိုင်းငံ့နိုင်သည့်သဘော သက်ရောက်လာနိုင်သဖြင့် ပြန်လည်ဆင်ခြင် သုံးသပ်ပြင်ဆင်သင့်ပါကြောင်း မီးမောင်းထိုးဆော်သြ လိုက်ရပါသည်။
Category: