အမျိုးသားသယံဇာတ အကျိုးစီးပွားနဲ့ M2

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်နေရာ (ဓာတ်ပုံ-ဟိန်းမင်းထက်)
ပြီးခဲ့တဲ့ ဧပြီလ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတွန် မြို့တော်မှာလုပ်တဲ့ ဒေသတွင်း ဒီမိုကရေစီ ခေါင်းဆောင်များ တွေ့ဆုံဖလှယ်ပွဲမှာ၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှင်နိုင်ငံသားတွေကို မွန်ဂိုလွိုက် အနွယ်တူ ဘိုးဘေးဘီဘင် တွေအဖြစ် နှုတ်ခွန်း ဆက်သခဲ့လေသည်။ တစ်ချိန်တုန်းက ဦးနေ၀င်းက ဆွေမျိုးပေါက်ဖော် ဆိုတဲ့စကားနဲ့၊ အိမ်နီးချင်း တရုတ်ကြီးကို သံခင်း တမန်ခင်း ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ထုံးစံအတိုင်း အရွှန်းလေး ဖောက် ပြီး ''ကျွန်မတို့တွေမှာလည်း Mongolia blue spot ဆိုတာ ရှိခဲ့ကြတယ်လေ'' လို့ ချစ်ကြည်ရေးစကား ဆိုခဲ့သည်။ မနုဿဗေဒအရ မွန်ဂိုတွေနဲ့ မြန်မာတွေဘယ်လောက် ဆက်စပ်မူ ရှိခဲ့သလဲတော့ မသိ။ မွန်ဂိုတွေရဲ့ အကြောင်းကို ငယ်ငယ်က သမိုင်းဖတ်စာအုပ်မှာပါတဲ့ ဂျင်ဂျစ်ခန်-ကူဗလိုင်ခန် နန်းဆက်နဲ့ သူတို့ရဲ့အင်ပါယာကြီး အင်အား ကြီးမားခဲ့တာ၊ ပုဂံနိုင်ငံတော်ကြီးကို ထိပါးကျူးကျော်ခဲ့တာ ဆိုတဲ့ သင်ခန်းစာတွေမှာသာ ဖတ်ဖူး၊ သိဖူးခဲ့ပြီး နောက်ပိုင်းဘာမှ ထွေထွေထူးထူး ထပ်မသိမိတော့။ အလွန် လျင်မြန်လှတဲ့ စစ်တပ်ကြီးနဲ့ ကမ္ဘာတစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့ လူမျိုးတွေအကြောင်း နှစ်ပေါင်းထောင်ချီ ကြာလို့ စွမ်းအင်ရင်းမြစ် ခေတ်ကြီးရောက်မှ ကမ္ဘာ့အလယ် စိတ်ဝင်စားမှု ပြန်ရလာကြ ပြန်သည်။ ဒီတစ်ခါတော့ လေး၊ မြားတွေကို ကျောမှာပိုးရင်း မြင်းတွေကို ဇက်ကုန်ဖွင့် ခရီးနှင်စရာ မလိုတော့။ သူတို့ရဲ့ ကန္တာရလွင်ပြင် စားကျက် မျက်ခင်းကြီးတွေရဲ့ အောက်မှာတင် ကမ္ဘာမှာ တတိယ အကြီးဆုံးဖြစ်တဲ့ သတ္တုသိုက်ကြီးက ရှိနှင့်နေခဲ့လေပြီ။ အဲဒီရွှေတွေ ကြေးနီတွေ အမြောက်အမြား ရှိနေတဲ့ Oyu Tolgoi သို့မဟုတ် Turquoise Hill လို့ခေါ်တဲ့ သတ္တုတွင်းကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အသေအချာ ရှာဖွေဖော်ထုတ် လိုက်နိုင်ချိန်ကစလို့ နိုင်ငံရဲ့ ဂျီဒီပီ ရုတ်ခြည်းခုန်တက် သွားခဲ့ပြီး ကမ္ဘာကလည်း ဂျင်ဂျစ်ခန်ကိုပြန်ပြီး စိတ်ဝင်စားလာ ကြလေပြီ။
ဒီမိုကရေစီ နှီးနှောဖလှယ်ပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနဲ့ တာဝန်သိမှု၊ တာဝန်ရှိမှုတွေ အကြောင်း ပြောရင်း မြန်မာနိုင်ငံနဲ့ အခြေအနေချင်း ဆင်တူစွာပဲ မွန်ဂိုလီးယားဟာလည်း ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်ခုရဲ့ ကြားမှာ တည်ရှိနေတယ်လို့ ထောက်ပြသွားခဲ့သလို ခေါင်းဆောင်ချင်း အလွတ်ဆွေးနွေးတဲ့ အချိန်မှာရော အဲဒီနိုင်ငံကြီးတွေရဲ့ အင်အားပြိုင်ဆိုင်မှုအကြား ဘယ်လိုရပ်တည် မလဲဆိုတာတွေ၊ မကျက်တကျက် ဒီမိုကရေစီစနစ်နဲ့ မနူးမနပ် သယံဇာတဆိုင်ရာ မူဝါဒတွေကို ဘ၀တူနိုင်ငံချင်း ဘယ်လိုဆွေးနွေး ပြောဆိုခဲ့ကြ လေမလဲ။
သယံဇာတဆိုင်ရာ မူဝါဒဆိုတာမျိုးဟာ ရှုပ်ထွေးတယ်လို့ သိထားကြပေမယ့် ဘယ်လောက်ထိ ခက်ခဲရှုပ်ထွေးမယ် ဆိုတာကိုတော့ ခန့်မှန်းကြည့်ဖို့ပင် မလွယ်။ အထူးသဖြင့် တိုင်းပြည်က သယံဇာတ ပေါကြွယ်နေသလောက် နိုင်ငံရေးစနစ်အရ အားနည်းမှုတွေလည်း ပြည့်လျှံနေတဲ့ နိုင်ငံတွေမှာ ဆိုရင်တော့ Resource curse ဆိုတဲ့ သယံဇာတကျိန်စာ ငိုခြင်းရှည်ကလွဲလို့ တခြားရွေးချယ်စရာ သိပ်မရှိ။ ဒါမှ မဟုတ်ရင်တော့ Resource Nationalism ဆိုတဲ့ အမျိုးသား သယံဇာတ အကျိုးစီးပွား ကြွေးကြော်သံကို အော်ဟစ်ပစ် လိုက်ရုံသာ။ သို့ပေမဲ့ အဲဒီကြွေးကြော်သံရဲ့ နောက်ကွယ်မှာရှိတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေက ကျယ်ဝန်း နက်ရှိုင်းသည်။ တကယ်ပဲ ပြည်သူလူထုဆီက ပဲ့တင်လာတဲ့ အမျိုးသားရေးစိတ် အခြေခံတဲ့ သယံဇာတ အကျိုးစီးပွား ရလိုမှုလား၊ အုပ်ချုပ်သူ တစ်စုဆီက ပျို့အန်တက်လာတဲ့ အမျိုးသားပိုင် အမည်ခံ နိုင်ငံပိုင် ပြုလိုမှု လက်ဝါးကြီးအုပ် လိုမှုလား ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံချင်း ပြဿနာ တစ်ခုချင်းစီကိုလိုက်လို့ ကွဲပြားစွာ သုံးသပ်ဖို့ လိုပေလိမ့်မည်။
အမျိုးသား သယံဇာတ အကျိုးစီးပွား
Resource Nationalism ဆိုတဲ့ ပြဿနာကို အခုနှစ်တွေ အတွင်းမှာ ပိုပြီးကျယ်ကျယ်လောင်လောင် ကြားလာရသည်ဟု ဆိုသည်။ နိုင်ငံတကာ စာရင်းအင်း လုပ်ငန်းစုကြီးဖြစ်တဲ့ EY ရဲ့ လေ့လာချက် ကိန်းဂဏန်းတွေ အရဆိုရင် သတ္တုသယံဇာတ ကဏ္ဍရဲ့ အန္တရာယ် အညွှန်းကိန်း ၁၀ ခုမှာ နံပါတ်(၉)အဖြစ် ရှိနေခဲ့ရာကနေပြီး ၂၀၁၁ ခုနှစ်မှာ နံပါတ်(၁)နေရာကို ခုန်တက်လာတဲ့အထိ ပူပူလောင်လောင် ဖြစ်လာခဲ့သည်။ ထူးခြားတဲ့ ရောဂါတစ်ခုလိုပဲ သူ့ရဲ့အကြောင်းရင်း ဇာစ်မြစ်ကို မရှာဖွေနိုင် နားမလည်နိုင်လည်း ရှိနေခဲ့ကြသည်။ ရောဂါလက္ခဏာ တွေကတော့ ပိုင်ရှင်နိုင်ငံ အစိုးရတွေက အခွန်တွေ တိုးကောက်မယ်။ စာချုပ်တွေ ပြန်ချုပ်ဆိုဖို့ လုပ်လာမယ်။ ဥပဒေတွေ ပြင်ဆင်ဖို့လုပ်မည် စသည်ဖြင့် ပြဿနာမျိုးစုံ ရှာလာပါသတဲ့။ အထူးသဖြင့် လက်တင် အမေရိကတိုက်က ဆိုရှယ်လစ် နိုင်ငံတွေဟာ ဒီကိစ္စမှာ အစွာဆုံး နိုင်ငံတွေဖြစ်တယ်။ အရင်းရှင် အနောက်နိုင်ငံတွေနဲ့ အမြဲဓမ္မန္တရာယ် ဖြစ်နေတဲ့ ရင်းမြစ်ကြွယ်ဝတဲ့ ဗင်နီဇွဲလားတို့ ဘိုလီးဗီးယားတို့က ရေနံထုတ်လုပ်မှုတွေကို နိုင်ငံပိုင်ပြုထားပြီး ဖြစ်ပေမယ့် အီကွေဒေါလို ဆိုရှယ်လစ် သံယောဇဉ် မကင်းတဲ့ အစိုးရက လတ်တလောမှာမှ သူ့နိုင်ငံထဲမှာ ရွှေတူးနေတဲ့ ကနေဒါပိုင် Kinross ကော်ပိုရေးရှင်းကြီးကို အခွန်ရာခိုင်နှုန်း ၇၀ ထိ တိုးကောက်ပြီး ပြဿနာ ရှာလိုက်တာကြောင့် နှစ်နှစ်လောက် ညှိနှိုင်းနေရင်း နောက်ဆုံးမှာ လုံးဝထွက်ခွာ သွားရလေသည်။ သတ္တုလုပ်ငန်းတွေအတွက် သာသာယာယာရှိခဲ့တဲ့ ချီလီတို့ ပီရူးတို့လို နိုင်ငံတွေမှာတောင် အမျိုးသားသယံဇာတဆိုတဲ့ အသံတွေ ထွက်စပြုလာပြီ။ တောင်အာဖရိကလို နှစ်ပရိစ္ဆေဒကြာအောင် လုပ်ငန်းစုကုမ္ပဏီကြီးတွေနဲ့ အသားတကျ လုပ်ကိုင်လာခဲ့တဲ့ နိုင်ငံကြီးမှာလည်း မိုင်းအလုပ်သမား သမဂ္ဂတွေရဲ့ မငြိမ်မသက်မှုတွေ အမျိုးသားပိုင် ပြုလိုမှုတွေနဲ့ လှုပ်လှုပ်ခတ်ခတ် ရှိနေသည်။ Resource Nationalism Index မှာ ထိပ်ဆုံးက ပြေးနေတဲ့ အာဖရိကနိုင်ငံတော်တော်များများရဲ့ ကြားထဲမှာ မြန်မာနိုင်ငံကလည်း နံပါတ်စဉ်(၅)မှာ ရှိနေသည်။ သြစတြေးလျလို နိုင်ငံမှာတောင် ဒီပြဿနာက မကင်းခဲ့။ အခွန်ရာခိုင်နှုန်း ၄၀ ထိ တိုးလိုက်တဲ့ Resource Super Profit Tax ကြောင့် အာဏာရ လေဘာပါတီ အတွင်းမှာ အကွဲအပြဲတွေပင် ဖြစ်ခဲ့ရသည်။ လက်ရှိမှာ အားလုံးအာရုံစိုက် ကြည့်နေကြရတဲ့ ပူပူနွေးနွေး ပြဿနာတစ်ခုကတော့ မွန်ဂိုလီးယားရဲ့ Oyu Tolgoi သတ္တုသိုက်ကြီး။
အမျိုးသား သယံဇာတ အကျိုးစီးပွားနဲ့ မွန်ဂိုလီးယား
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းက ရုရှားပြန် ဘူမိရူပ ပညာရှင် Sanj တစ်ယောက် ဒီနေရာကို ရောက်လာတော့ စိမ်းပြာရောင် အဆင်းရှိနေလို့ Turquoise Hill လို့ခေါ်ကြတဲ့ Oyu Tolgoi ကုန်းမြင့်ကြီးဟာ လူသူမနီး ကန္တာရကြီး အလယ်မှာ ဘာမှထူးခြားမှု မရှိလှသေး။ သူ့ကိုလွှတ်လိုက်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေက သိပ်မမျှော်လင့် ထားပေမယ့် သူကိုယ်တိုင်ကတော့ တစ်နေ့ပြီးတစ်နေ့ ထူးခြားစွာ တွေ့လာရတဲ့ ဘူမိအထောက်အထား တွေကြောင့် နောက်တစ်နေ့ မိုးလင်းဖို့ကိုတောင် စိတ်မရှည်နိုင်လောက်အောင် စိတ်အားထက်သန်မှုတွေ ဖြစ်ခဲ့ရသည်တဲ့။ နောက်ဆုံးတော့ San နဲ့ သူ့အဖွဲ့ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တစ်ခုဖြစ် တဲ့သတ္တုသိုက်ကြီးက မွန်ဂိုလီးယား တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တော့သည်။
တကယ့်တကယ်မှာ သယံဇာတ ကျိန်စာဆိုတာကို ပြည်သူလူထုကသာ တိုက်ရိုက်ခံစားရတာဖြစ်ပြီး သယံဇာတ အကျိုးစီးပွား ဆိုတာကျတော့ အုပ်ချုပ်သူ လူတစ်စုက အရင်ဆုံးစံစားရဖို့ ဖြစ်နေသည်။ ဖြစ်သင့်သည်ကတော့ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းကြီးတွေမှာ ပြည်သူရယ်၊ အစိုးရရယ်၊ ကုမ္ပဏီကြီးတွေရယ် သုံးဦးသုံးဖလှယ် တိုက်ဆိုင်ညှိနှိုင်း ယူရမည် . . .
|
စဉ်းစားကြည့်လေ။ ရွှေတွေ ငွေတွေ ကြေးတွေ၊ တစ်နှစ်ကို ဒေါ်လာရှစ်ဘီလီယံဖိုးလောက် အနှစ် ၄၀၊ ၅၀ ထုတ်လုပ်နိုင်မယ် ဆိုတဲ့ ပမာဏက အဲဒီနိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်လောက်ယောက်ယက် ခတ်သွားစေမလဲ။ အထူးသဖြင့် လက်ရှိတာဝန်ယူ လုပ်ကိုင်နေတဲ့ အစိုးရအတွက် ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးမှာ တစ်ခုခုချွတ်ချော် တိမ်းစောင်းမသွားဖို့ ပူပင်စိုးရိမ်စိတ်တွေ လိုတာထက် ပိုများချင် များလာမည်။ ဒါမှမဟုတ်ရလေ လိုလေ အိုတစ္ဆေဖြစ်ပြီး လောဘတွေ ပိုများလာတာလည်း ဖြစ်နိုင်သည်။ တစ်ကမ္ဘာလုံးကတော့ မွန်ဂိုလီးယားမှာ Resource Nationalism ရှိနေပြီလို့ ရောဂါတပ်ပေး လိုက်ကြပေပြီ။
ကမ္ဘာ့သတ္တု ၀ယ်လက်ကြီး တစ်ခုဖြစ်တဲ့ အိမ်နီးချင်း တရုတ်ကို ကျော်ပြီး ဗြိတိသျှပိုင် Rio Tinto ကုမ္ပဏီကြီးနဲ့ ဘယ်လိုအချိတ်အဆက် မိသွားသည်လည်းတော့မသိ ၂၀၀၉ ခုနှစ်မှာ စာချုပ်, ချုပ်တော့ မွန်ဂိုလီးယားဘက်က ၃၄ ရာခိုင်နှုန်းနဲ့ ကျန်တာအားလုံး ကုမ္ပဏီပိုင်။ ရုရှားဘက်ကို ပိုပြီးနီးစပ်တဲ့ မွန်ဂိုတွေအနေနဲ့ သမိုင်းရန်ဖက် တရုတ်ရဲ့ လွှမ်းမိုးမှုကို သတိထားတာလည်း ဖြစ်ကောင်းဖြစ်မည်။ အခုတော့ ကုမ္ပဏီဘက်က open pit ကြီးအတွက် ခြောက်ဘီလီယံနဲ့ စုစုပေါင်း ကုန်ကျငွေဒေါ်လာ ၂၂ ဘီလီယံလောက် ကုန်ကျပြီးကာမှ အစိုးရက စာချုပ်ကို ပြင်ဆင်ချင်လာသည်။ သူ့ဝေစုကို ၅၁ ရာခိုင်နှုန်း လိုချင်သည်ဟု ပြောလာသည်။ နိုင်ငံထဲကို ရောက်လာတဲ့ လုပ်ငန်းအဆောက်အအုံ အ၀၀နဲ့ နိုင်ငံတွင်းက ကန်ထရိုက် လုပ်ငန်းလေးတွေရဲ့ လည်ပတ်မှုကလွဲလို့ အခုထက်ထိ သူ့လက်ထဲကို ဒီသတ္တုတွင်းကြီးက အမြတ်ငွေတွေက လုံးလုံးခဲခဲ ၀င်မလာသေး။ ဖြစ်ချင်တော့ ကုမ္ပဏီ ကြီးကလည်း Underground အတွက် နောက်ထပ် ငါးဘီလီယံဖိုးလောက် တိုးချဲ့ဖို့ လုပ်လာသည်။ ထုံးစံအတိုင်း စာချုပ်က Production Sharing Contract ဆိုတော့ ရလာတဲ့ ရောင်းရငွေတွေထဲက ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အရင်နုတ်ရဦးမည်။ ကုန်ကျစရိတ်တွေ များလေ အသားတင် အမြတ်ဝင်ဖို့ နောက်ကျလေဆိုတော့ အစိုးရအနေနဲ့ နောက်ထပ်တိုးချဲ့မှုတွေကို မလုပ်စေချင်တော့ပြီလား။ အစတုန်းက ကောင်းဘိကောင်းရဲ့နဲ့ အနှောင်းကျမှ မသေချာချင်တော့ပြီလား။ ဒါမှမဟုတ် တကယ်ပဲ သူ့နိုင်ငံ လွင်ပြင်ကျယ်ကြီးတွေရဲ့ အလှသဘာဝကို ဒီထက်ပိုပြီး မပျက်စီးစေချင်သည်လား။ ပြီးခဲ့တဲ့ ဇူလိုင်လက ပထမဆုံး ထုတ်လုပ်မှုအဖြစ် တင်ပို့ရောင်းချတဲ့ သတ္တုတွေကို အစိုးရကြိုးနီ စနစ်အောက်မှာ မလိုအပ်ဘဲ ကြန့်ကြာစေရာကစလို့ နှစ်ဖက်အပြန်အလှန် ပြဿနာတွေ အရှိန်မြင့်လာခဲ့သည်။ Underground Project ကို ဆက်မလုပ် စေချင်ဘူးဆိုတော့ ကုမ္ပဏီကလည်း ခန့်ထားတဲ့ နိုင်ငံသားဝန်ထမ်း ၁၇၀၀ လောက်ကို အလုပ်ဖြုတ်လိုက်သည်။ အခွန်ရှောင်မှုတွေ ရှိနေတယ်လို့ အစိုးရက စွပ်စွဲ ပြစ်တင်ပြန်သည်။ ကုမ္ပဏီဘက်ကလည်း အခွန်ဒေါ်လာ တစ်ဘီလီယံကျော် ဆောင်ပြီးသွားပြီလို့ သက်သေပြသည်။ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ Oyu Tolgoi မိုင်း ပြဿနာအတွက် စက်တင်ဘာလထဲမှာ အရေးပေါ်လွှတ်တော် အစည်းအဝေးပင် ခေါ်ထားလေသည်။ ဒီပုံအတိုင်းဆို မပြီးမပြတ်ဖြစ်နေတဲ့ သတ္တုတွင်း ဥပဒေပြင်ဆင်မှု မူကြမ်းကိုလည်း အတည်မပြုနိုင် ဥပဒေကျကျနန မဖြစ်သေးတော့လည်း ပြသာနာတွေက ဖြေရှင်းဖို့ခက်ခဲနဲ့ လုံးချာလည် လိုက်နေပေဦးမည်။
အမျိုးသား သယံဇာတ အကျိုးစီးပွားနဲ့ မြန်မာပြည်
မြန်မာပြည်မှာလည်း သတ္တုတွင်း ဥပဒေကို အပြီးသတ် မပြင်ဆင်နိုင်သေး။ အတည်မပြုနိုင်သေး။ အဲဒီလို တူညီစွာ ကြန့်ကြာနေမှုကပင် အမျိုးသား သယံဇာတဆိုတဲ့ ပြဿနာရဲ့ လက္ခဏာတစ်ခုပေလား။ မြန်မာပြည်မှာရော ဒီပြဿနာက ဘယ်လောက်ထိ နက်ရှိုင်းနေသလဲ။
ဥပဒေ တရားဝင် အတည်မပြုရသေးပေမယ့် တာဝန်ရှိသူ အချို့ရဲ့ ပြောဆိုချက်တွေအရ နိုင်ငံတော်လို့ ဆိုရမယ့် သတ္တုတွင်း ၀န်ကြီးဌာနဘက်က ကိုယ်တိုင်အချိုးကျ ပါဝင်ရင်းနှီးမြှုပ်နှံမည် မဟုတ်ဘဲ Dead rent မြေငှားခ၊ Royalties ခိုင်ကြေးနဲ့ Tax အခွန်တွေသာ အမျိုးအစား ခွဲခြားကောက်ခံ ရယူမည်ဟု ဆိုသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖိတ်ခေါ်နေပေမယ့် အရေးပါသော သတ္တုသိုက်ကြီးများကိုတော့ အားလုံးချုပ်ဆို ပြီးစီးသွားပြီလို့ တစ်ခါတည်း ပိတ်ပြောထားသည်။ Green field နယ်မြေသစ်တွေမှာသာ ကိုယ့်နည်းပညာ ကုန်ကျစရိတ်နဲ့လာပြီး ရှာဖွေစမ်းသပ် တိုင်းတာဖို့ကို တိုက်တွန်းသည်။ ဒေသခံ တိုင်းရင်းသားပိုင် လုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ကိုလည်း လိုလားသည်ဟု ဆိုသည်။ ဆိုတော့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ထားမယ်ဆိုတဲ့ သဘောလက္ခဏာတွေ ပါဝင်နေသည်။ ဒါ့အပြင် ပြည်တွင်းထုတ်လုပ်မှု အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြင့်လာအောင် သတ္တုရိုင်းအတိုင်း တင်ပို့ရောင်းချခြင်းကို ကန့်သတ်မည်ဟုလည်း ပါရှိသေးသည်။ သင့်တင့်မျှတပုံတော့ ပေါ်နေသည်။ ဒါပေမဲ့ သင့်တင့်မျှတပုံပေါ်တဲ့ အဲဒီဥပဒေက ဘာလို့ကြန့်ကြာ နေသနည်း။

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေးများ အတွက် သြဂုတ် ၁၆ ရက်က ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်)
သို့ပေမဲ့ အကျပ်အတည်းဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်အသစ်ကတော့ လအနည်းငယ် အတွင်းမှာ လျင်လျင်မြန်မြန် ထွက်လာခဲ့သည်။ ရက်ရောလာပုံရတဲ့ စာချုပ်အသစ်အပေါ်မှာ ပြည်သူတွေအနေနဲ့ ကျေနပ်မှုတစ်စုံတစ်ရာ ရသွားလို့လားတော့မသိ။ လက်ပံတောင်းတောင် အရေးဆိုတဲ့ သွေးပူမှုတွေ တစ်တိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ အနည်းနဲ့အများတော့ အေးစက်သွားခဲ့သည်။ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ဒေသခံ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ကိုယ်တိုင်ပင် စာချုပ်အဟောင်းတုန်းက ပြည်သူတွေ မသိခဲ့ရသလို ဒီစာချုပ်အသစ်မှာလည်း ကျွန်မတို့အနေနဲ့ ဘာမှကြိုမသိ ခဲ့ရပါဘူးလို့ ပြောတာကလွဲလို့ ဒီထက်ပိုပြီး ဝေဖန်ဆန်းစစ်မူတွေ ထွက်မလာခဲ့တော့။
နဂိုတုန်းက နိုင်ငံတော်အတွက် သတ်မှတ်ထားတဲ့ အခွန်စုစုပေါင်း ၁၆ ရာခိုင်နှုန်းကလွဲလို့ တစ်ပြားတစ်ချပ်၊ တစ်စုတစ်ပုံမှ ဝေစုပေးမထားရာကနေ ၅၁ ရာခိုင်နှုန်းကြီး ဗြုန်းဆို ပေးပစ်လိုက်သည်။ ဒီဝေစုကြီးထဲမှာ မူလနိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေကိုလည်း ပါသည်ဟုဆိုသည်။ အရင်က ၅၁ ရာခိုင်နှုန်းရခဲ့တဲ့ သဘာဝမကျလှတဲ့ ဦးပိုင်ရဲ့ ဝေစုကြီးကိုတော့ ၁၉ ရာခိုင်နှုန်းအဖြစ် ချက်ချင်းကိုယ်ရှိန် သတ်လိုက်သည်။ အရင်တုန်းက မပါခဲ့တဲ့ Mine Closure Fund (သို့) Mining Rehabilitation Fund လို့ခေါ်တဲ့ ဒီသတ္တုတွင်းကြီး ပြီးဆုံးကုန်စင်သွားတဲ့အခါ (သို့) ဆက်မလုပ် ဖြစ်တော့တဲ့အခါ ဖုတ်ဖတ်ခါ ထမသွားဘဲ ပြန်လည်တည်ဆောက် အဆုံးသတ်ပေးနိုင်မယ့် အစီအစဉ်တွေ အတွက်လည်း နှစ်စဉ်ဒေါ်လာ နှစ်သန်း ထည့်ဝင်မ,တည် ထားမည်လို့လည်း ပါလာသည်။
Corporate Social Responsibility (CSR) လို့ အပြောများလာတဲ့ ဒေသခံလူထု အကျိုးအတွက် နှစ်စဉ်အမြတ်ငွေထဲက နှစ်ရာခိုင်နှုန်း အသုံးချသွားမယ် ဆိုတာကလည်း ရုတ်တရက်တော့ ငြင်းရက်စရာမရှိ။ သို့ပေမဲ့ ဒေသခံအများစုကတော့ ယနေ့ထက်ထိ ငြင်းဆန်ကန့်ကွက်နေဆဲ။ အညာနေပြင်းပြင်းအောက်မှာ ဖျင်အင်္ကျီ ခေါင်းမှာပတ်လို့ ၀ါးခမောက်တွေ ကိုယ်စီဆောင်းရင်း ရှိသမျှအင်အားနဲ့ တွန်းလှန်ဆန့်ကျင် နေကြဆဲပင်။ သူတို့တွေရဲ့ ဆန့်ကျင်မှုမှာ အမျိုးသားရေးစိတ်တွေ ကိန်းအောင်းနေပုံ ပေါ်နေပေမယ့် အမျိုးသား သယံဇာတ အကျိုးစီးပွားအတွက် တောင်းဆိုနေတာလား ဆိုတော့လည်း မဟုတ်ပေ။ သူတို့အတွက် မသေချာတဲ့ အကျိုးစီးပွားဆိုတဲ့ ကိစ္စကိုစိတ်ကူးပင် ယဉ်ကြည့်ပုံမပေါ်။ သူတို့လယ်မြေတွေ မဆုံးရှုံးရဖို့ကိုသာ လက်တွေ့ကျစွာ တောင်းဆိုနေကြလေသည်။ သယံဇာတ အကျိုးစီးပွား ဆိုတာကို ရယူလိုခြင်း မဟုတ်ဘဲ မပေးလိုခြင်းသာ ဖြစ်သည်။
တကယ်တော့ လက်ပံတောင်း အကျပ်အတည်းဟာ ဒေါ်အောင်ဆန်းစုကြည်လာပြီး ဖျောင်းဖျနားချရုံနဲ့ ပြေလည်သွားမည့် ပြဿနာမျိုး မဟုတ်။ တရုတ်ကုမ္ပဏီတွေ ၀င်ရောက်လာမှု၊ အစိုးရရဲ့ အာဏာစက်ပြင်းထန်မှု၊ လယ်ယာမြေ လျော်ကြေးနည်းပါးမှု၊ အနာဂတ် မရေရာမှုဆိုတာတွေ အောက်မှာ ဒေသခံတွေအတွက် မကျေနပ်မှု အဆောက်အအုံကြီးက ဖြစ်သင့်တာထက်ပိုပြီး ကျယ်ပြန့်နက်ရှိုင်းခဲ့ပြီး ဖြစ်နေသည်။ တကယ်ဆိုရင် မြန်မာပြည်မှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အမျိုးသား သယံဇာတ အကျိုးစီးပွားလို့ ပြောဖို့ထက် လူမျိုးစုတစ်ခုချင်း၊ တစ်ပြည်နယ်ချင်းရဲ့ တိုင်းရင်းသား သယံဇာတ အကျိုးစီးပွားရေး ပြဿနာတွေက ပိုလို့တောင် ရှုပ်ထွေးလက်ဝင်လှသည့် အခြေအနေ။
အမျိုးသား သယံဇာတ အကျိုးစီးပွားနဲ့ M2
မြန်မာနဲ့ မွန်ဂိုလီးယားရဲ့ တူညီမှု၊ ဆက်စပ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးရှင်းရှင်း မြင်ပေမယ်လို့ စီးပွားရေး အခွင့်အလမ်း လုပ်ကိုင်လိုသူ တချို့ကတော့ ဆန်းဆန်းပြားပြား မြင်ချင်မြင်ကြပေလိမ့်မည်။ Silk Road Management လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ တည်ထောင်သူ Alisher က Myanmar- Mongolia- Mozambique ဆိုတဲ့ နိုင်ငံသုံးခုရဲ့ ထူးခြားချက် တူညီမူတွေကို ဘုံထုတ်လို့ M3 Fund ရယ်လို့ပင် စီးပွားတီထွင်ထား ပြီးလေပြီ။ ဒီ M တွေဟာ ဆိုရှယ်လစ် စီးပွားရေး စနစ်ကြီးအောက်မှာ ကာလရှည်ကြာ ငြီးငွေ့နေခဲ့ကြပြီး တံခါးဖွင့်စီးပွားရေးကို စိတ်အားထက်သန် မြေစမ်းခရမ်းပျိုး ခါစမို့ စွန့်စားမှုများသလို အမြတ်အစွန်းလည်း မြင့်နိုင်မယ်လို့ တွက်ဆပုံရသည်။ ပြီးတော့ တခြား စီးပွားထုတ်လုပ်မှု၊ နည်းပညာ တတ်ကျွမ်းကျင်မှု ဘာမှမရှိခဲ့လေတော့ မြေထဲမှာရှိနေတဲ့ သယံဇာတတွေကိုသာ မှီခိုထုတ်ယူ စားသုံးကြမည့် အရိုင်းဆန်တဲ့ ဈေးကွက်တွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းနေပေလိမ့်မည်။ သယံဇာတ ကျိန်စာနဲ့ အမျိုးသားသယံဇာတ အကျိုးစီးပွားဆိုတဲ့ အသံတွေတော့ ညံကာ မှ ညံရော။
လူဦးရေ သုံးသန်းလောက်သာရှိတဲ့ မွန်ဂိုလီးယားလို ကုန်းပိတ်နိုင်ငံ တစ်ခုမှာ ပြည်သူလူထုရဲ့ အသံက မကြားရသလောက် ရှိပေမယ့် လူဦးရေသန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုရဲ့ အသံက ကျယ်လောင်လှသည်။ မွန်ဂိုလီးယား အစိုးရက အသံမထွက်တဲ့ ပြည်သူကိုနာမည်ခံပြီး အမျိုးသား အကျိုးစီးပွားအတွက် ကုမ္ပဏီကြီး တစ်ခုကိုချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ . . .
|
တကယ့်တကယ်မှာ သယံဇာတ ကျိန်စာဆိုတာကို ပြည်သူလူထုကသာ တိုက်ရိုက်ခံစားရတာဖြစ်ပြီး သယံဇာတ အကျိုးစီးပွား ဆိုတာကျတော့ အုပ်ချုပ်သူ လူတစ်စုက အရင်ဆုံးစံစားရဖို့ ဖြစ်နေသည်။ ဖြစ်သင့်သည်ကတော့ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းကြီးတွေမှာ ပြည်သူရယ်၊ အစိုးရရယ်၊ ကုမ္ပဏီကြီးတွေရယ် သုံးဦး သုံးဖလှယ် တိုက်ဆိုင်ညှိနှိုင်း ယူရမည်။ သို့ပေမဲ့ လက်တွေ့မှာတော့ ပြည်သူရဲ့ အသံကို အစိုးရက နားထောင်ချင်မှ နားထောင်သလို အစိုးရရဲ့ တောင်းဆိုမှုတွေကိုလည်း ကုမ္ပဏီကြီးတွေက လိုက်လျောနိုင်မှ လိုက်လျောပေလိမ့်မည်။ လူဦးရေ သုံးသန်းလောက်သာရှိတဲ့ မွန်ဂိုလီးယားလို ကုန်းပိတ်နိုင်ငံ တစ်ခုမှာ ပြည်သူလူထုရဲ့ အသံက မကြားရသလောက် ရှိပေမယ့် လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုရဲ့ အသံက ကျယ်လောင်လှသည်။ မွန်ဂိုလီးယား အစိုးရက အသံမထွက်တဲ့ ပြည်သူကိုနာမည်ခံပြီး အမျိုးသား အကျိုးစီးပွားအတွက် ကုမ္ပဏီကြီးတစ်ခုကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ ဆူညံနေတဲ့ ပြည်သူ့အသံကို မကြားဟန်ပြုလို့ ကုမ္ပဏီကြီးတွေနဲ့ လက်ဝါးချင်း ရိုက်ထားပြီးခဲ့ပြီ။ ဖြစ်ချင်တော့ အရင်အစိုးရ လက်ထက်က လုပ်ခဲ့တာတွေလို့ အပြစ်တင်လွှဲချ ဖို့ကလည်း Oyu Tolgoi မိုင်းကြီးကို ၁၉၉၈ ခုနှစ်လောက် ကတည်းက စပြီးဝန်ကြီးချုပ်သက်တမ်း နှစ်ဆက်။ အခုလက်ရှိလည်း ဒုတိယ သက်တမ်းဖြစ်နေတဲ့ သမ္မတကြီး ကိုယ်တိုင်ချုပ်ဆိုခဲ့တာ ဖြစ်သလို လက်ပံတောင်းတောင် ကြီးကိုလည်း အခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ၂၀၁၀ ပြည့်နှစ်ထဲက ပါဝင်လက်မှတ် ရေးထိုးထားတာ ဖြစ်နေပြန်တယ်။
ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက မြန်မာနဲ့ မွန်ဂိုလီးယားဆိုတဲ့ M2 က မဟာဗျူဟာမြောက် မဟာမိတ်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုတဲ့ လေလုံးထွားမှု သတင်းယောင် တစ်ခုဖြစ်သည်။ အဲဒီလိုသာ ဆိုရင်တော့ Resource Nationalism သည် ဇာတ်လိုက်ကနေ လူကြမ်းဖြစ်ချင် ဖြစ်လာမည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြည်ကြည်သာသာ မရှိလှတဲ့ အရိုင်းဈေးကွက်မှာ ကုမ္ပဏီကြီးတွေက ဆုတ်လည်းစူး၊ စားလည်းရူး ကုတ်ကတ်ပြီး ရသလောက်နဲ့ ကျေနပ်ကြရမည်လား။ မြန်မာပြည်က ၀မ်ပေါင်လို တရုတ်အစိုးရ ပေါ်လစီနဲ့ ကျောထောက်နောက်ခံ ပြုထားတဲ့ ကုမ္ပဏီကြီးမှာ ပြဿနာ မရှိပေမယ့် မွန်ဂိုလီးယားက Rio Tinto လို အစုရှယ်ယာရှင်တွေရဲ့ လိုအင်ဆန္ဒပေါ်မှာ အခြေပြုထားတဲ့ အများပိုင် ကော်ပိုရေးရှင်းကြီးတွေ အနေနဲ့တော့ မထောင်းသာလှ။
ဒေသခံ တိုင်းရင်းသားပြည်သူတွေ အတွက်ကတော့ စီးပွားရေး စားကျက်မြေအသစ် ရှာဖွေမှုတွေ အောက်မှာ CSR လိုင်စင်ရ ကုမ္ပဏီကြီးတွေရဲ့ တာဝန်ယူမှုတွေကို အသာထားလို့ ကိုယ့်တာဝန်ကိုယ် အရင်ယူရင်း ကိုယ့်စားကျက်မြေ အဟောင်းတွေ ပျောက်ကွယ်မသွားဖို့ကို အစွမ်းကုန်ကြိုးစား နေကြရပေသည်။
Written by ကေသွယ်
Category: