ပြည်ထောင်စု အစိုးရ သီးသန့်ရန်ပုံငွေဖြင့် မန္တလေးတိုင်း အတွင်းရှိ ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည်

ဧရာဝတီ မြစ်ကမ်းနံဘေးရှိ ကမ်းပါးပြိုနေသော ကျေးရွာတစ်ရွာအား တွေ့ရစဉ်
မန္တလေးတိုင်း ဒေသကြီးအတွင်း မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သော ကမ်းပါးပြို ကာကွယ်ရေး များအတွက် ပြည်ထောင်စုအ စိုးရသီးသန့် ခွင့်ပြုရန်ပုံငွေဖြင့် နိုဝင်ဘာလတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု အစိုးရ သီးသန့်ရန်ပုံငွေ ခွင့်ပြုချက်ဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့နယ် ဆိတ်ညံကျေးရွာ၊ တောင်သာ မြို့နယ်ရှိ ဆင်မင်းကျေးရွာ၊ မတ္တရာမြို့နယ် အတွင်းရှိ နန်းတော်ကျွန်း၊ သုံးဆယ်ပေနှင့် သူဌေးကုန်း ကျေးရွာများတွင် ကမ်းပါးပြို ကာကွယ်ရေးအတွက် မြေထိန်းနံရံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''ကမ်းပါးပြို ကာကွယ်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့လိုတဲ့ ကျေးရွာငါးရွာကို ပြည်ထောင်စု အစိုးရ သီးသန့်ခွင့်ပြု ရန်ပုံငွေနဲ့ ဆောင်ရွက်ဖို့ တင်ပြထားတာ တရားဝင် စာမထွက် သေးပေမယ့် ခွင့်ပြုချက်ကျပြီလို့ သိရပါတယ်။ အခိုင်အမာ မြေထိန်းနံရံတွေ တည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက် ရေးအတွက် အသေးစိတ် လေ့လာမှုတွေကို နိုဝင်ဘာလထဲမှာ စတင်လုပ်ဆောင် သွားမှာပါ'' ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး)တိုင်း ဦးစီးမှူးက ပြောကြားသည်။
ပြည်ထောင်စု အစိုးရ သီးသန့်ရန်ပုံငွေ ခွင့်ပြုချက်ဖြင့် ဧရာဝတီ မြစ်ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းများကို ကချင်ပြည်နယ်၌ လုပ်ငန်း ၁၀ ခုနှင့် မန္တလေးတိုင်း ဒေသကြီး၌ ရွာငါးရွာတို့တွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး လာမည့်ရေကျချိန်တွင် အသေးစိတ် တိုင်းတာရေးများ စတင်လုပ်ဆောင် မည်ဖြစ်သည်။
ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ ခွင့်ပြုငွေဖြင့် ရွာကိုးရွာနှင့် ပြည်ထောင်စု အစိုးရ သီးသန့်ခွင့်ပြု ရန်ပုံငွေဖြင့် ရွာငါးရွာတွင် အခိုင်အမာ မြေထိန်းနံရံများ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
Category:



