အာဆီယံ အသိုက်အမြုံ ထူထောင်ရန် ကျန်ရှိနေသော လုပ်ငန်းလိုအပ်ချက် ၁၈ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံက ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်ရမည်

အာဆီယံ အသိုက်အမြုံ (ASEAN Community) ထူထောင်ရန်အတွက် ကျန်ရှိနေသော လုပ်ငန်းလိုအပ်ချက် ၁၈ ရာခိုင်နှုန်းကို ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံက ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများအပြီး ထုတ်ပြန်ခဲ့သော အာဆီယံ၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံ ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်၌ အသက်ဝင်ရန် မျှော်မှန်းထားသော အာဆီယံ အသိုက်အမြုံ ထူထောင်ရေးကို ပိုမိုအားစိုက် လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။
ထို့အပြင် အာဆီယံအသိုက်အမြုံ ဖော်ဆောင်မှုတွင် တိုးတက်မှုများ မြင်တွေ့ရပြီး ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း စည်းလုံးရေးကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ် ဦးဥာဏ်လင်းက ပြောကြားသည်။
"အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေး ပုံစံတွေအတိုင်း လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး ကနဦးခြေလှမ်းတွေဟာ စီးပွားရေး အသွင်အပြင်တွေကို အခွင့်အလမ်း ပိုမိုကောင်းမွန်အောင် ပြောင်းလဲနေပါပြီ"ဟု ဦးဥာဏ်လင်းက ဆိုသည်။
လက်ရှိအချိန်တွင် အာဆီယံ အသိုက်အမြုံ တည်ထောင်ရန် လိုအပ်သည့် လုပ်ငန်း လိုအပ်ချက်အားလုံး၏ ၈၂ ဒသမ ၅ ရာခိုင်နှုန်းအား ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး လုံခြုံမှုအတွက် ၇၈ ရာခိုင်နှုန်း၊ စီးပွားရေးအတွက် ၇၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် လူမှုရေးနှင့် ယဉ်ကျေးမှုအတွက် ၉၀ ရာခိုင်နှုန်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်သို့ ရောက်ရှိရန် နှစ်နှစ်ကျော်သာ ကျန်ရှိတော့သည့်အတွက် အာဆီယံ ခေါင်းဆောင်များမှ ၂၀၁၅ လွန် အာဆီယံ အသိုက်အမြုံဆိုင်ရာ စီမံကိန်းများအတွက် "၂၀၁၅အလွန် မျှော်မှန်းချက်အတွက် ဘန်ဒါစရီဘီဂါဝန် ကြေညာစာတမ်း" ကို လိုက်နာရန် အာဆီယံခေါင်းဆောင်များက သဘောတူခဲ့ပြီး အဆိုပါ ကြေညာစာတမ်းတွင် အာဆီယံ မျှော်မှန်းချက်အား ဖော်ဆောင်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ပေးအပ်ခြင်း များကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
အာဆီယံ၏ မျှော်မှန်းချက်မှာ နိုင်ငံရေးအရ စည်းလုံးခြင်း၊ စီးပွားရေးအရ ပူးပေါင်းခြင်းနှင့် လူမှုရေးအရ တာဝန်ယူတတ်ခြင်းတို့ ရှိသည့် အသိုက်အမြုံတစ်ခု ထူထောင်ရန် သာမက စစ်မှန်သည့် လူထုအခြေပြု၍ စည်းလမ်း လိုက်နာသည့် အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင် သွားရန်ဖြစ်သည်။
Category:



