ပြည်တွင်းမှ လူငယ်အဖွဲ့များနှင့် နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမည်

hnm | 月曜日, 10月 14, 2013 |





ပြည်တွင်းမှ လူငယ်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ တွေ့ဆုံနိုင်ကြရန် ညီလာခံတစ်ခုပြုလုပ်မည်ဟု ဆန်းသစ်သုတေသန နှင့် နိုင်ငံရေးပညာပေး အဖွဲ့အစည်း (The Innovative) မှ သုတေသနမှူး ဒေါက်တာ အောင်ရဲထွဋ်တင်က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်အထိ နေပြည်တော်တွင် သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။“ဗဟို ချုပ်ကိုင်မှု 
လျှော့ချရေး ညီလာခံ” ဆိုသည့် ခေါင်းစဉ်အောက်တွင် နိုင်ငံရေးတွင် လျှော့ချပေးရန် လိုအပ်နေသော အကြောင်း အရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းမှ ဥပဒေအချို့သည် ဗဟိုစနစ်က လျှော့ချပေးသော်လည်း
ပြည်နယ်များတွင် ဆုပ်ကိုင်ထားဆဲဖြစ်နေသော ဥပဒေကြောင်းများကို အဓိကထားပြီး ပြောဆိုဆွေးနွေးမည်ဖြစ်သည်။

“ပြောင်းလဲနေတဲ့ နိုင်ငံတစ်ခုမှာ ဗဟိုအုပ်ချုပ်မှုက ချုပ်ကိုင်ထားတဲ့ အချို့အရာတွေကို လူငယ်တွေအနေနဲ့ သိအောင် ဦးတည်ပြီး လုပ်လိုက်တာပါ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ လူငယ်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများကို ဖိတ်ကြားထားပြီး ပါဝင်မည့် အဖွဲ့အစည်းများ၏ စာရင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြည်တွင်းမှ လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရ၀န်ကြီးဌာနများ တက်ရောက်မည်ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားနိုင်ငံ များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဆန်းသစ်သုတေသနနှင့် နိုင်ငံရေး ပညာပေးအဖွဲ့အစည်း (The Innovative) သည် လူငယ်များအတွက် Youth and Peace ဆိုသော ဖိုရမ်တစ်ခုကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သေးသည်။ ထို့အပြင် ဂျာမဏီ အခြေစိုက် Konrad Adenauer Stiftung (KAS) ဆိုသော အဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံပေါင်း ၁၃ခုမှ အမျိုးသမီး လွှတ်တော်အမတ်များနှင့်
မြန်မာနိုင်ငံမှ အမျိုးသမီးလွှတ်တော်အမတ်များ တွေ့ဆုံနိုင်ရန် နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှုဆိုသော ညီလာခံကို ယခုလက နေပြည်တော်တွင် ကျင်းပခဲ့သည်။

ကြယ်ပြာ(မဇ္ဈိမသတင်းဌာန)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ