"နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့" အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ အမြင်အာရုံ ချို့ယွင်းသူ ရှစ်ရာဝန်းကျင် လမ်းလျှောက်မှု ပြုလုပ်

White Star | 火曜日, 10月 15, 2013 |

R-16-10
ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲအား တွေ့ရစဉ်
"နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့" အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ နိုင်ငံတစ်ဝန်းရှိ မျက်မမြင် ကျောင်းများမှ အမြင်အာရုံ ချို့ယွင်းသူ ရှစ်ရာဝန်းကျင်က ရန်ကုန်မြို့၌ လမ်းလျှောက်မှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ရန်ကုန်မြို့၌ ၁၉၉၄ ခုနှစ်က စတင်ကာ ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲအဖြစ် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၂ ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲသို့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယမှ ၂၅၄ ဦး၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ၁၆၇ ဦး၊ စစ်ကိုင်း မျက်မမြင်ကျောင်းမှ ၂၈ ဦး၊ မိတ္ထီလာရှေ့ဆောင် မျက်မမြင်ကျောင်းမှ ၃၇ ဦး၊ ပြင်ဦးလွင် ပရဟိတာ မျက်မမြင်ကျောင်းမှ ၂၆ ဦး၊ မုံရွာရောင်ခြည်သစ် ပရဟိတ မျက်မမြင် ပညာသင်ကျောင်းမှ ၄၀ ဦး၊ သင်္ဃန်းကျွန်း မသန်စွမ်း (မျက်မမြင်) လူမှုဖွံ့ဖြိုးရေး အသင်းမှ ၄၂ ဦး၊ လှိုင်သာယာ စုပေါင်းအားမာန် မျက်မမြင်ကျောင်းမှ ၆၀ ဦး၊ စိန့်မေရီ မျက်မမြင် အလုပ်ရုံမှ  ၅၆ ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် မျက်မမြင် အကြောပြင် ပညာဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းမှ ၂၀ ဦး၊ မေတ္တာဥယျာဉ် ပရဟိတ မျက်မမြင်ကျောင်း၊ ရမည်းသင်းမြို့မှ ၁၈ ဦး၊ Perfect မျက်မမြင် အကြောပြင်ပညာ ပြန့်ပွားတိုးတက်ရေး ဖောင်ဒေးရှင်းမှ ၁၅ ဦး၊ မြစ်ကြီး နားမျက်မမြင် (လှိုင်သာယာနှင့် ပူးပေါင်း) ၁ ဦး၊ နေပြည်တော် မျက်မမြင် (နေပြည်တော်နှင့် ပူးပေါင်း) မှ ၂၅ ဦးနှင့် ကျန်းမာရေးဌာနမှ ၅ ဦး ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့" အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် ကျား ၄၈၇ ဦး၊ မ ၃၀၇ ဦး စုစုပေါင်း ၇၉၄ ဦး ပါဝင်ခဲ့ပြီး ၎င်းတို့အား ကူညီရန်အကူ ၃၁၁ ဦး ပါဝင်လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်မှု အပြီးတွင် ရန်ကုန်မြို့တော် ခန်းမ၌ အမြင်အာရုံ ချို့တဲ့သူများအား မျက်မှန်လက်ဆောင်ပေးခြင်း၊ မျက်မမြင် ကျောင်းများအား ပြည်သူများက လှူဒါန်းသည့် ငွေများအား ပြန်လည်ပေးအပ် လှူဒါန်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ၂၁ ကြိမ်မြောက် နိုင်ငံတကာ လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၁၂ ကျောင်းနှင့် ကျန်းမာရေး ဌာနတို့မှ မျက်မမြင်ဦးရေ ၇၇၇ ဦးတို့က ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။   

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ