ခွေးကိုက်မခံရအောင်

White Star | 水曜日, 10月 16, 2013 |

A.17.10.2013
ယခုတလော ခွေးရူးရောဂါအကြောင်း၊ ခွေးကိုက်ခံရ၍ သေဆုံးရမှုအကြောင်း လူထုအတွင်း ပျံ့နှံ့ ဆူပွက် လာပြန်သည်။ ခွေးရူးရောဂါသည် ခွေးကိုက်ခံရမှု၊ ခွေးကရူး မရူး မသေချာသော်လည်း ခွေးကိုက်ခံရပြီး ခွေးရူးပြန် သေဆုံးမှု၊ ခွေးကိုက်ခံရပြီး ရူးနေသည့် မြင်းတစ်ကောင် အကိုက်ခံရလို့ လူတွေ ဆေးရုံတက် ကုသခံရမှု စတာတွေ စုံလင်လှသည်။ "ဆရာရေ မလွယ်ဘူး။ မရမ်းကုန်း တစ်မြို့နယ်လုံး ဖြစ်နေပြီ"ဟု ဆေးကုလာရင်း ပြောသူတွေလည်းရှိသည်။ ထို့ကြောင့် ခွေးရူးရောဂါ ကူးစက်ခံရမှု လျော့နည်း ပပျောက်စေရေးနှင့် လူထုအတွင်း စိုးရိမ်သောကများမှု ပြေလျော့စေရန် ရည်ရွယ် ရေးသားလိုက်ပါသည်။
ခွေးရူးရောဂါဆိုတာ လူ့သမိုင်းနှင့်အတူ ရှည်လျားစွာ ယှဉ်တွဲလာသည့် ခွေးများတွင် ကြောက်စရာ အကောင်းဆုံးနှင့် လူကို သေစေနိုင်သည့် ရောဂါဖြစ်သည်။ကမ္ဘာမှာ နှစ်စဉ်လူပေါင်း ငါးသောင်းကျော်၊ မြန်မာနိုင်ငံမှာ ထောင်ကျော် သေဆုံးစေသည်။ထို့ကြောင့် လူများကြောက်ရွံ့မည်ဆိုလည်း ကြောက်စရာပင်ဖြစ်သည်။

ခွေးရူးရောဂါ ကူးစက်ခံရခြင်းတွင် (၁) ခွေးရူးကိုက်ခံရခြင်း၊ (၂) ခွေးရူးလက္ခဏာမပြ (ခွေးမရူးသေး)သည့် ခွေးကိုက်ခံရခြင်း၊ (၃) ရူးနေသည့် ခွေး၏ သွားရည်နှင့် အနာရှိသည့် ခြေလက်များကို ထိမိခြင်း၊ (၄) ခွေးရူးပိုး သွားရည်ထဲတွင် ရှိနေသည့်ကြောင်နှင့် အခြားတိရစ္ဆာန်တို့ ကိုက်ခံရခြင်း စသည်တို့ ပါဝင်ပါသည်။ ခွေးရူးရောဂါပိုး လူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိကူးစက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ အသားအရေမှ တစ်ဆင့် သွေးအတွင်းရောက်ရှိသည့် လမ်းကြောင်းသာဖြစ်သည်။ အခြားသော အစားအသောက်၊ အသက်ရှူလမ်းကြောင်းတို့မှ ၀င်ရောက်မှုမရှိပါ။
ခွေးရူးပိုး လူ၏ခန္ဓာကိုယ်ထဲသို့ မရောက်စေရန် တားဆီးကာကွယ်ရန် အရေးကြီးသည်။ အဓိကအကျဆုံးမှာ ခွေးကိုက်မခံရဖို့ ဖြစ်သည်။ အများစုသော ကူးစက်ခံရမှုမှာ ခွေးကိုက်ခံရခြင်းက ရာနှုန်းပြည့် နီးပါးဖြစ်သည်။ ခွေးကိုက်မခံရအောင် မည်သို့လုပ်မည်နည်း။ ထိုမေးခွန်းသည် ခွေးရူးရောဂါ တားဆီးကာကွယ်ရေးအတွက် အရေးကြီးသော မေးခွန်းဖြစ်သည်။ ခွေးကိုက်မခံရအောင် (၁) ခွေးလေ ခွေးလွင့်ပေါသော လမ်းဘေးခွေး၊ ပိုင်ရှင်မဲ့ ခွေးများအားလုံးကို သုတ်သင်ရှင်းလင်းခြင်း (သတ်ပစ်ခြင်း)၊ (၂) လူ့အဖွဲ့အစည်းနှင့် ခွေးအဖွဲ့အစည်းနှစ်ခုကို သီးခြားစီ ခွဲခြားထားခြင်း၊ (၃) ခွေးလေ ခွေးလွင့်များကို လိုက်လံဖမ်းဆီးပြီး (ISO Lation) ခေါ် ထိန်းသိမ်း စောင့်ရှောက်ထားခြင်းဟူ၍ သုံးမျိုးရှိသည်။

ခွေးရူးရောဂါဆိုတာ လူ့သမိုင်းနှင့် အတူ ရှည်လျားစွာ ယှဉ်တွဲလာသည့် ခွေးများတွင် ကြောက်စရာ အကောင်းဆုံးနှင့် လူကိုသေစေနိုင်သည့် ရောဂါဖြစ်သည်။ကမ္ဘာမှာ နှစ်စဉ်လူပေါင်း ငါးသောင်းကျော်၊ မြန်မာနိုင်ငံမှာ ထောင်ကျော် သေဆုံးစေသည်  . . .
အမှတ်စဉ် (၃) ဖြစ်သည့် ခွေးလေ ခွေးလွင့်များကို လိုက်လံဖမ်းဆီးပြီး ထိန်းသိမ်း စောင့်ရှောက်ရန် ခွေးဂေဟာခေါ် တိရစ္ဆာန် စောင့်ရှောက်ရေးစခန်းများ တည်ထောင်ခြင်းက အကောင်းဆုံး နည်းလမ်းဟု ထင်သည်။ တိရစ္ဆာန်များ၏ မွေးရာပါ အခွင့်အရေးကိုလည်း ရရှိစေနိုင်သည်။ ဘာသာတရား၊ မင်္ဂလာတရားနှင့်လည်း ညီညွတ်သည်။ လူသားများတွင် ရှိသင့်သည့် ကိုယ်ချင်းစာတရား၊ မေတ္တာတရားကို ဖော်ညွှန်းရာလည်း ရောက်သည်။ တိရစ္ဆာန်ချစ်သူများကို ကျေနပ်နှစ်သိမ့် စေနိုင်သည်။ ခွေးရူးရောဂါ ပျံ့နှံ့မှုကိုလည်း ထိန်းချုပ်နိုင်သည်။ အလှူဒါနပြု ကုသိုလ်ယူချင်သူများ အတွက်လည်း အဆင်ပြေသည်။တိရစ္ဆန်ချစ်တတ်သူနှင့် တိရစ္ဆာန် ကြောက်ရွံ့တတ်သူများ၊ အမုန်းပွားမှု၊ ပြဿနာဖြစ်မှု၊ အဆင်မပြေမှုများ ကင်းဝေးစေနိုင်သည်။ သက်ဆိုင်ရာမှ သုတ်သင်ရှင်းလင်းရေးအတွက် လူနှင့် ကုန်ကျစရိတ် သက်သာပြီး လူထုအတွက် အကျိုးရှိသည့် အခြားနေရာများတွင် သုံးနိုင်မည်။ လူသာဓု၊ နတ်သာဓု ခေါ်ဆိုနိုင်မည်။ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" နည်းဟု ယူဆပါသည်။
ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးများ ထိုးပေးခြင်းသည် ခွေးတွင် ရောဂါကူးစက် ပျံ့နှံ့မှုကို တားဆီးခြင်းပင်ဖြစ်သည်။ ခွေးအချင်းချင်း ရောဂါကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ခြင်းဖြစ်သည်။ ခွေးလေခွေးလွင့် အားလုံးကို ကာကွယ်ဆေး ထိုးပေးဖို့ မလွယ်လှပါ။ အခက်အခဲများစွာရှိသည်။ စနစ်တကျ မှတ်တမ်းတင်ခြင်း (ထိုးသည့်ရက်စွဲ၊ ခွေး၏ အမှတ်အသား၊ တစ်ကောင်ချင်းစီ မှတ်တမ်း) များရှိရန်လိုသည်။ နှစ်စဉ် မှန်မှန်ထိုးရန် လိုအပ်သည်။ ကာကွယ်ဆေးထိုးပြီးသား ခွေးတစ်ကောင်ကို နောင်နှစ်သတ်မှတ်ချိန် မကျော်မီ ပြန်ထိုးရန် လိုအပ်သည်။ ကျွန်တော့် အတွေ့အကြုံတစ်ခု တင်ပြပါမည်။ ခွေးတစ်ကောင် နှစ်စဉ် ကာကွယ်ဆေး ထိုးခဲ့ သည်။ နောက်ဆုံးအကြိမ် ထိုးမည့်အချိန် မထိုးဖြစ်ဘဲ နှစ်လကျော်မှ ထိုးဖြစ်သည်။ ထိုနှစ်လအတွင်း၌ လူကိုက်ခံရရာ ခွေးရူးရောဂါဖြစ်ပြီး သေဆုံးသွားသည်။ထို့ကြောင့် အချိန်တိကျစွာ ထိုးဖို့ အရေးကြီးသည်။ နေရာအတည်တကျမရှိ သွားလာနေထိုင်သည့် ခွေးတစ်ကောင်ကို နောင်နှစ် ဒီအချိန် ကာကွယ်ဆေး ပြန်ထိုးဖို့ မလွယ်လှပါ။ တစ်နိုင်ငံလုံးရှိ ခွေးများကို ထိုသို့လုပ်ဆောင်ရန် မလွယ်လှပါ။ နောက်တစ်ခုရှိသေးသည်။ ခွေးအားလုံးကို ကာကွယ်ဆေး ထိုးနိုင်သည်ဆိုဦးတော့။ ကာကွယ်ဆေးထိုးထားသည့် ခွေးတစ်ကောင် ကိုက်ခံရသည်ဆိုပါစို့။ ကိုက်ခံရသည့် လူတစ်ယောက် ခွေးရူးရောဂါ ကူးစက်ခံရနိုင်မှုမှာ ရာခိုင်နှုန်းပြည့် စိတ်ချယုံကြည်ရမှုရှိ မရှိ ဆိုတာလည်း အရေးကြီးပါသည်။ ခွေးကိုက်ခံရလျှင် ဆေးရုံ၊ ဆေးခန်းပြရမည်။ ဆရာဝန်က ကာကွယ်ဆေးထိုးထားသည့် ခွေးပင် ဖြစ်လင့်ကစား လူမှာ ခွေးရူးရောဂါမဖြစ်နိုင်ဟု အာမမခံပါ။ ထို့ကြောင့် လူကိုကာကွယ်ဆေး ထိုးရန်ပြောကြသည်။ လူကို ကာကွယ်ဆေး ထိုးရမည်။ သဘောက ခွေးကို ကာကွယ်ဆေး ထိုးထားသော်လည်း ခွေးကိုက်ခံရသည့်လူမှာ ရောဂါမဖြစ်နိုင်ဟု အာမခံချက် အပြည့်အ၀ ကျွန်တော်တို့လည်း မပေးနိုင်၊ ဆရာဝန်များလည်း မပေးနိုင်သည့်အတွက် လူမှာ ကာကွယ်ဆေး ထိုးရဦးမည်ဖြစ်ပါသည်။
ခွေးများကို ကာကွယ်ဆေးထိုးခြင်းသည်  ခွေးများအချင်းချင်း ရောဂါကူးစက် ပျံ့နှံ့မှုကိုသာ လောလောဆယ် ထိန်းချုပ်နိုင်မည်။ လူအတွက် စိုးရိမ်ကြောင့်ကြမှုနှင့် ကာကွယ်ဆေး မထိုးရဖို့ အပြည့်အ၀မပေးနိုင်ပါ။ ကာကွယ်ဆေးကို ခွေးများတွင် ထိုးနှံပေးခြင်းသည် အကျိုးမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ ခွေးကိုက်ခံရသည့် လူများတွင် စိုးရိမ်ကြောင့်ကြမှုနှင့် ကာကွယ်ဆေးထိုးရန် လိုအပ်မှု ရှိနေဦးမည်ကို ဆိုလိုခြင်းဖြစ်သည်။
ခွေးများကို ကာကွယ်ဆေးထိုးခြင်းသည် ခွေးများတွင် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်မည်။ ခွေးများတွင် ရောဂါခံနိုင်ရည်အား ရရှိစေမည်။ လူကို ရောဂါကူးစက်နိုင်မှု အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်။ သို့သော် တစ်ပြည်လုံးရှိ ခွေးများတွင် ခွေးရူးရောဂါ ကင်းစင်ပပျောက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်မည်။ မည်သည့် အချိန်ကာလရောက်မှ တစ်နိုင်ငံလုံးရှိ ခွေးများ ရောဂါကင်းစင် ပပျောက်ကြောင်း အာမခံနိုင်မည် မသိပါ။ တစ်နိုင်ငံလုံးရှိ ခွေးများတွင် ရောဂါပိုး ကင်းစင်ပပျောက်ကြောင်း ပြည်သူကို ယုံကြည် အာမခံပေးနိုင်သည့် အချိန်တွင်တော့ လူများ ခွေးကိုက်ခံရသော်လည်း စိုးရိမ်စရာမရှိတော့ပါ။ ထိုအခြေအနေ မရောက်ခင်အထိတော့ ခွေးကိုက်ခံရသည့် လူများတွင် ရောဂါဖြစ်နိုင်မှုအတွက် စိုးရိမ်ကြောင့်ကြစိတ် ရှိနေဦးမည်ဖြစ်ပါသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအတွက် ခွေးအားလုံး ထိုးနှံဖို့တော့ လောလောဆယ် မလွယ်လှပါ။ တစ်ပြည်လုံးတွင် ခွေးလေ ခွေးလွင့် မည်မျှရှိမည်။ ကာကွယ်ဆေးမည်မျှ လိုအပ်မည်။ ကုန်ကျစရိတ်နှင့် အကောင်အထည်ဖော်မည့် အဖွဲ့အစည်း၊ လူနှင့် ပြည်သူ ပံ့ပိုးကူညီမှုများစွာ လိုအပ်ပါသည်။ ယနေ့အချိန်အခါတွင် မွေးကုဦးစီးဌာန၊ စည်ပင်သာယာ၊ တိရစ္ဆာန် ဆေးကုဆရာဝန်များနှင့် တိရစ္ဆာန်ချစ်သူအဖွဲ့များက လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တွက်ချက်ပါက များစွာနည်းနေပါသေးသည်။ လက်လှမ်း မမီနိုင်သည်များစွာ ကျန်နေသေးသည်။ လူဦးရေ ထူထပ်များပြားသည့် မြို့ကြီးများမှာတောင် အပြည့်အ၀ မလုပ်နိုင်သေးပါ။
ခွေးရူးရောဂါ မဖြစ်အောင် ခွေးကိုက်မခံရဖို့က အဓိကလိုအပ်ပါသည်။ ခွေးကိုက်မခံရအောင် အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အထိရောက်ဆုံး၊ အမြန်ဆုံး နည်းလမ်းမှာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း (ဂေဟာ)များ ထူထောင်ခြင်းဟု ထင်ပါသည်။ လူဦးရေ ထူထပ်များပြားသည့် မြို့ကြီးများတွင် ဦးစားပေး ထူထောင်ရန် သင့်ပါသည်။ ထိုဂေဟာများ ပေါ်ထွန်းစေရန် လိုအပ်ချက်များ ရှိပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရပ်ကွက်တွင်းတွင် ခွေးလေခွေးလွင့် နည်းလာမည်။ တဖြည်းဖြည်းနှင့် ပပျောက်သွားမည်။ ခွေးလေ ခွေးလွင့် မရှိတော့လျှင် လူများခွေးကိုက်ခံရခြင်း လွတ်ကင်းမည်။ ခွေးကိုက်ခံခြင်း မရှိတော့လျှင် ခွေးရူးရောဂါကြောင့် ကာကွယ် ဆေးထိုးရခြင်း၊သေဆုံးခြင်း၊ မထိုးနိုင်၍ ကြောက်စရာ မလိုတော့ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်းများ ပပျောက်သွားနိုင်မည်။

လက်ရှိနိုင်ငံတွင် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နေသည့် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာများ မရှိသလောက် နည်းပါးသည်။ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း လုပ်ဆောင်နေသည်တော့ ရှိသည်။ ရေရှည်စီမံချက်နှင့် စနစ်တကျလုပ်ရန် လိုပါသည်။ အောင်မြင်မှု အပြည့်အ၀ရရှိရန် အကြံပေးရလျှင် တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ခွေးရူးရောဂါ ပပျောက်ရေး ဖောင်ဒေးရှင်းလိုမျိုး ထူထောင်ဖို့ လိုအပ်ပါသည်။ လွတ်လပ်သော လူမှုအဖွဲ့အစည်းဖြစ်လျှင် ပိုကောင်းပါသည်။ သို့သော် သက်ဆိုင်ရာ အစိုးရ၊ ဌာနဆိုင်ရာ၏ အကူအညီလည်း လိုပါသည်။ မြေနေရာ၊ အဆောင်အအုံလိုမည်။ ပညာရှင်လိုမည်။ အဓိက ရန်ပုံငွေလိုမည်။ ပြည်တွင်း ပြည်ပအဖွဲ့များမှ အကူအညီလိုမည်။ စေတနာ့ဝန်ထမ်း၊ အလှူရှင်များနှင့် လူထုပါဝင်ဖို့ လိုအပ်ပါသည်။ သို့မှသာ ရေရှည်ထိရောက် အောင်မြင်ပါလိမ့်မည်။
ခွေးကိုက်မခံရအောင် အကြံပေးရလျှင် သွားရင်းလာရင်း ခွေးတစ်ကောင်တွေ့သည် ဆိုပါစို့။ထိုခွေးကို သတိပြုလိုက်ပါ။ သူနှင့် အတတ်နိုင်ဆုံး ဝေးဝေးမှ သွားပါ။ ထိုခွေး မိမိကို ဂရုစိုက်မိစေမည့် အမူအရာ၊ အသံမလုပ်ပါနှင့်။ ပုံမှန် ဣနြေ္ဒမပျက်သွားပါ။ မိမိလက်ထဲမှာ အနီးအနားမှာ ခြောက်လှန့်စရာ တုတ်၊ခဲ တစ်ခုခု ကြည့်ထားပါ။ မပြေးပါနှင့်။ ခွေးက မိမိကိုစိုက်မကြည့်၊ အသိအမှတ်မပြုလျှင် မစိုးရိမ်ပါနှင့်။ မိမိကို စိုက်ကြည့်၊ စောင်းကြည့်လျှင် သတိထားပါ။ မိမိဆီသို့ ဦးတည်လာခဲ့လျှင် မပြေးပါနှင့်။သူနှင့် မျက်ချင်းဆိုင်ရပ်၍ အသံ ခပ်ပြင်းပြင်းပေးပြီး တစ်ခုခုနှင့် ခြောက်လှန့်လိုက်ပါ။ များစွာထိရောက်နိုင်ပါသည်။
မိုးအကုန် ဆောင်းအကူး ရောက်လာသည့်အတွက် ရာသီဥတုရော ခွေးများပါ အသွင်ကူးပြောင်း လှုပ်ရှားလာကြသည်။ ခွေးများလည်း သူတို့သဘာဝ ပျော်မြူးလာတတ်ကြသည်။ ဂနာမငြိမ် စိတ်လှုပ်ရှားလာကြသည့် အချိန်ဖြစ်၍ လမ်းသွားလမ်းလာ ပြည်သူများ ပို၍ဂရုစိုက်သင့်ပါသည်။ ခွေးတိုင်း လူကိုမကိုက်ပါ။ ခွေးကိုက်ခံရတိုင်းလည်း ရောဂါမဖြစ်နိုင်ပါ။ ခွေးကိုက်ခံရသည့်လူတိုင်းက ကာကွယ်ဆေးထိုးမည်မဟုတ်ပါ။  မထိုးသူတွေရှိပါမည်။ သေဆုံးသူ ထောင်ကျော်ရှိသည်ဟု ဆိုသည်။ ခွေးကိုက်ခံရသော်လည်း ကာကွယ်ဆေး မထိုးနိုင်သူ၊ မထိုးဖြစ်သူများတွင် ရောဂါမဖြစ်တာ များစွာ ရှိနေနိုင်ပါသည်။ မီဒီယာအချို့တွင် ရေးနေကြသော မြန်မာနိုင်ငံရှိ ခွေးများ၏ လေးပုံသုံးပုံ(၇၅ရာခိုင်နှုန်း)၌ ခွေးရူးရောဂါပိုး ရှိသည်ဆိုသောကိစ္စနှင့် ပတ်သက်ပြီး ထိုသတင်း အရင်းအမြစ် ထွက်ရှိရာဌာနမှ တာဝန်ရှိသူ တစ်ဦးနှင့် ဆွေးနွေးပွဲတစ်ခုတွင် မေးမြန်းခဲ့သည်။ ပြန်လည်ဖြေကြားသည်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနသို့ စစ်ဆေးပေးရန် ရောက်ရှိလာသည့် ခွေးများ၏ လေးပုံသုံးပုံ(၇၅ရာခိုင်နှုန်း)တွင် ခွေးရူးရောဂါပိုး တွေ့ရှိသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ခွေးများ၏ ၇၅ ရာခိုင်နှုန်းကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ နားလည်မှု လွဲခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ ခွေးကိုက်မခံရတာ အကောင်းဆုံးဖြစ်သလို ခွေးမကိုက်နိုင်အောင် လုပ်ဆောင်တာလည်း မြန်မာနိုင်ငံ၏ လောလောဆယ် အနေအထားအရ အသင့်တော်ဆုံးဟု ယူဆပါသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ