လူငယ်များရဲ့ စာမျက်နှာ
တစ်လောက သတင်းတွေထဲမှာ လူငယ်လေးတွေ အုပ်စုဖွဲ့ရမ်းကားကြတာ၊ ရိုက်ကြ နှက်ကြတာကို ဖတ်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တိုင်က လူငယ်ဘ၀ကို လူငယ်ပီပီ ဖြတ်သန်းခဲ့ရတော့ သူတို့ဘာကြောင့် ဒီလိုလုပ်ရပ်တွေ လုပ်ကြတယ်၊ ဒီလို အကြောင်းတရားတွေ ဖြစ်နေကြသလဲဆိုတာကို နားလည်မိပါတယ်။ ဒီလူငယ်တွေဟာ ဘ၀မှာ စာမျက်နှာ အလုခံရတာ၊ ဆုတ်ဖြဲခံရတာ ဒါမှမဟုတ် ပျောက်ဆုံးနေခဲ့ကြတာပါ။
လူငယ်တစ်ယောက်ရဲ့ စာမျက်နှာလှဖို့အတွက် အဓိက အရေးကြီးဆုံးနဲ့ တာဝန်အရှိဆုံးက မိဘတွေလို့ မြင်ပါတယ်။ မိဘတွေကို စော်ကားလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အရမ်းရင်းနှီးတဲ့ မိသားစုတစ်ခုရှိပါတယ်။ ဖခင်လုပ်တဲ့သူက NGO တစ်ခုက ၀န်ထမ်းပါ။ သူ့မှာ သမီးသုံးယောက်နဲ့ သားတစ်ယောက် ရှိပါတယ်။ ကလေးတွေကို အမှတ်မထင် နင်တို့အဖေလုပ်တဲ့ NGO က ဘာတွေလုပ်တဲ့ NGO လည်းလို့မေးတော့ ကလေးအားလုံး တညီတညွတ်တည်း မသိဘူးလို့ ဖြေကြပါတယ်။ အငယ်ဆုံး သမီးလေးက ရှစ်တန်းကျောင်းသူတောင် ဖြစ်နေပါတယ်။ ဖခင်လုပ်တဲ့သူရဲ့ အလုပ်ကို မသိဘဲနဲ့ ကြီးပြင်းရမယ့် ဒီကလေးတွေကို စိတ်ပူမိခဲ့ပါတယ်။ သူတို့ရဲ့ဖခင်ကိုပြောပြတော့ လူကြီးတွေကိစ္စကို သိစရာမလိုဘူး။ ကလေးအလုပ် ကလေးလုပ်စေချင်တယ်လို့ ပြောလာတယ်။ သိတ်မကြာခင်မှာဘဲ သမီးအကြီးဆုံးက မိဘတွေ မျက်နှာပျက်ရမယ့် အလုပ်ကို လုပ်သွားခဲ့ပါတယ်။ သမီးကြီးနဲ့ တွေ့တော့ သူလုပ်ခဲ့တဲ့ အမှားကို သူလုံးဝ မသိနားမလည်ဘဲ ကျူးလွန်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။
လူငယ်တွေဟာ သူတို့စာမျက်နှာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိတယ်လို့ မြင်ပါတယ်။ ဒါကို အသိအမှတ်ပြု လက်ခံပေးဖို့တော့ လိုတယ်လေ။ တစ်နေ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂက လူငယ်လေးတစ်ယောက် ရောက်လာတယ်။ သူတို့နယ်မှာ စာပေဟောပြောပွဲတစ်ခု လုပ်မယ်။ သမိုင်းစာမျက်နှာမှာ ကမ္ဘာသိအောင် လုပ်ဆောင်ခဲ့ကြတဲ့ သူတို့ရဲ့နောင်တော်ကြီးတွေကို ဖိတ်ကြမယ်။ နောင်တော်ကြီးများကလည်း ကျောင်းသားဆိုတဲ့ သွေးတွေ မပြတ်စီးဆင်းနေလေတော့ တကသ ကလေးတွေရဲ့ဖိတ်ကြားမှုကို လက်ခံလိုက်တာပေါ့။ လူငယ်လေးတွေရဲ့ မြို့လေးမှာ သိပ်လှတဲ့ ပွဲတစ်ပွဲဖြစ်မှာ သေချာနေခဲ့တယ်။ သိတ်မကြာခင်မှာဘဲ စာပေဟောပြောပွဲအတွက် ကော်မတီဖွဲ့တော့ ကျောင်းသား လူငယ်လေးတွေ တစ်ယောက်မှ ပါမလာပါဘူး။ မြို့ထဲက စာပေ ၀ါသနာအိုးကြီးတွေ၊ မြို့မိမြို့ဖဆိုသူတွေ၊ ကျောင်းသားဟောင်းကြီးတွေက စာမျက်နှာဝင်ယူကြတာ တွေ့လိုက်ရတယ်။ တကသ ကလေးတွေ စတင် ဖန်တီးရေးဆွဲခဲ့တဲ့ စာမျက်နှာဟာ လုယူ ခံလိုက်ရတာလို့ မြင်မိတယ် ။
လူငယ်ဆိုတာ ဖန်တီးနိုင်စွမ်းအား ကောင်းသူတွေပါ။ ခန္ဓာဗေဒအရလည်း ကြံ့ခိုင်မှုပိုတယ်။ သူရဲကောင်း စိတ်တွေလည်း ရှိနေတယ်။ ဒါကြောင့် လူငယ်တွေက စာမျက်နှာ ဖွင့်တဲ့နေရာမှာ အစစအရာရာ အားသာတယ်။ ကိုယ့်မဖွင့်နိုင်တော့တဲ့ မဖွင့်တတ်တော့တဲ့ ၊ ဖွင့်ရမှာ ကြောက်နေတဲ့ စာမျက်နှာအတွက်တော့ လူငယ်တွေကို ခုတုံးလုပ်တာ၊ လမ်းပိတ်ထားတာမျိုး မလုပ်မိကြစေချင်ပါဘူး။ သူတို့တွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ . . .
|
လူငယ်တွေကို မမြှောက်ပေးပါနဲ့လို့ လူကြီးတွေက ကိုယ့်ကိုပြောတာ အကြိမ်ကြိမ်ခံခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ ၀န်ခံပါတယ်။ မြှောက်ပေးမိခဲ့ပါတယ်။ မြှောက်ထိုးပင့်ကော် လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ တပည့်လေး တစ်ယောက်ကို အဲဒီလို မြှောက်ပေးမိခဲ့လို့ အခုထိလူကြီးအချို့ရဲ့ အမုန်းကိုခံနေရဆဲပါ။ အဲဒီတပည့်လေး ပဉ္စမတန်းအရွယ်မှာ စာအရမ်းညံ့သလို အခြားသောအရာများမှာလည်း မတော်ပါဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ဘောလုံးကန်ချင် ဖမ်းချင်နေတဲ့ ကလေးပါ။ ဒါကြောင့် အခြားသောဆရာ၊ ဆရာမတွေရဲ့ အငြိုအငြင် အမြဲခံနေခဲ့ရပါတယ်။ ခဏခဏ အဆူခံနေရတော့ ကလေးက သိမ်ငယ်စိတ်ဝင်နေတာကို တွေ့ရပါတယ်။ ပေတေတေ ဂျစ်တစ်တစ် လုပ်တတ်တယ်။ ဒီကလေးကို ဖေးမ ပေးမိတော့ ကိုယ့်ကိုပါ အားလုံးက မြှောက်ပေးရကောင်းလားဆိုပြီး အမြင်စောင်းခဲ့ကြတယ်။ အဲဒီကလေးက အခုကမ္ဘောဇ ဘောလုံးအသင်းရဲ့လူငယ်တန်းမှာ ပထမဦးစားပေး ဂိုးဖမ်းသမားတစ်ယောက် ဖြစ်နေပါပြီ။ဘောလုံး ရွှေခေတ်ရောက်ချိန် သူ့စာမျက်နှာတွေ တဖိတ်ဖိတ်တောက်နေတော့ အရင်ကသူ့ကို ပစ်ပယ်ထားတဲ့ ဆရာ၊ ဆရာမတွေက အဲဒါငါ့တပည့်လို့ ဂုဏ်ယူစွာ ပြောနေကြတာကို တွေ့လိုက်ရတယ်။ ဂိုးသမားလေးကတော့ ရှက်လည်းမရှက်ဘူးနော်လို့ ပြောပြတယ်။ လူငယ်လေးရဲ့ စာမျက်နှာထဲကို အတင်းဝင်တိုးနေကြပုံရတယ်။
နယ်မြို့လေးတစ်ခုမှာ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့မိတော့ လတ်တလော ကြားနေရတာတွေက မျော်လင့်ချက်မဲ့နေတဲ့ အသံတွေ များနေတယ်။ ဒီအကြောင်းကို မြို့တော်ကြီးက သူငယ်ချင်းတစ်ယောက်ကို လှမ်းပြောမိတော့ ဟားတိုက်ရယ်ပါတယ်။ ဒီခေတ် ဒီအခါလောက် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတွေ ပေါတာမရှိဘူးတဲ့။ သူပြောတဲ့ အခွင့်အလမ်းနဲ့ အဖွဲ့အစည်းတွေဆိုတာ ခေတ်ပညာတတ် လက်တစ်ဆုပ်စာ လူငယ်တွေ အတွက်ပဲလို့ မြင်မိနေပါတယ်။ ဒါတောင် ဘယ်လောက် အတိုင်းအတာထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ လူငယ်ဆိုတာ ဖန်တီးနိုင်စွမ်းအား ကောင်းသူတွေပါ။ ခန္ဓာဗေဒအရလည်း ကြံ့ခိုင်မှုပိုတယ်။ သူရဲကောင်း စိတ်တွေလည်း ရှိနေတယ်။ ဒါကြောင့် လူငယ်တွေက စာမျက်နှာဖွင့်တဲ့နေရာမှာ အစစအရာရာ အားသာတယ်။ ကိုယ့်မဖွင့်နိုင်တော့တဲ့ မဖွင့်တတ်တော့တဲ့ ဖွင့်ရမှာကြောက်နေတဲ့ စာမျက်နှာ အတွက်တော့ လူငယ်တွေကို ခုတုံးလုပ်တာ၊ လမ်းပိတ်ထားတာမျိုး မလုပ်မိကြစေချင်ပါဘူး။ သူတို့တွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ။
Category:



